သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်ဖို့ ဒေါ်စုဆုံးဖြတ်ချက် ဂျာမန်ဝန်ကြီးချုပ် ဝမ်းမြောက်


ဂျာမနီ ဝန်ကြီးချုပ် Angela Merkelနဲ့ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနိုင်ငံ ဘာလင်မှာ တွေ့ဆုံ။ (ဧပြီ ၁၀၊ ၂၀၁၄)
ဂျာမနီ ဝန်ကြီးချုပ် Angela Merkelနဲ့ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနိုင်ငံ ဘာလင်မှာ တွေ့ဆုံ။ (ဧပြီ ၁၀၊ ၂၀၁၄)
မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်သလို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းကျ စုဝေးနေထိုင်လိုတဲ့ ဆန္ဒတွေရှိတာမို့ အချင်းချင်းကြား မတူကွဲပြားမှုတွေကို တနေ့မှာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျာမနီနိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဂျာမနီနိုင်ငံ ကို ၃ ရက်ကြာ ခရီးရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံစဉ် အခုလိုပြောကြား လိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တင်းကြပ်တဲ့ စစ်အုပ်ချုပ်မှုအောက်ကနေ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ကြိုးစားနေတဲ့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေး အားပေးတဲ့ နိုင်ငံတွေ ရဲ့ ထောက်ပံ့ ကူညီမှုရဖို့ ကြိုးစားမယ်လို့ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အခု ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရောက်ရှိနေပြီး ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကြာသပတေးနေ့ဆွေးနွေးပွဲ မစခင် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးချုပ် Merkelက ဒေါ်အောင်ဆန်းစုကြည်ကို ချီးကြူးဂုဏ်ပြုခဲ့ပါတယ်။

"ဒီကနေ့ ကျမတို့ရဲ့ ဧည့်သည်တော် အဖြစ် ရောက်လာတဲ့သူဟာ ကမ္ဘာမှာ တွေ့ဖို့ သိပ်ရှားလှတဲ့ အာဂ အမျိုးသမီးတဦးဖြစ်ပါတယ်။ လွတ်လပ်မှု၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးတွေ အတွက် သတ္တိရှိရှိ ရပ်တည် ရဲသူဖြစ်တဲ့အပြင် သူမရဲ့ ယုံကြည်ချက်နဲ့ အတွေးအခေါ်တွေ အတွက် နောက်မဆုတ်ပဲ၊ နှစ်အတော်ကြာ နေအိမ်အကျယ်ချုပ် အချခံခဲ့ရသူလည်းဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ပြီဖြစ်ပေမယ့် တိုက်ပွဲတွေရှိနေဆဲဖြစ်သလို ဗုဒ္ဓဘာသာနဲ့ မူဆလင် အဓိကရုဏ်းတွေနဲ့ ဆူပူမှုတွေက ရှိနေဆဲပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုမှုတွေနဲ့အတူ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တချို့နဲ့ ပါတ်သက်ပြီး မကြေနပ်မှုတွေ၊ မြေယာသိမ်းမှု ဆိုင်ရာ ပြဿနာတွေလို့ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

" မြန်မာနိုင်ငံ အတွက် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံနေချိန် မျိုးမှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာ အတွက် ကျမ သိပ်ဝမ်းသာပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာမို့ ဒီအချိန်ဟာ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်နဲ့ ကံကြမ္မာ သိပ်ကို အရေးကြီးတယ်လို့ ယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ကိုယ်တိုင်တွေ့ဆုံပြီး ဆွေးနွေးခွင့် ရလို့ ဝမ်းသာတာပါ။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်း တိုးတက်မှုတွေကိုကြည့်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဂျာမနီနိုင်ငံက ဘယ်လို ကူညီပံ့ပိုးနိုင်မယ် ဆိုတာတွေကို ကျမတို့ ဆွေးနွေးဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို အခုပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီဂျာမနီခရီးစဉ် အတွင်း မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒနဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေကို ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

" ဂျာမနီ ဆိုတာက ကျမအတွက်တော့ အောင်မြင်တဲ့ ဖွံ့ဖြိုးမှု အထိမ်းအမှတ် ဖြစ်ရုံတင် မကပါဘူး၊ အောင်မြင်တဲ့ နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးမှုတွေပါ လုပ်နိုင်တဲ့ နေရာပါ။ တကယ်ဆို ကျမတို့ရဲ့ နိုင်ငံက တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ စုဝေးနေထိုင်လိုတဲ့ ဆန္ဒတွေလည်း ရှိနေကြတာမို့လို့ အခုလက်ရှိ တွေ့ကြုံနေရတဲ့ မတူကွဲပြားမှုတွေကို တနေ့မှာ ကျော်လွှားနိုင်စွမ်းရှိကြမယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒါမှ ကျမတို့ နိုင်ငံသားတွေ မျှော်လင့်တောင့်တနေတဲ့ လွတ်လပ်မှုရှိပြီးတော့ လုံခြုံမှုအတွက် အာမခံနိုင်မှာဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီဝန်ကြီးချုပ်နဲ့ မတွေ့ခင် ဂျာမနီသမ္မတ Joachim Gauk နဲ့ပါ သမ္မတ နန်းတော်မှာ တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံကို ကူညီပံ့ပိုးလိုတဲ့ ဆန္ဒရှိတဲ့ ဂျာမနီခေါင်းဆောင်တွေရဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှု အတွက် ဝမ်းမြောက်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

"ဒီကနေ့ ကမ္ဘာကြီးမှာ ကျမတို့ အားလုံး လိုအပ်နေတာလည်း ဒါပါပဲ။ ဒီမိုကရေစီကို ယုံကြည်တဲ့ ကျမတို့ အားလုံးဟာ ဒီမိုကရေစီ တန်ဖိုးဖြစ်တဲ့ အတူတကွ ရပ်တည်မှု၊ နားလည်ရင်းနှီးမှုတွေနဲ့ လျှောက်လှမ်းကြမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ ညီရင်းအစ်ကိုတွေလို ဖြစ်လာကြမယ်လို့ ပြောနိုင်ပါတယ်။"

ဂျာမနီဝန်ကြီးချုပ်Angela Merkelနဲ့ တွေ့ဆုံချိန် ညီရင်းအစ်ကိုတွေလို့ စကားအစား၊ ညီအစ်မအရင်းတွေလိုဆိုတဲ့ စကားက မှန်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဟာသနှောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့မှာ International Willy Brandt ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ ရှိနေစဉ်အတွင်း ဘာလင်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်သလို နောက်တစ်ပတ် တနင်္လာနေ့မှာတော့ ပြင်သစ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG