သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မိုးညှင်းမြို့ရောက် ဒေါ်စု


NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိုးကောင်းမြို့နယ်စည်းရုံးရေးခရီးစဉ်။ (ဓာတ်ပုံ-NLD)
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိုးကောင်းမြို့နယ်စည်းရုံးရေးခရီးစဉ်။ (ဓာတ်ပုံ-NLD)

သဘာဝသယံဇာတွေကို မှန်မှန်ကန်ကန် ထုတ်ယူ သုံးစွဲနိုင်ဖို့အတွက် ပညာရေးအဆင့်အတန်းကို မြင့်မားအောင် လုပ်ဖို့လိုမယ်လို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မိုကောင်းမြို့မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ် အတွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်အဖြစ် စက်တာဘာလ ၂ ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်လာခဲ့တဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့မနက်ပိုင်း ခေမာသီဝံ ဘုန်းတော်ကြီးကျောင်းက ဆရာတော်တွေကို ဂါရဝပြုပြီးနောက် YMCA မှာဖွင့်လှစ်ထားတဲ့ တရား ဥပဒေစိုးမိုးရေး ရုံးဖွင့်ပွဲကို သွားရောက်ခဲ့တာပါ။ အဲဒီကတဆင့် မနက် ၁၁နာရီခွဲမှာ မိုးကောင်းမြို့ကို သွားရောက်ခဲ့ပြီး နေလည် ၁၂ နာရီမှာ မိုးကောင်းမြို့ခံတွေကို တွေ့ဆုံဟောပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု လာဘ်စားမှုတွေပေါများနေတာကြောင့် ဒီကိစ္စကို ဘယ်လို ဆောင်ရွက်သွားဖို့ ရှိပါသလဲလို့ မိုးကောင်း မြို့ခံတွေက ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းတဲ့အခါ NLD ပါတီအနိုင်ရခဲ့ရင် သန့်ရှင်းတဲ့အစိုးရတရပ် ဖြစ်အောင်လုပ်ဆောင်သွားမယ်လို့ ပြန်ဖြေခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ NLD ပါတီ ကချင်ပြည်နယ် စည်းရုံးရေးတာဝန်ခံ ဒေါ်ကြူကြူသန်းက ပြောပါတယ်။

“အဖွဲ့အစည်းမှာ လာဘ်စားပြီးတော့မှ အားလုံးက တရားမျှတမှုကင်းမဲ့နေတဲ့အပေါ် ပြည်သူတွေက မေးလာတယ်လေ။ ဒီလာဘ်စားမှုတွေ ပပျောက်အောင် လုပ်ပေးနိုင်မလား-ဆိုတဲ့မေးခွန်း ထုတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ အဲဒီအခါမှာ လူဟာ လူ့သဘာဝရှိတဲ့အတွက်ကြောင့်မို့လို့ လုံးဝကင်းစင်မယ်လို့တော့ အာမ မခံနိုင်ဘူး၊ ဒါပေမယ့်သန့်ရှင်းတဲ့အစိုးရတရပ်ကိုတော့ NLD က ဖွဲ့စည်းပေးနိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ NLD ကို မဲပေးပါ-ဆိုပြီးတော့မှ ပြောပါတယ်။”

မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်ဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။ ကချင်ပြည်သူတွေကတော့ သယံဇာတရဲ့ အကျိုးကျေးဇူးကို မခံစားရတာကြောင့် ဒါနဲ့ပတ်သက်လို့ မေးခွန်းထုတ်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသွားကြောင်း ဒေါ်ကြူကြူသန်းက ရှင်းပြပါတယ်။

“သယံဇာတတွေနဲ့ ချမ်းသာတဲ့ ကျမတို့နိုင်ငံမှာ ပြည်သူတွေဟာ ဒီသယံဇာတရဲ့အကျိုးကို မခံစားရဘဲနဲ့ ဆင်းရဲနေတယ်။ ဒီလိုမဖြစ်ရအောင် ဒီသယံဇာတတွေကို ကောင်းမွန်စွာအသုံးချနိုင်ဖို့၊ အသုံးချတတ်ဖို့၊ ပညာရဲ့အဆင့်အတန်းကို မြင့်မားအောင်လုပ်ဖို့အတွက်က အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့လို့ရှိရင် ဒါကို လုပ်မှာပါ ဆိုတာ ဒါကို ပြောပါတယ်။”

ရွေးကောက်ပွဲ မတိုင်ခင် ခုလိုကာလ မြန်မာနိုင်ငံဒေသတချို့မှာ ဘာသာရေးခေါင်းဆောင်တချို့က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေတာ တွေ ရှိနေတဲ့ကိစ္စကိုလည်း မိုးကောင်းဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည်က ဘယ်လို ဖြေခဲ့သလဲဆိုတာကို ဒေါ်ကြူကြူသန်းက ခုလိုပြောပါတယ်။

“အထူးသဖြင့်ကတော့ မိုးကောင်းမှာလည်း ဘာသာရေးကိစ္စကို မေးပါတယ်။ နိုင်ငံရေးမှာ ဘာသာရေးကိုလာပြီးအသုံးချနေတာတွေနဲ့ပတ်သက်ပြီးတော့ မေးပါတယ်။ အဲဒီအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဖွံ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာကိုက ဘာသာရေးနဲ့နိုင်ငံရေးကို ရောထွေးမှု မပြုရဘူး။ အသုံးမချရဘူး-ဆိုတာ ပါပါတယ်-တဲ့။ ဒါကြောင့်မို့လို့ ဒီလိုလုပ်နေတာဟာ ဥပဒေနဲ့ မကိုက်ညီပါဘူး-တဲ့။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပြန်လည်ချေပဖို့၊ တိုက်ခိုက်ဖို့ဆိုတာမျိုးတွေဟာ နိုင်ငံရေးတရားဟောတဲ့အခါမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောတာတွေဟာ ဥပဒေနဲ့မညီဘူး-တဲ့။ ဒီလိုမျိုး ပြောပါတယ်။”

မိုးကောင်းမြို့ကနေ မွန်းလွဲ ၁နာရီခွဲလောက်မှာ ထွက်ခွါလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟိုပင်မြို့ကိုဝင်ခဲ့သလို ဒီကနေ့ည မိုးညှင်းမြို့မှာ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG