သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ဒေါ်စု တွေ့ဆုံ


၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ တခဲနက် မဲအနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကော်မရှင် အဖွဲ့တခုလုံးကို တွေ့ဆုံပြီး ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြား ခဲ့တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကပြောပါတယ်။ နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု ရွေးကာက်ပွဲ ကော်မရှင်ရုံး ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ပြီး ဂုဏ်ပြုစကားပြောခဲ့တာဟာ အပြုသဘောဆောင် တဲ့ တွေ့ဆုံမှုဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရသစ်ဦးဆောင်မယ့် ပါတီတို့ နောင်လာမယ့် ရွေးကောက်ပွဲတွေ အတွက် ပူးပေါင်း လုပ်ဆောင်မှုတွေ ဖော်ဆောင်နိုင်မယ့် ကောင်းမွန်ခြေလှမ်းသစ်တရပ်အဖြစ်လည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့အဖွဲ့တွေက ရှု့မြင်ပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပေးပါမယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၆ရက်နေ့၊ အင်္ဂါနေ့ မနက် ကိုးနာရီမှာ နေပြည်တော် က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို အနိုင်ရပါတီ အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအဝင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့တခုလုံးကို တွေ့ဆုံဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ ဒါဟာဆိုရင် ၂၀၁၅ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးချိန်နောက်ပိုင်း အနိုင်ရပါတီ ဥက္ကဋ္ဌနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ပထမဆုံး အကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဦးဆောင်မှု နဲ့ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ အပေါ် ကျေးဇူးတင်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ရွေးကောက်ပွဲပြီးကတည်းက NLD အနေနဲ့ ကော်မရှင် ဥက္ကဋ္ဌနဲ့ ကော်မရှင် အဖွဲ့ဝင်တွေကို မတွေ့ဆုံရသေးလို့ လာပြီးတော့ဆုံတဲ့သဘောပါပဲ။ စပြီးတော့ တွေ့ခွင့်တောင်းကတည်းက မတွေ့ရသေးလို့ နုတ်ဆက်ချင်လို့ပါ လို့ တွေ့ခွင့်တောင်းပြီးတော့ တွေ့ကြတာပါ။”

ရွေးကောက်ပွဲမကျင်းပမှီနဲ့ ရွေးကောက်ပွဲကျင်းပစဉ် နောက် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အတိုက်အခံနိုင်ငံရေး ပါတီကြီး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား မဲဆန္ဒရှင်စာရင်း ထုတ်ပြန်မှု၊ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု နဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေနဲ့ပတ်သက်လို့ အခြေအတင် အငြင်းပွားစရာတွေ ရှိခဲ့ပေမဲ့လို့ ရွေးကောက်ပွဲကြီး ကျင်းပပြီးနောက်ပိုင်း အနိုင်ရပါတီဘက်က အခုလို ပြည်ထောင်စုရွေးကောက်ပွဲ အဖွဲ့ကို လာရောက်ပြီးတော့ ကျေးဇူးတင် စကားပြောခဲ့တဲ့ အပေါ် ကောင်းမွန်တဲ့ လုပ်ရပ်အဖြစ် တွေ့ဆုံပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးတာဝန်ခံ ဦးမြင့်နိုင်ကလည်း ရှု့မြင်ပါတယ်။

“ရွေးကောက်ပွဲပြီးတော့ ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတ အောင်မြင်စွာ ကျင်းပနိုင်တာကို ကျေးဇူးတင်တဲ့အနေနဲ့ လာပြောတဲ့ သဘောပါ။ အင်မတန်ကောင်းတာပေါ့ဗျာ၊ အင်မတန်ကောင်း တဲ့တွေ့ဆုံခြင်းပါ။ ပါလာတာကတော့ ဦးဝင်းမြင့်ရယ်၊ ဦးဇော်မြင့်မောင်နဲ့ ဦးဖြိုးဇေယျာသော်ရယ် ပါတယ်ခင်ဗျ။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ဦးဇော်မြင့်မောင်နဲ့ ဦးဖြိုးဇေယျာသော်တို့ လာရောက်တွေ့ဆုံခဲ့တာပါ။

