သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကရော၊ မြန်မာငြိမ်းချမ်းရေးစင်တာကပါ အတည်ပြု ပြောဆိုပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ စစ်ဘက် ထိပ်တန်းခေါင်းဆောင် တဦးလည်း မိန့်ခွန်းပြောမယ့် ဒီညီလာခံဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲ တွေအတွက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ညီလာခံလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထား တဲ့ နန်းလောဝ်က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့မှာကျင်းပမယ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက VOA ကို အတည်ပြုပြောဆိုပါတယ်။

“အဲဒီ သတင်း ဟုတ်တယ်လေ။ မှန်တယ်ပေါ့။ အဲဒါပဲပြောနိုင်တယ်။ ၁၀ မိနစ်ပါ။ ကျွန်တော်တို့က အဲဒီ ညီလာခံ အတွက် နေပြည်တော် ရောက်နေတာလေ။ ကျွန်တော်သိတာကတော့ အဲဒီ မိန့်ခွန်းပြောတဲ့အထဲမှာ သမ္မတ ပါမယ်၊ လွှတ်တော်ဥက္ကဌတွေ ပါမယ်။ ကျွန်တော် တိတိကျကျ မဟုတ်ဘူးနော်။ ကျွန်တော် ကြားတာကို ပြောနေတာ။”

ငြိမ်းချမ်းရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမယ့် ကိစ္စနဲ့ပတ်သက်လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC ကအကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို VOA ကမေးမြန်းတာမှာ သူက အခုလို ပြောပါတယ်။

“နိုင်ငံရေးပါတီများ ဖိတ်ကြားတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ဖို့ရှိတယ်။ ပြီးရင်တော့ တိုင်းရင်းသားတွေ ဘက်ကလည်း ဘယ်သူပြီး ဘယ်သူဆိုတာ ပြောနိုင်ဖို့ ပြင်ဆင်နေတာတွေ ရှိတော့ သူတို့အနေနဲ့ ကြိုဆို နှုတ်ခွန်းဆက်စကားကို လာပြောပေးဖို့ ဆိုပြီးတော့ အစည်းအဝေးတွေမှာ ဆွေးနွေးတာ ရှိပါတယ်။ အဲဒီတော့ ဒီဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကြီးတဲ့၊ နိုင်ငံရေးကဏ္ဍက အရေးကြီးတဲ့သူတွေအားလုံး လာပြောတယ်ဆိုတာကတော့ သူတို့ရဲ့ သဘောထားတွေနဲ့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ရှေ့ကိုဆက်ပြီးတော့ သွားနိုင်ဖို့တော့ ပိုပြီးတော့ သဘာဝလည်း ကျတယ်ပေါ့လေ၊ အဓိပ္ပါယ် လည်းရှိတယ်၊ အကျိုးလည်းရှိတယ်လို့တော့ မြင်တယ်ဗျ။”

ညီလာခံတက်ရောက်ဖို့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားခြင်းမရှိသေးတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိတ်ကြားခဲ့ရာမှာ အဖွဲ့သုံးဖွဲအကြောင်းပြန်ကြားခဲ့ပြီး ဒီထဲမှာ နာဂ အဖွဲ့ကတော့ တက်ရောက်မယ်လို့အကြောင်းပြန်သလို SSPP ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ကတော့မအားလပ်တာကြောင့်မတက်ရောက်နိုင်ကြောင်းန ဲ့KIO တပ်ဖွဲ့တို့ကတော့NCAလက်မှတ်မရေးထိုးရသေးတဲ့အတွက်တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်တဲ့အကြောင်း ဦးလှမောင်ရွှေက VOA ကို ပြောပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား လတ်တလော တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်၊ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီညီလာခံကို ဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်တွေတက်ရောက်ကြမှာဖြစ်သလို ကုလသမဂ္ဂဘက်ကတော့ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေးနမ်ဘီးယားတက်ရောက်မှာဖြစ်ပါတယ်။ ဒီပွဲကို ဆွေးနွေးဖက်တွေအဖြစ် ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ကိုမြအေးတို့ကိုလည်းဖိတ်ကြားခဲ့ တယ်လို့ဆိုပါတယ်။

ညီလာခံအဖွင့်မိန့်ခွန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားမှာဖြစ်သလို ကာကွယ်ရေးဦးစီးချုပ်သို့်မဟုတ် တပ်မတေ်ာဘက်က ကိုယ်စားလှယ်တယောက်ယောက်ကတက်ရောက်မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

XS
SM
MD
LG