သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် Hawaii ကို ရောက်ရှိ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်နဲ့ တောင်ကိုရီးယားခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ်။ (ဇန်နဝါရီ ၂၄၊ ၂၀၁၃)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်နဲ့ တောင်ကိုရီးယားခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ်။ (ဇန်နဝါရီ ၂၄၊ ၂၀၁၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Hawaii ပြည်နယ်မှာ ကျင်းပတဲ့ Rotary ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် ကြာသပတေးနေ့က Hawaii ပြည်နယ် Honolulu မြို့တော်ကို ရောက်ရှိလာပါတယ်။ အဲ့ဒီမှာ သတင်းယူဖို့အတွက် VOA ဝိုင်းတော်သား ကိုသိန်းထိုက်ဦး လည်း ရောက်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အစီအစဉ်တွေကို သိရဖို့ မစုမြတ်မွန်က ကိုသိန်းထိုက်ဦးကို ဆက်သွယ်မေးထားပါတယ်။

မစုမြတ်မွန်- ကိုသိန်းထိုက်ဦးရေ၊ သိထားတဲ့ အစီအစဉ်အတိုင်းဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ Hawaii ကို ရောက်လာဖို့ ရှိတယ်လို့ သိရပါတယ်။ အခု ကိုသိန်းထိုက်ဦးလည်း Honolulu မှာ ရောက်နေတယ်ဆိုတော့ နောက်ဆုံး သူ့ရဲ့ခရီးစဉ်အခြေအနေ သိထားသမျ ပြောပြပေးပါရှင့်။

ကိုသိန်းထိုက်ဦး- ဟုတ်ကဲ့။ ဒီခရီးစဉ်ကို စီစဉ်သူတွေရဲ့ အပြောအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ Honolulu စံတော်ချိန် မနက်ပိုင်းမှာ ရောက်လာမှာပါခင်ဗျ။ ဒါပေမဲ့ သူ့ရဲ့ လုံခြုံရေးအရ ဘယ်လေယာဉ်နဲ့ ဘယ်အချိန်မှာ ရောက်မယ်ဆိုတာမျိုးကို ကြိုပြီးတော့ ကြေညာတာမျိုးတော့ မရှိပါဘူး။ နောက်ပြီးတော့ လေဆိပ်မှာလည်း တခြားနေရာတွေမှာလို ဒေါ်အောင်ဆန်းစုကြည်ကို လူတွေ အုံနဲ့ကျင်းနဲ့ ကြိုဆိုတာမျိုးတွေတော့ မတွေ့ရပါဘူးခင်ဗျ။ ဒါပေမဲ့ ပွဲစီစဉ်သူတွေကတော့ ဒီနေ့မနက် ရောက်မှာ သေချာတယ်။ မနက်ဖြန်မှာလည်း သူ အစီအစဉ်တွေ စပြီး စီစဉ်မှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ရောက်ပြီလို့ပဲ သိရပါတယ်ခင်ဗျ။

မစုမြတ်မွန်- ဟုတ်ကဲ့ပါရှင့်။ အဲ့တော့ ကိုသိန်းထိုက်ဦးပြောသလို၊ သူ့ရဲ့ အစီအစဉ်တွေရှိတယ်ဆိုတော့ ဘာအစီအစဉ်တွေ ရှိတာပါလဲရှင့်။

ကိုသိန်းထိုက်ဦး- ဟုတ်ကဲ့။ မနက်ဖြန်မှာတော့ သူက ဟာဝိုင်အီပြည်နယ် လွှတ်တော်ကို သွားပြီးတော့ လေ့လာမယ်။ နောက်ပြီးတော့ East- West Center ပေါ့နော်၊ အာရှပစိဖိတ်ဒေသနဲ့ အနောက်နိုင်ငံတွေကြားမှာ ပိုပြီးတော့ နီးစပ်ဖို့၊ ပိုပြီးတော့ နားလည်မှုရှိဖို့နဲ့ သုတေသနလုပ်နေတဲ့ အဖွဲ့အစည်းတခုကို သွားပြီး အဲ့ဒီ့က ခေါင်းဆောင်တွေကို သွားပြီးတော့ တွေ့ပါမယ်ခင်ဗျ။ Asia-Pacific Center for Security Studies ဆိုတာကို သွားပြီးတော့ လေ့လာဖို့ရှိသလို၊ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံ အသင်းက မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်ခင်ဗျ။
မစုမြတ်မွန်- ဒေါ်အောင်ဆန်းစုကြည် အဓိက သူ Hawaii ကို လာရတာက သူငြိမ်းချမ်းရေးဆု လက်ခံဖို့အတွက်နဲ့ နောက်ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့ လာတာဆိုတော့ အဲ့ဒီ့ဆုပေးပွဲကရော ဘယ်တော့ပါလဲရှင့်။

ကိုသိန်းထိုက်ဦး- ဟုတ်ကဲ့။ ဒီငြိမ်းချမ်းရေး ညီလာခံကတော့ တကယ်တမ်းကျတော့ ဇန်နဝါရီ ၂၅ရက်နေ့ကနေ ၂၇ရက်နေ့အထိ ကျင်းပနေတာပါခင်ဗျ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၆ရက်နေ့ ညနေ မှာ Rotary နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့ ညီလာခံမှာ သူ အထူးဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားပြီးတော့ Hawaii ငြိမ်းချမ်းရေးဆုကို သူလက်ခံယူမှာပါ ခင်ဗျ။ သူ့ရဲ့ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေအတွက် ဒီဆုကို ရွေးချယ်ချီးမြှင့်တာလို့လည်း သိရပါတယ် ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၆ ရက်နေ့မှာ Hawaii အုပ်ချုပ်ရေးမှူးနဲ့ နေ့လည်စာ စားဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်ခင်ဗျ။ ညနေပိုင်းမှာ ငြိမ်းချမ်းရေး ညီလာခံမှာ ဆုပေးပွဲအခမ်းအနား တက်ရောက်ပြီးလို့ရှိရင် ၂၇ ရက်နေ့မှာတော့ Honolulu ကနေ တောင်ကိုရီးယားနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်ခင်ဗျ။

မစုမြတ်မွန်- ဟုတ်ကဲ့။ ကိုသိန်းထိုက်ဦး၊ အခုနောက်ဆုံးမေးချင်တာကတော့ Hawaii မှာ ဒေါ်အောင်ဆန်းစုကြည် လာမယ့်အတွက်ပေါ့လေ။ အဲ့ဒီ့မှာရှိနေတဲ့ ဒေသခံတွေရဲ့ စိတ်လှုပ်ရှားမှု၊ သူလာမယ့်ခရီးစဉ်ကို ဘယ်လောက်ကြိုဆိုနေကြတယ်။ ဘယ်လောက်အထိ လူတွေ စိတ်ဝင်စားမှုရှိကြတယ်လို့ရော ပြောလို့ရပါလားရှင့်။

ကိုသိန်းထိုက်ဦး- မြန်မာနိုင်ငံသားတွေကို သူ့ကို ကြိုဆိုဖို့ တော်တော်လေး ပြင်ဆင်နေကြ တာ တွေ့ရပါတယ်ခင်ဗျ။ ဒါပေမဲ့လည်း သူ့ရဲ့လုံခြုံရေးအရ ဒီခရီးစဉ်မှာ တော်တော်များများ ကို တွေ့ဆုံပွဲတွေက သီးသန့်သဘောဆောင်နေတာတော့ တွေ့ရပါတယ်ခင်ဗျ။ သတင်းဌာနတွေကို တချို့နေရာမှာဆိုလို့ရှိရင် ဝင်ပြီးတော့ သတင်းယူခွင့်မပေးပါဘူး။

မစုမြတ်မွန်- ဟုတ်ပြီ။ ကိုသိန်းထိုက်ဦးရေ၊ နောက်နေ့တွေလည်း သိသမျ သတင်းတွေ ထပ်ပြီးတော့ ပြောပြပေးပါဦးရှင့်။
XS
SM
MD
LG