သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်း စုကြည် ယေးလ်နဲ့ ဟားဗတ်မှာ မိန့်ခွန်းပြော


ဟားဗတ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်
ဟားဗတ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်မှာ ရှိတဲ့ ကမ္ဘာ့အကျော်အမော် တက္ကသိုလ်ကြီးတွေဖြစ်တဲ့ Yale တက္ကသိုလ်ကြီးမှာ မိန့်ခွန်းပြောကြားခဲ့သလို မကြာသေးခင်အချိန်ပိုင်းလေးကပဲ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Harvard တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီ့အထဲက အဓိက ပြောသွားတဲ့အချက်တွေကို ဦးကျော်ဇံသာ ထုတ်နှုတ်ပြောပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကမနက်ပိုင်း Yale တက္ကသိုလ်မှာ ပြောကြားခဲ့တာကတော့ တရားဥပဒေစိုးမိုးရေး အကြောင်းကို အဓိကထားပြောသွားတာဖြစ်ပါတယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်နိုင်ဖို့အတွက် တရားရေးဝန်ထမ်းတွေကို ပညာသင်ကြားပေးရုံ၊ ဘဝဖူလုံအောင် လုပ်ပေးရုံနဲ့ မလုံလောက်ပဲ သူတို့ရဲ့ ခြစားပျက်စီးနေတဲ့ စရိုက်သဘာဝနဲ့ ခံယူချက်သဘောထားတွေကိုပါ ပြောင်းလဲပစ်ဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။ တရားဥပဒေစိုးမိုးရေးကို သတ္တိရှိရှိ စတင်ဆောင်ရွက်ရင်း တရားဥပဒေစိုးမိုးမှု တွင်ကျယ်လာလိမ့်မယ်လို့လည်း သူကပြောကြားသွားပါတယ်။

“ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ ပြန်ကြားရေးဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ ဌာနတွေ အားလုံးတွေက မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး ပြန်လည်ထွန်းကားဖို့ ကျမတို့ရဲ့ ကြိုးပမ်းမှုမှာ ပါဝင်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုပူးပေါင်းပြီး လုပ်ဆောင်နိုင်ကြမယ် ဆိုရင် ကျမတို့ မြန်မာနိုင်ငံအဖို့ ကြီးမားတဲ့ ထိုးဖောက် အောင်မြင်မှုတရပ်ဖြစ်လာပါလိမ့်မယ်။ တရားဥပဒေစိုးမိုးရေးကို ပြန်လည်တည်ဆောက်နိုင်ပြီဆိုတာနဲ့ တပြိုင်နက် ဒီမိုကရေစီဖော်ဆောင်နိုင်ရေး ဖြစ်စဉ်အောင်မြင်ပြီလို့ ကျမတို့ စပြီး ပြောလို့ရပါပြီ။ ဥပဒေတွေ ရေးဆွဲရုံလောက်နဲ့ မလုံလောက်သေးပါဘူး။ မျှတတဲ့ ဥပဒေတွေဖြစ်ဖို့ အကောင်အထည်ဖော်ကျင့်သုံးနိုင်ဖို့လည်း လိုအပ်ပါတယ်။”

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကာစ တရားစီရင်ရေး လွတ်လပ်ရေး အတော်အသင့်ရှိခဲ့ပေမယ့် နောက်ပိုင်း အထူးသဖြင့် စစ်အစိုးရတွေ တက်လာပြီးတဲ့နောက် တရားစီရင်ရေးဟာ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ လက်အောက်ခံဘဝကို လုံးလုံးကျရောက်သွားတဲ့အကြောင်းနဲ့ သူကိုယ်တိုင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းဒဏ်ကို ကြုံတွေ့ခဲ့ရပုံတွေကိုလည်း ဒီပဲရင်းအရေးအခင်း ဂျွန်ယက်တောကိစ္စတို့နဲ့ နမူနာပေးပြီး ရှင်းလင်းသွားခဲ့ပါတယ်။

တခါ တိုင်းရင်းသားဒေသတွေမှာ တရားဥပဒေစိုးမိုးမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြားနေတဲ့အကြောင်း ဒီဒေသထဲမှာ ဖွံ့ဖြိုးပြီး တန်းတူအခွင့်အရေးရဖို့ လိုအပ်တဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

“အဲ့ဒီ့ဝေးလံသီခေါင်တဲ့ဒေသက ကျမတို့ပြည်သူတွေဟာ ပိုဆင်းရဲကြတယ်။ တရားဥပဒေရဲ့ အကာအကွယ်၊ တရားမျတမှုတို့နဲ့ ပိုအလှမ်းဝေးကြရပါတယ်။ အကူအညီတွေကိုလည်း လက်လှမ်းမမှီနိုင်ကြပါဘူး။ ဒါကြောင့် ကျမတို့ရဲ့ တိုင်းရင်းသားတွေဟာ လူများစု ဗမာတွေနဲ့ တန်းတူညီတူ မဖြစ်နိုင်သမျ နိုင်ငံတွင်းမှာ သဟဇာတမဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေး၊ စာနာမှု၊ စီးပွားရေး စသဖြင့် ရင်းနှီးမြုတ်နှံမယ့်သူတွေအနေနဲ့ ဗမာတွေနေတဲ့ တိုင်းပြည်အလယ်မှာချည်းပဲ မမြုတ်နှံပဲ တိုင်းရင်းသားဒေသတွေမှာပါ ဦးစားပေး လုပ်ကိုင်ကြဖို့ ကျမအမြဲပြောနေပါတယ်။ တိုင်းရင်းသားတွေကို လူတွေကျယ်ကျယ်ပြန့်ပြန့် သိရှိလာတာနဲ့အမျှ သူတို့ဆီမှာ ဥပဒေမဲ့လုပ်ရပ်တွေ လျော့နည်းလာမှာဖြစ်ပါတယ်။”

ဒါကတော့ ယေးလ်တက္ကသိုလ်မှာ ပြောကြားခဲ့တာပါ။ ညနေမှာ ငါးနာရီခွဲမှာ ပြုလုပ်တဲ့ ဟားဗတ်တက္ကသိုလ် kennedy school of government မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ လွတ်လပ်တဲ့နိုင်ငံက နိုင်ငံသားတွေလို မြန်မာပြည်သူတွေလည်း အလားတူ ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရေး အရေးကြီးပုံကို အခုလိုပြောကြားသွားခဲ့ပါတယ်။

မြန်မာပြည်သူတွေဟာ ကြောက်လန့်နေဆဲ၊ တာဝန်သိပြည်သူတွေဖြစ်အောင် လုပ်နိုင်ဖို့အတွက် ကိုယ့်ရွေးချယ်မှုကို ကိုယ်တာဝန်ခံပြီး လုပ်နိုင်အောင် လုပ်ပေးရမယ်လို့ သူကဆိုပါတယ်။ ကျောင်းသားတွေနဲ့ အမေးအဖြေလုပ်တဲ့ကိစ္စ မှာတော့ ရခိုင်ကိစ္စမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မရှုံ့ချတာနဲ့ ပတ်သက်ပြီးတော့ ကျောင်းသား တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ဆွေးနွေးပါတယ်။ ဒီအမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။

“ ကျမဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်နေရာမှာဖြစ်ဖြစ် ရှုံ့ချပါတယ်။ အခုကိစ္စဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နှစ်ဘက်စလုံးမှာရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ တဖက် ဖက်ကိုသာ ရှုံ့ချလို့မရပါဘူး။ အခုအခါ အစိုးရကလည်း စုံစမ်းရေးကော်မရှင် ဖွဲ့ပေးထားပါတယ်။ သူတို့ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပေးသင့်ပါတယ်။ လူတချို့ဟာ ဒီအခြေအနေက နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းကြပါတယ်။ ကျမ ဒါမျိုး မလုပ်ပါဘူး။ ဒီကိစ္စမှာ ဘက်မလိုက်လို့ ကျမကို ဝေဖန်ရှုံ့ချမယ်ဆိုရင်လည်း ကျမ ခံယူဖို့အဆင်သင့်ပါပဲ။”

အဲ့တာကတော့ ယေးလ်နဲ့ ဟားဗတ်တက္ကသိုလ်တို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ပြန်လည်ဖြေကြားခဲ့တဲ့ ဖြေကြားချက်တချို့ပဲဖြစ်ပါတယ်။
XS
SM
MD
LG