သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု တိုင်းရင်းသားပါတီ အမတ်တွေနဲ့ တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား ပါတီအမတ်တွေနဲ့ တွေ့ဆုံတဲ့ ညစာစားပွဲ မတိုင်ခင် နယူးဇီလန်ဝန်ကြီးချုပ်နဲ့ လည်း အခုလို တွေ့ဆုံခဲ့ပါသေးတယ်။ (နိုဝင်ဘာ ၂၂၊ ၂၀၁၂။)
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား ပါတီအမတ်တွေနဲ့ တွေ့ဆုံတဲ့ ညစာစားပွဲ မတိုင်ခင် နယူးဇီလန်ဝန်ကြီးချုပ်နဲ့ လည်း အခုလို တွေ့ဆုံခဲ့ပါသေးတယ်။ (နိုဝင်ဘာ ၂၂၊ ၂၀၁၂။)
ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်း ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဒီနေ့ချိန် အထိ မတည်ဆောက်နိုင်သေးတဲ့ အပေါ်မှာ စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ မနေ့က လွှတ်တော် ပုံမှန် စည်းဝေးပွဲတွေ အပြီး တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေကို ဖိတ်ကြား ဧည့်ခံခဲ့တဲ့ ညစာစားပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က လွှတ်တော် ပုံမှန် အစည်းအဝေးတွေ အပြီး နှုတ်ဆက် ညစား စားပွဲမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေကို ဖိတ်ကြား ဧည့်ခံခဲ့တာပါ။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူပြီးရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့သလို ဒီကနေ့ သူ မျှော်လင့်တဲ့ နိုင်ငံတော်တရပ် ဖြစ်မလာသေးတဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တယ်လို့ ဒီ ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

"ပင်လုံစာချုပ် ချုပ်တဲ့ကာလမှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပါတ်သက်လို့ ရေးတဲ့ အခါမှာ ဆယ်နှစ်ကျတဲ့အခါမှာ ခွဲထွက်ခွင့်ဆိုတာကို အခန်း ၁၀ မှာရေးဆွဲခဲ့တာဖြစ်တယ်။ သူယုံကြည်ချက်အပြည့်နဲ့ ရေးခဲ့တာဖြစ်တယ်။ တိုင်းရင်းသားတွေကလည်း ဗိုလ်ချုပ်ကိုချစ်တယ်။ မြတ်နိုးတယ်။ ဗိုလ်ချုပ်ရဲ့ ကတိ အပေါ်မှာလည်း လေးစားမြတ်နိုး တန်ဖိုးထားတယ်။ ဆယ်နှစ်အကြာ တိုင်းပြည်ကိုပြန်လည် တည်ဆောက်တဲ့ ကာလမှာ အောင်မြင်နိုင်မယ်လို့ သူယုံကြည်လို့ အဲဒီအပိုဒ်လေးကို ဖြည့်တာ။ သူကိုယ်တိုင် မတည်ဆောက်နိုင်ခဲ့တာ၊ သူ့အဖေမျှော်မှန်းခဲ့တဲ့အတိုင်းဖြစ်မလာခဲ့တာတွေကို စိတ်မကောင်းဘူး။ ဒါပေမယ့် ကျမတို့အခု ကျနော်တို့အခု တည်ဆောက်ကြရမယ်။ ဒီလောက်များပြားတဲ့ တိုင်းရင်းသားတွေနေတဲ့ နိုင်ငံတော်ကြီးမှာ တိုင်းရင်းသားတွေ အချင်းချင်းချစ်ကြည် တစ်ဦးအပေါ်တစ်ဦးလေးစား ယုံကြည်ပြီးကာမှ တိုင်းပြည်ကို ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်ထားနိုင်မှ ပြည်ထောင်စုကြီးဟာ သာယာမယ် ငြိမ်းချမ်းမယ် ဆိုတာကို သူ့ရဲ့အတွေ့အကြုံတွေနဲ့ ရှင်းပြသွားတာဖြစ်ပါတယ်"

ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောဘဲ နှုတ်ဆိတ်နေတယ် ဆိုတဲ့ ဝေဖန်မှုတွေ သူ့ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေအတွင်း ကြုံခဲ့ရတာနဲ့ ပတ်သက်လို့လည်း သူ့အနေနဲ့ကတော့ ဘယ် ဘက်ကိုမှ ရပ်တည်ပြီး ပြောဆိုသွားမှာ မဟုတ်တဲ့အကြောင်း ထပ်ပြီး ပြောသွားခဲ့တယ်လို့ ဒေါက်တာ အေးမောင် ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းမှာ စတင် ပါဝင်လာချိန်ကတည်းက ခုလို တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့ မကြာခဏ ဆိုသလို တွေ့ဆုံလေ့ရှိတာဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေက တိုင်းရင်းသားတွေအကြား နွေးထွေးမှုကို ရရှိစေပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း ယုံကြည်မှု ပို တိုးလာစေတယ်လို့လည်း ဒေါက်တာ အေးမောင် က ပြောပါတယ်။

"ကျနော်အပါအဝင် တိုင်းရင်းသားအားလုံးရဲ့ မျက်နှာမှာ မျှော်မှန်းချက်တွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို မြင်တိုင်း ပြောတိုင်း တွေ့တိုင်းမှာ ကျနော်တို့ဗိုလ်ချုပ်ကို သတိရကြပါတယ်။ ဗိုလ်ချုပ်ကိုယ်ပွါး ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၉၀ ကတည်းက ရပ်တည်လာတယ်။ နောက် သူ့ခဗျာ နှစ်ပေါင်းများစွာ အကျဉ်းချခံပြီးကာ ဒီမိုကရေစီ ရဖို့ကြိုးစားတယ်။ အခုတစ်ခါ လွှတ်တော်ထဲရောက်အောင် တိုင်းရင်းသားတွေကပဲ မေတ္တာရပ်ခံပန်ကြားပြီး ဖိတ်ခေါ်လာတယ်။

တိုင်းရင်းသားတွေနဲ့ တွေ့တယ်ဆွေးနွေးတယ် လွှတ်တော်ကိစ္စတွေတင်မကဘူး တိုင်းရင်းသားရေးရာ ပြည်ထောင်စုရေးရာ ပြည်တွင်းရေးရာ ပြည်ပရေးရာတွေ နှီးနှောဆွေးနွေးကြတယ် ဆိုတော့ ရင်းရင်းနှီးနှီးဖြစ်တာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မပြီးဆုံးသေးတဲ့ ပြည်ထောင်စု ကဏ္ဍတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ကာမှ ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်တို့အားလုံးယုံကြည်ပါတယ်။ အဲလို ယုံကြည်ချက် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တိုင်းမှာ ခိုင်ခိုင်မာမာ ဖြစ်ပွါးစေတာပါပဲ"

နေပြည်တော် စည်ပင်ရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ ဒီ ညစာ စားပွဲကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းတို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ တက်ရောက်လာခဲ့ကြပြီး တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ ကိုယ်စား ဦးတီခွန်မြတ်က အမှာစကား ပြောကြားခဲ့တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒီညစား စားပွဲကို တိုင်းရင်းသား ပါတီတွေက လွှတ်တော်အမတ် ၁၀၀ လောက် တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်ခင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဇီလန် ဝန်ကြီးချုပ် နဲ့လည်း နေပြည်တော်မှာ ရှိတဲ့ သင်္ဂဟာ ဟော်တယ်တခုမှာ မနေ့က ညနေပိုင်း က တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာ အကူအညီပေးခဲ့တဲ့ နယူးဇီလန် နိုင်ငံကို ကျေးဇူးတင်ကြောင်းနဲ့ သိပ်မကြာခင် ကာလတခုမှာ နယူးဇီလန်နိုင်ငံကို သူ သွားရောက် လည်ပတ်ချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့မယ့်အကြောင်း နယူးဇီလန် ဝန်ကြီးချုပ်က အခုခရီးစဉ် အတွင်း ပြောကြားခဲ့သလို ခုလို မြန်မာနိုင်ငံကို ပေးတဲ့အကူအညီတွေ လူထုကို တိုက်ရိုက် အကျိူးပြုနိုင်တဲ့ အကူအညီတွေ ဖြစ်ဖို့ လိုအပ်တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းမရှိဘဲနဲ့တော့ ဒီမိုကရေစီ နည်းကျ တယ်လို့ အပြည့်အဝ မဆိုနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် နယူးဇီလန် နိုင်ငံအနေနဲ့ တွန်အားပေး ဆောင်ရွက်ဖို့ိကိုလည်း နယူးဇီလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါသေးတယ်။
XS
SM
MD
LG