သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုလိုလားရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်


ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အမေရိကန်ခရီးစဉ်နှင့် ပတ်သတ်ပြီး သတင်းစာရှင်းလင်းပြုလုပ်စဉ်။
ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အမေရိကန်ခရီးစဉ်နှင့် ပတ်သတ်ပြီး သတင်းစာရှင်းလင်းပြုလုပ်စဉ်။
ပြည်သူလူထု လိုလားရင် သူ့အနေနဲ့ သမ္မတ တာဝန်ကိုလည်း ယူနိုင်တယ် လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။ မကြာသေးခင်က အမေရိကန် ပြည်ထောင်စု ၁၇ ရက်ကြာ ခရီးစဉ် ကနေ ပြန်လည် ရောက်ရှိ လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ ခရီးစဉ် နဲ့ ပတ်သက်လို့ ပထမဆုံး
အကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောသွားတာပါ။ ဒီကနေ့ မနက်ပိုင်းက
ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘယ် အကြောင်းအရာတွေကို အဓိက ရှင်းလင်း ပြောကြားခဲ့သလဲ ဆိုတာကိုတော့ မခင်ဖြူထွေးက ပြောပြပေးထားပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ကနေ အောက်တိုဘာလ ၃ ရက်နေ့အထိ ၁၇ ရက်ကြာ
သွားရောက်ခဲ့တဲ့ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ ၄၅ မိနစ်လောက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်ရုံး မှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့တာပါ။ သူ အမေရိကန်ပြည်ထောင်စုကို ဘာကြောင့် သွားခဲ့တယ် ဘယ်သူတွေနဲ့ တွေ့ခဲ့တယ် ဆိုတာကစလို့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထားတွေ အပါအဝင် အကြောင်းအရာ အတော်များများနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ပြည်သူလူထု လိုလားရင် သမ္မတ တာဝန်ယူဖို့လည်း ဝန်မလေးတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

“ကျမ ပြောတယ်၊ ကျမက နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင်ပဲ လို့။ နိုင်ငံရေးပါတီတခု ခေါင်းဆောင်နေမှတော့ သမ္မတ လည်း လုပ်ရဲတဲ့ သတ္တိ ရှိရမယ်။ အဲဒီတော့ ပြည်သူလူထု လိုလားရင် လုပ်မှာပဲ။ အဲဒီတော့ ဒါနဲ့ ပတ်သက်ပြီးတော့
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ဆိုတာတော့ ဒါကတော့ လွှတ်တော် ကနေ ပြင်ရမှာပေါ့။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကျမတို့ လုပ်သွားမယ် ဆိုတာဟာ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ကတည်းက ကျမတို့ မူတခုအနေနဲ့ ချထားပြီးသားပါ။ အဲဒီတော့ ဒီဟာ ပြင်ဆင်ရေးကိုတော့ ကျမတို့ တစိုက်မတ်မတ် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျမ သမ္မတဖြစ်ရေး ကိစ္စ တခုတည်းကို မဟုတ်ပါဘူး။ တခြားဟာတွေလည်း ပြင်စရာတွေ လိုပါတယ်။”

