သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲလျှင်မြန်မှု နိုင်ငံတကာကို ဒေါ်စု ကျေးဇူးတင်


ဒေါ်အောင်ဆန်းစုကြည် Bologna တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူစဉ်။ (အောက်တိုဘာလ ၃၀၊ ၂၀၁၃။)
ဒေါ်အောင်ဆန်းစုကြည် Bologna တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူစဉ်။ (အောက်တိုဘာလ ၃၀၊ ၂၀၁၃။)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့မှာတော့ အီတလီနိုင်ငံ Parma မြို့မှာ ဂုဏ်ထူးဆောင် မြို့တော်သူဆုကို လက်ခံရယူပါတယ်။ Bologna တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူပြီး နောက်တနေ့မှာပဲ ရောက်ရှိသွားတဲ့ Parma တက္ကသိုလ်မှာလည်း မိန့်ခွန်းစကား ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အလေးထား ပြောဆိုနေတဲ့ အီတလီ ခရီးစဉ်နဲ့ ပတ်သက်လို့ သိထားရသမျှကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

ဥရောပ ၅ နိုင်ငံ ခရီးစဉ် နောက်ဆုံးအဖြစ် အီတလီနိုင်ငံ ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံမြောက်ပိုင်းက ယဉ်ကျေးမှု အမွေအနှစ်တွေ ကြွယ်ဝရာ Parma မြို့ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ Parma မြို့ကို ရောက်ရောက်ခြင်း ဆိုသလိုပဲ အီတလီနိုင်ငံရဲ့ မြန်မာ့ ဒီမိုကရေစီရေး အတွက် အားပေးထောက်ခံမှုတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောသွားခဲ့တာပါ။

“အီတလီနိုင်ငံရဲ့ အရေးပါမှုကို ပြောရမယ် ဆိုရင်တော့ ကျမတို့တတွေ ငယ်စဉ် ကတည်းက အီတလီနိုင်ငံအကြောင်း လေ့လာခဲ့ကြတာပါ။ ကမ္ဘာ့သမိုင်းကို ကျမတို့ သင်ကြားခဲ့ရတဲ့အထဲမှာ အီတလီရဲ့ ရာဇဝင်လည်း တစ်ခုအဖြစ်နဲ့ ပါပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ အီတလီနိုင်ငံသားတွေ၊ မြို့တွေက မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေး တာပဲ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ Parma မြို့ရဲ့ ဂုဏ်ထူးဆောင် မြို့တော်သူဆုကို လက်ခံရယူပြီး ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး တခုဖြစ်တဲ့ Parma တက္ကသိုလ်မှာလည်း မိန့်ခွန်းစကား ပြောကြားခဲ့ပါတယ်။ ဒီမတိုင်မီ တရက်ကတော့ အီတလီ အရှေ့မြောက်ဒေသက Bologna မြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည် ဟာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့တာပါ။ ပါရဂူဆု လက်ခံရယူရင်း မိန့်ခွန်းစကား ပြောကြားရာ မှာတော့ အီတလီနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အားပေး ပံ့ပိုးမှုတွေကြောင့် မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေ မျှော်လင့်တာထက် ပိုပြီးမြန်ဆန်ခဲ့တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က အလေးထား ပြောသွားပါတယ်။

“ကျမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲဝင်ကြသူတွေ အနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ပေါ်ပေါက်ခဲ့ဖူးတဲ့ ကာလတွေ ရှိပါတယ်။ ဒါပေမဲ့လည်း တချို့တွေ စိုးရိမ်သလောက် မကြာခဲ့ပါဘူး။ ဒါဟာလည်း ကမ္ဘာတဝှမ်းက အားပေးထောက်ခံမှုတွေဟာ ကျမတို့ နားလည် သဘောပေါက်ထားတာထက် ပိုပြီးကြီးမားနေလို့ပါ။”

ရာစုနှစ်ဝက်လောက်ကြာအောင် စစ်အာဏာရှင်တွေရဲ့အုပ်ချုပ်မှုကနေ မကြာသေးခင်နှစ်တွေကမှ ပြောင်းလဲလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့အသွင် ကူးပြောင်းရေး လုပ်ငန်းတွေမှာ စိန်ခေါ်မှုတွေ ရှိနေတာကို လည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ မကျေနပ်မှု အရင်းခံတွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး အစီအစဉ်တွေ ကသာ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း ပြောပါတယ်။

“ဒီအချိန်ဟာ ခါးသီးနေရမယ့် အချိန်မဟုတ်ပါဘူး။ ကျမတို့အတွက် အတိတ်က ကြုံခဲ့ရတာတွေကို ကုစားရမယ့် အခွင့်အလမ်းတွေ ပေါ်နေပါပြီ။ ကျမတို့ တိုင်းပြည်ရဲ့ ဒဏ်ရာတွေကို ကုစားပြီး ရှေ့ကိုဆက်နိုင်ဖို့လည်း အခွင့်အလမ်း ရှိနေပါပြီ။”

အင်္ဂါနေ့မှာတုန်းကတော့ ပုပ်ရဟန်းမင်းကြီး Francis က ဗာတီကန်ကျောင်းတော် မှာ တွေ့ဆုံချိန်မှာ အမုန်းတရားတွေ၊ အကြောက်တရားတွေ ကို ကျော်လွှားနိုင်ရေး မိန့်ကြားချက်ကို သူ့အနေနဲ့ လက်ခံ သဘောတူတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါ။ နေအိမ်
အကျယ်ချုပ် ဖမ်းဆီးခံထားရာက ပြန်လည်လွတ်မြောက်လာပြီးနောက် တတိယအကြိမ် ဥရောပ ခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီနိုင်ငံတွေဆီ သွားရောက်ရာမှာ ၁၉၉၀ ပြည့်နှစ် ကတည်းက ဥရောပပါလီမန်က ချီးမြှင့်ထားတဲ့ လွတ်လပ်စွာတွေးခေါ်မှု Sakharov ဆုကိုလည်း ကိုယ်တိုင် လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG