သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်းမှန်ကန်ရေး ပညာပေးမှု ဒေါ်စု ပြုလုပ်


Le pape François salue la foule lors de son message "Urbi et Orbi" (pour la ville et le monde) au Vatican, le 16 avril 2017.
Le pape François salue la foule lors de son message "Urbi et Orbi" (pour la ville et le monde) au Vatican, le 16 avril 2017.

မဲဆန္ဒရှင်စာရင်းမှန်ကန်မှုရှိစေရေးနဲ့ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးကြစေဖို့အတွက် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေပြည်တော်မှာ တအိမ်တက်ဆင်း မဲစာရင်းဆိုင်ရာ ပညာပေးမှုတွေလုပ်နေပါတယ်။ အလားတူ မဲဆန္ဒရှင်ပြည်သူတွေဘက်ကလည်း မဲစာရင်းအမှန် ထွက်ပေါ်လာနိုင်ရေး ပူးပေါင်းပါဝင်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဆော်သြလိုက်ပါတယ်။ အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပနိုင်ခြေရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီး နောက်မှာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်းတွေကို ကြိုတင်ကြေညာ ထုတ်ပြန်နေပြီဖြစ်ပါတယ်။ ဒီလိုမျိုး ထုတ်ပြန်ကြေညာချိန် စာရင်းထဲမှာ အချက်အလက်လွဲမှားမှုတွေ၊ မဲစာရင်းမှာ အမည်မပါဝင်မှုတွေနဲ့အတူ မှားယွင်းမှုတွေရှိနေတဲ့အတွက် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေး ပြည်သူတွေ ဆန္ဒမဲပေးပိုင်ခွင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းတွေကို စိစစ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မှာလည်း လွှတ်တော်နားချိန် နေပြည်တော် ပုဗ္ပသီရိမြို့နယ်တွင်းက ပြည်သူတွေကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် မဲစာရင်းမှန်ကန်ရေး ပညာပေးဆောင်ရွက်မှုတွေ လုပ်နေပါတယ်လို့ NLD ဗဟို မဲစာရင်းပြုစုရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“မဲစာရင်းစိစစ်ရေးကို ကျနော်တို့က လုပ်နေတယ်။ ကျနော်တို့ဥက္ကဋ္ဌကဆင်းပြီးတော့ သူတို့က မဲစာရင်းစိစစ်ရေးကို သူ လုပ်ပြပေးနေတာပေါ့လေ။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေအားလုံးကတော့ မဲစာရင်းစိစစ်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်မယ်ဆိုပြီးတော့ ဗဟို ကော်မတီ အစည်းအဝေးကလည်း ဆုံးဖြတ်ထားတာတွေ ရှိပါတယ်ခင်ဗျာ။ အဲဒီတော့ အဖွဲ့ချုပ်ရဲ့မူကိုလိုက်နာပြီးတော့ အန်တီ ဒေါ်အောင်ဆန်းစုကြည် ကလည်း မဲစာရင်းစိစစ်ရေးမှာ Door to Door ဆင်းရတာပေါ့နော်။ မဲစာရင်းစိစစ်တယ်ဆိုတာ။ ဥပမာ ကျနော်က ကျနော့်သမီး၊ သားသမီးတွေ ပြောလို့ရှိရင်တောင် သူတို့မှတ်ပုံတင်တွေကိုကျနော်က အလွတ် မှတ်မိတာ မဟုတ်ပါဘူး။ သူတို့ကို သေချာမေးရတာပါ။ ကျနော်တို့ Door to Door ဆင်းရတယ်ဆိုတာကလည်း အဲဒီသဘောပါပဲ။ သူတို့သေချာမေးလိုက်မှ ဘယ်နေရာမှားနေတယ်၊ ဘယ်ဥစ္စာမှားနေတယ်ဆိုတာ သိတာပါ။ မဲစာရင်းက မှားနေတာတော့ သေချာတယ်လေ။ မှားနေတာသေချာတော့ မဲစာရင်းမှာ ပြင်ဆင်တဲ့နည်းတွေ ရှိပါတယ်။ မဲစာရင်းပြင်ဆင်တဲ့နည်းတွေကို ကျနော်တို့ဆင်းပြီးတော့ လုပ်ပေးနေတာပါခင်ဗျာ။”

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က တိုင်းဒေသကြီး အလိုက် ရပ်ကွက်မြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ကော်မရှင်ရုံးခွဲတွေမှာ ကြိုတင်ကြေညာ ထုတ်ပြန်နေချိန်လည်း ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူ လူထုအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း မဲပေးခွင့်၊ အိမ်ထောင်စုစာရင်းအတိုင်း မဲဆန္ဒရှင်တွေရဲ့စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က စိစစ်ပြီးထုတ်ပြန်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

ဒီလိုထုတ်ပြန်နေတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေဘက်က ကြိုတင်ထုတ်ပြန်ထားတဲ့ စာရင်းတွေကို သေချာကြည့်ရှုစစ်ဆေးပြီး မှားယွင်းလွဲချော်မှုတွေ တွေ့တဲ့အခါ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို အသိပေးခြင်းအားဖြင့် မဲဆန္ဒရှင်စာရင်း တရားဝင်ထုတ်ပြန်တဲ့အခါ အမှားအယွင်း နည်းနိုင်မှာဖြစ်တယ်လို့လည်း နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ မဲစာရင်းပြုစုရေးတာဝန်ခံ ဦးဝင်းကြည်က ပြောပါတယ်။

“အားလုံးဖိတ်ခေါ်ထားတာပဲနော်၊ မှားလို့ရှိရင်ပြင်ပါ။ မပါတဲ့ ပုံစံသုံးပြီးတော့ လျှောက်ပါလို့ အကုန်လုံး ဖိတ်ခေါ်ထားတာပဲ။ သွားကြည့်ပါ။ မပါလို့ရှိရင် လျှောက်ပါ။ မှားရင် ပြင်ဖို့လျှောက်ပါ၊ ကိုယ့်အိမ်ထောင်စုထဲမှာ သေတဲ့လူတွေပါနေရင် ကိုယ်ကပဲ ပြန်ပြီး ပြင်ပေးပါ-နော်၊ သေတဲ့လူတွေပါတယ်ဆိုတာ မဲစာရင်းရိုက်တဲ့လူတွေကလည်း အလကားနဲ့ ရိုက်လို့မရပါဘူး။ အိမ်ထောင်စုစာရင်းမှာ ကိုယ့်မိသားစုထဲက တယောက်ယောက်သေလို့ရှိရင် အိမ်ထောင်စု စာရင်းမှာသွားပြီး၊ လဝကရုံးမှာ သေစာရင်းပြပြီး ဖျက်ရပါတယ်။ ဆိုချင်တာကတော့ အခု မဲစာရင်းတွေစပြီးကပ်ပြီ။ အားလုံး စတုတ္ထအသုတ်နဲ့ ပြီးတော့ မယ်။ သွားကြည့်ပါ။ ကြည့်ပြီးတော့ မပါလို့ရှိရင်လုပ်ပါ။ တကယ်လို့ အချိန်ကျော်သွားရင်လည်း အခု ပြန်ပြီးတော့ လက်ခံပေးဖို့ အားလုံး ပြောထားတယ်။ အချိန် - ကိုယ့်ရပ်ကွက်က ကပ်ပြီးသွားပြီ။ ပြီးသွားပေမယ့်လို့ အခုမှ ကြည့်ပြီးတော့ လုပ်ချင်တယ်ဆိုရင်လည်း လုပ်လို့ရသေးတယ်။ သွားပြီးတော့ ပြင်ပါ။ ရွေးကောက်ပွဲရက် ကြေညာပြီးလို့ရှိရင်တခါ တလ နှစ်လနေရင် မဲစာရင်းဖိုင်နယ် ကပ်အုံးမယ်။ အခုမှားတာတွေကို ပြင်ပြီးတဲ့အခါကျတော့ တခါကပ်အုံး မယ်။ အဲဒီအခါကျလို့ရှိရင်လည်း ၁၄ ရက် အချိန်ပေးအုံးမယ်။ အဲဒီကျရင် အခု မကြည့်ဖြစ်ရင်လည်း အဲဒီမှာသွား ကြည့်၊ အဲဒီမှာသွားကြည့်ပြီးတော့ မဲစာရင်းထဲမှာ ကိုယ့်နာမည်မပါရင် ပါအောင်လုပ်။ ပါပြီဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲ ၂၅ ရက်ဆို- ဒိလိုနေ့မှာ မဲစာရင်းကပ်မယ်။ ကပ်လို့ကိုယ့်နာမည်ပါရင် ပေးလို့ရပီ။ အဲဒီအချိန်ကျမှ မပါရင်တော့ ဘာမှ လုပ်လို့မရတော့ဘူး။ ဘယ်သူမှ မတတ်နိုင်တော့ဘူး။”

အခုလို ရွေးကောက်ပွဲကော်မရှင်ဘက်က မဲဆန္ဒရှင်စာရင်းတွေကို ကြိုတင်ထုတ်ပြန်ပေးနေချိန်မှာ တိကျမှန်ကန်မှုရှိမရှိဆိုတာကို ပြည်သူတွေဘက်က စိတ်ပါဝင်စားမှု အပြည့်နဲ့ နိုင်ငံ့အပြောင်းအလဲလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်မဲဆန္ဒပေးခွင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် အထူးအလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့လည်း ဦးထွန်းထွန်းဟိန်က တိုက်တွန်းပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို မတ်လကုန် ဧပြီလဆန်းတုန်းက ရန်ကုန်တိုင်း (၁၀) မြို့နယ်မှာ စတင် ကြေညာခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ မေလ ၂၅ ရက်နေ့မှာ ရန်ကုန်တိုင်း မြို့နယ် (၁၄) မြို့နယ်နဲ့ နေပြည်တော် (၈) မြို့နယ်မှာ ကြေညာနေတာပါ။ တတိယအကြိမ်မဲစာရင်းကိုတော့ ဇွန်လ (၈) ရက်မှာကြေညာခဲ့ပြီး စတုတ္ထအကြိမ်မဲစာရင်းကိုတော့ ဇွန်လ(၂၃) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးနောက်ပိုင်းမြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက် ရွေးကောက်ပွဲတွေ ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်လို့ လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်သာမက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ သတင်း မီဒီယာတွေနဲ့အတူ ပြည်သူတွေဘက်က ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းနေချိန်လည်းဖြစ်ပါတယ်။

XS
SM
MD
LG