အခုလို နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကာက်ပွဲ ကော်မရှင်ရုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ပြီးဂုဏ်ပြုစကားပြောခဲ့တာဟာ အပြု သဘောဆောင်တဲ့ တွေ့ဆုံမှုအဖြစ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့အဖွဲ့တွေက ရှု့မြင်ပါတယ်။

ရွေးကောက် ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရသစ်ဦးဆောင်မယ့် ပါတီတို့ နောင် လာမယ့် ရွေးကောက်ပွဲတွေအတွက် ပူးပေါင်း လုပ်ဆောင် မှုတွေ ဖော်ဆောင်နိုင် မယ့် ကောင်းမွန်ခြေလှမ်းသစ် တရပ်အဖြစ် လည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့တဲ့ ဒါနရှေ့ဆောင်မြန်မာအဖွဲ့ရဲ့ စီမံကိန်းအရာရှိဦးမြတ်မင်းဦး ကလည်း မျှော်လင့်ပါတယ်။

“ကျနော်တို့ကတော့ ဒီအကောင်းဘက်ကပဲ မြင်ချင်တယ်ပေါ့နော်။ ဒီရွေးကောက်ပွဲကြီး ကျင်းပတယ် ဆိုတာကလည်း တနိုင်ငံလုံးအနေအထားနဲ့ ကျင်းပတယ်ဆိုတော့လေ ကျနော်တို့နိုင်ငံအနေနဲ့ ဒီမိုကရေစီလျှောက်လှမ်းနေတဲ့ ကာလကိုလည်း အချိန်ကလည်း နည်းနေသေးတယ်ဆိုတော့ ဘာပဲပြောပြော ကျနော်တို့ ရွေးကောက်ပွဲဖြစ်စဉ်ကိုကြည့်မယ်ဆိုရင် ကျနော်တို့အားနည်းချက်တွေ အများကြီးတွေ့ရတယ်ပေါ့နော်။ အားနည်းချက်တွေအများကြီးတွေ့ရတယ်ဆိုပေမယ့် ကံကောင်းတာက ကျနော်တို့ ရွေးကောက်ပွဲကြီးက အဆင်ပြေပြေ ချောချောမွေ့မွေ့ပြီးသွားတယ်ပေါ့နော်။ အဲဒီပြီးသွားတဲ့အပေါ်မှာ ကျနော်တို့ သင်ခန်းစာယူရမယ့်အပိုင်းတွေအများကြီးရှိတယ်ပေါ့နော်။အဲဒါတွေကို အခု နှစ်ဦးတွေ့တယ် ဆိုတော့ ကျနော်ထင်ပါတယ်၊ ဒီဥစ္စာက အပြုသဘောဆောင်တွေ့တယ်လို့ထင်ပါတယ်။

အဓိက နောင်လာမယ့်ရွေးကောက်ပွဲတွေဆိုရင် ဘယ်ဟာတွေကို ကျနော်တို့က အခြေခံကောင်းတွေ အနေနဲ့ ဆက်သယ်သွားမယ်၊ ဘယ်ဟာတွေကို ကျနော်တို့ ပြင်သင့်တယ် ဆိုတာမျိုးလေးတွေကို တွေ့ဆုံဆွေးနွေးတယ်လို့ ထင်ပါတယ်ခင်ဗျ။ အခုဟာက ကျနော်တို့ ရွေးကောက်ပွဲတနိုင်ငံလုံးအနေအထားနဲ့ အပြီးလုပ်ပြီးသွားပြီဆိုတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကျနော်တို့ သင်ခန်းစာတွေ အများကြီးရှိထားတယ်ဆိုတော့ အဲဒီအမှားတွေကို ကျနော်တို့က ပြင်ဆင်ပြီးတော့ လုပ်သွားမယ်ဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲတွေ လည်း တကယ့်ကို ကောင်းမွန်တဲ့ ရလဒ်တွေထွက်လာမယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း မဲရလဒ်တွေနဲ့ပတ်သက်ပြီး အာဏာရကြံ့ခိုင်ရေးပါတီဘက်က တိုင်ကြားမှုတွေ လုပ်မယ်လို့ ကနဦးမှာ ပြောဆိုခဲ့ပေမဲ့လို့ နောက်ပိုင်းမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တဲ့အမှုတွေတော့ မရှိသလောက်ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG