သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားတိုင်း လုံခြုံမှုရဖို့ ဒေါ်စုလိုလား


ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ဒေသခံပြည်သူများ တွေ့ဆုံ။ သတင်းဓာတ်ပုံ- ခရီးစဉ်မှာ လိုက်ပါသတင်းယူသူ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုစည်သူ။ (အောက်တိုဘာ ၁၈၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ဒေသခံပြည်သူများ တွေ့ဆုံ။ သတင်းဓာတ်ပုံ- ခရီးစဉ်မှာ လိုက်ပါသတင်းယူသူ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုစည်သူ။ (အောက်တိုဘာ ၁၈၊ ၂၀၁၅)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးရက်ကြာ ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ အများစိုးရိမ်နေကြ သလို ပြဿနာတစုံတရာဖြစ်ပွားတာမျိုးမရှိဘဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အသိုင်းအဝိုင်းနှစ်ဘက်ကြားပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းခဲ့သလို နိုင်ငံတွင်းမှီတင်းနေထိုင်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လုံခြုံမှုရှိစေရေးဟာ သိပ်ကို အရေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလေးပေးပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မတိုင်ခင်မှာ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးအရစိုးရိမ်မှုတွေ၊ ဒေသခံတွေက ဆန့်ကျင် ကန့်ကွက် ဆန္ဒပြကြမယ်ဆိုတဲ့ အသံတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုသုံးရက်ကြာခရီးစဉ်အတွင်း ရခိုင်ဒေသခံပြည်သူတွေသိန်းနဲ့ချီပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုအားပေးခဲ့တာကို တွေ့ခဲ့ကြရပါတယ်။

ခရီးစဉ် စတင်ခဲ့တဲ့ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကုတ်မြို့က ရခိုင်ပြည်သူတွေနဲ့တွေ့ဆုံ ပြီး လူမျိုးရေး၊ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိူးဖောက်ရာရောက်ကြောင်းပြောကြားခဲ့ပါတယ်။ စနေနေ့မှာတော့ သံတွဲမြို့မှာ လူထု ဟောပြောဘွဲကျင်းပခဲ့ပြီး ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ နိုင်ငံသားတိုင်းစိတ်အေးအေးချမ်းချမ်းနေနိုင်ရေး၊ လုံခြုံမှုရှိရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့ပါတယ်။

“ကျမတို့နိုင်ငံမှာ မှီတင်းနေထိုင်တဲ့ ပုဂ္ဂိုလ်တွေအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လုံလုံခြုံခြုံနဲ့ နေထိုင်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီလို လုံလုံခြုံခြုံနဲ့ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှုရှိမှ ဒီနိုင်ငံဟာ အေးချမ်းနိုင်မှာပါ။”

တနင်္ဂနွေနေ့က ဂွမြို့ စည်းရုံးဟောပြောပွဲမှာတော့ နိုင်ငံသားအားလုံးညီညွတ်နေထိုင်ရေးအရေးကြီးကြောင်း အထူးအလေးပေး ပြောကြား ခဲ့သလို အရင် မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာလိုပဲ ရွေးကောက်ပွဲမှာ ပြည်သူတွေစိတ်ချရတဲ့ ပါတီအနိုင်ရဖို့ လူကိုမကြည့်ဘဲ ပါတီကိုပဲ ကြည့်ပြီးမဲထည့်ဖို့အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

ဒါ့အပြင် အမုန်းတရားနဲ့ကြောက်ရွံ့မှုဟာ မြန်မာနိုင်ငံအတွက် အကျိုးမရှိဘူးလို့ ပြောကြားခဲ့ပြီး မဲထည့်ရာမှာလည်း တိုင်းရင်းသားဒေသခံတွေ အနေနဲ့ ခြိမ်းခြောက်တိုင်းမကြောက်ကြဖို့ အခုလိုပြောပါတယ်။

“ခြောက်တိုင်းလည်း မကြောက်ပါနဲ့ဆိုတာတော့ အားလုံးနားလည်ပါတယ်နော်၊ အထူးသဖြင့် ဒီတခါမှာ ရွေးကောက်ပွဲမတိုင်မီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးချင်လို့ နည်းအမျိုးမျိုးနဲ့ခြောက်နေတိုင်းလည်း မကြောက်ပါနဲ့လို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်မှာ လုံခြုံရေးအတွက် NLD လူငယ်အဖွဲ့ဝင် (၇ဝဝ) ကျော်လောက် တာဝန်ယူဆောင်ရွက်ခဲ့ကြတယ်လို့ NLD သံတွဲခရိုင် ဥက္ကဋ္ဌက ဗွီအိုအေကိုပြောပါတယ်။

တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်ခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းက ငသိုင်းချောင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့တွေမှာ လူထုနဲ့တွေ့ဆုံဟောပြောခဲ့ပြီးနောက် ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

XS
SM
MD
LG