ဒါနဲ့ ပတ်သက်ပြီးတော့ပဲ သမ္မတ ဦးသိန်းစိန်ကလည်း ပြီးခဲ့တဲ့လ သူ့ရဲ့
အမေရိကန် ခရီးစဉ်အတွင်း - ပြည်သူလူထု ထောက်ခံမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမယ်ဆိုရင် သူ အနေနဲ့ လက်မခံနိုင်စရာ မရှိဘူး၊ လူထုရဲ့ သဘောထားဆန္ဒသာ အဓိက ဖြစ်တယ်လို့ ဆိုပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းက BBC သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းစဉ်မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံ ဥပဒေ ဥပဒေအရ ဆိုတော့ မိသားစုဝင်တွေထဲမှာ နိုင်ငံခြားသားတိုင်းပြည်တခုရဲ့ နိုင်ငံသား ခံယူထားသူတွေ ရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ အဖြစ် အရွေးခံခွင့် မရဘဲ ဖြစ်နေတာပါ။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ခါစ အခြေအနေမှာပဲ ရှိသေးတယ်ဆိုတာကို သတိမူဖို့ ကိုလည်း ဒီသတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး ပြောသွား ခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့ စနစ်ဟာ ဒီမိုကရေစီ စနစ်လို့ ပြောလို့မရသေးပါဘူး။ ကျမတို့ရဲ့ အခုလက်ရှိ အခြေအနေဟာ ဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့ အခြေအနေ ရောက်နေတယ်ဆိုတာကို ရှင်းပြဖို့ ကျမသွားတာပါ။ ဒီတော့ ကျမတို့ အခု ဒီမိုကရေစီ လမ်းစကို ရောက်တယ် ဆိုတာဟာ ကျမ ခဏခဏ ပြောပါတယ်၊ ဒါ ဖြူးဖြောင့်နေတဲ့ လမ်း မဟုတ်ပါဘူး။ ကျမတို့ ကိုယ်တိုင် ဆောက်ယူရမယ့်လမ်းပါ။ ကျမတို့ ကိုယ်တိုင် ဆိုတာ ဘယ်သူတွေလဲ ဆိုတော့ အဓိက ကတော့ ပြည်သူလူထုပါ။ ပြည်သူလူထုနဲ့ ကျမတို့ အမြဲပဲ လက်တွဲပြီးတော့ လုပ်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေက ဆောက်တည်ရမယ့်လမ်း ဖြစ်ပါတယ်။

ဒီတော့ အစိုးရကရောလို့ တချို့ မေးလိမ့်မယ်။ အစိုးရက ပြည်သူလူထုရဲ့ အင်အားအရ လိုက်လုပ်ရမှာ။ ဒါမှလည်း ဒီမိုကရေစီကျမှာ။ ဒါကို ကျမတို့ ဆောက်တဲ့နေရာမှာ အများကြီး သတိထားဖို့လိုတယ်။ အများကြီးလည်း ကြိုးစားဖို့ လိုတယ် ဆိုတာကို ကျမ ပြောချင်ပါတယ်။ တချို့က ဆိုလို့ရှိရင် အခုအခြေအနေကို အားလုံး ကောင်းနေပြီ ဆိုပြီးတော့ အလွန်အကဲ အကောင်းမြင်တယ်လို့ ပြောရမှာပေါ့နော်။ ဒီလို အားလုံး ကောင်းနေတဲ့ အခြေအနေ မဟုတ်သေးပါဘူး ဆိုတာကိုလည်း ကျမတို့ သဘောပေါက်ဖို့ လိုပါတယ်။ အားလုံးကောင်းအောင် လုပ်ရမယ့် အခြေအနေပါ။ လုပ်နိုင်ဖို့လည်း အခွင့်အလမ်းတော့ ရှိလာပြီ။ ဒါပေမဲ့ ဒီအခွင့်အလမ်းကို ကျမတို့ မှန်မှန်ကန်ကန် သုံးနိုင်မှ ကျမတို့ လိုချင်တဲ့ နိုင်ငံမျိုး ဖြစ်ပေါ်လာမှာပါ။ လွယ်မှာလည်း မဟုတ်ပါဘူး။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အတွက် အမေရိကန် ပြည်ထောင်စုက အစဉ်တစိုက် အားပေးကူညီခဲ့တဲ့အကြောင်းနဲ့၊ ခုချိန်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းခဲ့တာမှာလည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေး တိုင်ပင်ပြီးမှ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ဒီလို ကူညီမှုတွေကြောင့်လည်း မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်စကားပြောဖို့ သူ အမေရိကန်ကို သွားရောက်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းသွားပါတယ်။ မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံအတွက် ရေရှည် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အခု မြန်မာပြည်မှာ ဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျမတို့က ရသမျှ ယူမယ်ဆိုပြီးတော့ စိတ်ဓာတ်နဲ့ လုပ်မယ်ဆိုရင် အမှားတွေ လုပ်မိမှာပဲ။ စဉ်းစဉ်းစားစားနဲ့ ယူသင့်တာကိုပဲ ယူရပါမယ်။ ကျမတို့ရဲ့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေ ကလည်း တကယ်ပဲ ကျမတို့နိုင်ငံရဲ့ ရေရှည်အကျိုးရော၊ မိမိတို့ရဲ့ အကျိုးရော ကြည့်ပြီးတော့ စဉ်းစဉ်းစားစား လုပ်သင့်တာပေါ့။ မပေါင်းသင့်တဲ့ သူတွေနဲ့ ပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရေရှည်မှာ ကျမတို့နိုင်ငံအတွက်လည်း အကျိုးမဖြစ်ဘူး။ ရင်းနှီးမြှုပ်နှံတဲ့သူတွေ အတွက်လည်း အကျိုးမဖြစ်ဘူး။ မပေါင်းသင့်တဲ့သူတွေနဲ့ ပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံရင် ကျမတို့ကတော့ သိရင်တော့ သိသလို သတင်းဖြန့်ရမှာပဲ။ ဒါကတော့ ကျမတို့ တာဝန်တခုအနေနဲ့ လုပ်ရမှာဖြစ်ပါတယ်။ ဒါဟာ သတင်းလောကရဲ့ တာဝန်တခုလည်း ဖြစ်တယ်လို့ ကျမ သတိပေးပါရစေ။”

မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အဂတိလိုက်စားမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ အစိုးရမှာ အဓိက တာဝန်ရှိသလို ဒီလို လာဘ်ပေး လာဘ်ယူ ကိစ္စတွေ နဲ့ ပတ်သက်လို့ သတင်း မီဒီယာတွေအနေနဲ့ ဖော်ထုတ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“လာဘ်ပေးလာဘ်ယူ ကိစ္စ ဆိုတာဟာ အစိုးရနဲ့ အများကြီး ဆိုင်ပါတယ်။ ဥပဒေနဲ့လည်း ဆိုင်ပါတယ်။ အဲဒီတော့ ဒါကိုလည်း ကျမတို့အနေနဲ့ တတ်နိုင်သလောက် လုပ်သွားပါမယ်။ အဲဒီတော့ ကျမ ပြောပါရစေ၊ မီဒီယာကို ကျမ တခုတော့ မေတ္တာရပ်ခံချင်တယ်။ ဒီလာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြားသမျှ သတင်းတွေတော့ ဖော်ထုတ်ပါ။ ဖော်ထုတ်တဲ့အခါကျရင် ပုဂ္ဂိုလ်ရေး မဆန်ပါနဲ့။ ပုဂ္ဂိုလ် အဓိက မဟုတ်ဘဲနဲ့ တိတိကျကျလုပ်ပါ။ မသိဘဲနဲ့ မစွပ်စွဲပါနဲ့။ မသိဘဲနဲ့ စွပ်စွဲတဲ့ဟာ လူတယောက်အတွက် အင်မတန်မှ နာပါတယ်။ နောက်တော့မှ မဟုတ်ဘူး ဆိုပေမဲ့ ညှိသွားရော။ ဥပမာ - သူတို့တွေက ပြောတာရှိတယ်မလား။ မီးမရှိဘဲ မီးခိုးမထွက်ဘူး ဆိုတာ မီးမရှိဘဲနဲ့ မီးခိုးစက်တွေ ရှိတာ ရှိပါတယ်နော်။ အဲဒီတော့ မီးခိုးစက် ဖြစ်အောင်တော့ မလုပ်ပါနဲ့။ အဲဒါတော့ သတိထားပါ။”

တချိန်က ကမ္ဘာ့ အဆင့်အတန်းမီခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ် နစ်ပေါင်းများစွာ ညံ့ဖျင်းသွားခဲ့ရတဲ့ အခြေအနေ အကျိုးဆက်ကို ဒီကနေ့ လူငယ်တွေ ခံစားနေရတဲ့ အကြောင်းနဲ့ ခုချိန်မှာ မြန်မာ့ပညာရေးကို ကမ္ဘာ့အဆင့်အတန်း ပြန်ဝင်အောင် ကြိုးပမ်းကြရမယ့် အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့
ဆက်ဆံရေး ထားရှိဖို့ အရေးကြီးတာကြောင့်မိုလို့ နှစ်နိုင်ငံအကြား ပိုပြီးတော့
ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိချင်တဲ့အကြောင်းနဲ့ ဖြစ်နိုင်ရင် တရုတ်နိုင်ငံကို သူ သွားချင်ပါတယ်လို့လည်း ဒီနေ့ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့
သတင်းစာ ရှင်းလင်းပွဲ အတွင်း မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG