သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပြဿနာ ဒေါ်စု ဝင်ရောက်ညှိနှိုင်းလို


ပြည်ထောင်စုနေ့ မိန့်ခွန်း (၁၂၊ ၂၊ ၂၀၀၃)
ပြည်ထောင်စုနေ့ မိန့်ခွန်း (၁၂၊ ၂၊ ၂၀၀၃)
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဒေါ်အောင်ဆန်းစုကြည် က ကြားဝင် ဖြေရှင်းပေးချင် ပါတယ်ဆိုတဲ့ ဗွီဒီယို မိန့်ခွန်းတရပ်ကို မြန်မာအစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လက်ခံ ကြိုဆိုခဲ့ပေမဲ့ KIO ရဲ့ တာဝန်ရှိသူတဦး ကတော့ သဘောထား မှတ်ချက်ပေးဖို့ ငြင်းဆို ခဲ့ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို ကြားဝင် ညှိနှိုင်းပေးလိုတဲ့ ဆန္ဒရှိကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကို တဆင့်တက်ပြီး လုပ်ဆောင်တဲ့ နေရာမှာ အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ပါဝင် လာဖို့အတွက် လိုအပ်နေပါတယ်လို့ ငြိမ်းချမ်းရေးစင်တာ က အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ က ဗွီအိုအေ ကို ပြောပါတယ်။

“ရှေ့သွားမယ့် ဆွေးနွေးပွဲတွေက နောက်တဆင့်ကို Political Dialogue ဆိုတာကို သွားဖို့ ပြင်ဆင်နေတာဖြစ်တော့ အဲ့ဒီမှာတော့ ကျနော့်အမြင်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါသင့် ပါထိုက်တဲ့သူတွေ ပါမယ်လို့ ကျနော်တော့ အဲ့လိုပဲ နားလည်တယ်ခင်ဗျ။ ကျနော်တို့ဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အရင်ကတည်းကနေပြီးတော့ ငြိမ်းချမ်းရေး အကျိုးဆောင်အနေနဲ့ ကျနော်တို့က ပါတာပါ။ Peace Center မှာ အကြံပေး ပုဂ္ဂိုလ်အနေနဲ့လည်း ပါပါတယ်”

မေး။ ။ ဒီ မြန်မာ Peace Center က အကြံပေး ပုဂ္ဂိုလ်တဦးအနေနဲ့ပေါ့နော်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ဆန္ဒရှိတယ်ဆိုတဲ့ ကမ်းလှမ်းချက် နဲ့ပတ်သက်ပြီး ဘယ်လို သဘောထားပါသလဲ။

“ကျနော့်အနေနဲ့တော့ ဒီနိုင်ငံမှာရှိတဲ့ ပါဝင်ပတ်သက်နေသူတွေ အကုန်လုံးက ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါသင့်တယ်။ ဒီလိုပဲ ပိုပြီးတော့ ပြည်သူလူထု ယုံကြည်မှုပေါ့နော် ပါဝင်အားကိုးမှုရှိတဲ့ လူတွေ အများစုကလည်း ဒီအထဲမှာ ပါသင့်ပါတယ်။ အနှေးနဲ့အမြန်တော့ ပါလာမယ်လို့ ကျနော် ထင်ပါတယ်။”

ဦးလှမောင်ရွှေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ အတူ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်စေရေး နည်းလမ်းရှာတဲ့ ဆွေးနွေးပွဲမှာ ကိုယ်တိုင် လိုက်ပါသွားခဲ့ပါတယ်။

နှစ်ဘက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ရပ်စဲစေဖို့ တရုတ်အစိုးရ အစီအစဉ်နဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ မှာ ဆွေးနွေးအပြီးမှာတော့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေကို နှစ်ဘက် လေ့လာ စောင့်ကြည့်
ကြဖို့နဲ့ နှစ်ဘက်ကြား နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားဖို့ သဘောတူညီမှု ရခဲ့တာပါ။

မြန်မာအစိုးရဘက်က ကချင်ဒေသကို တိုက်ခိုက်နေမှုတွေ ရပ်ဆိုင်းပေးဖို့အတွက် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းမှုတွေ မလုပ်ခဲ့ဘူးလို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ လွတ်မြောက်ရေး တောင်း ဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တွေကြား ၁၉၄၇ ခုနှစ်က ပင်လုံ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင် ခဲ့တဲ့ နေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခု မြန်မာအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ကြားဝင်ညှိနှိုင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်တွေအတွက် ဒီကနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ အခုလို ကမ်းလှမ်းလိုက်တာပါ။

“ကျမကိုဆိုရင် အခု ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ မပါဝင်ဘူးလား ဆိုပြီးတော့ မေးကြ မြန်းကြ ဝေဖန်ကြတဲ့သူတွေ ရှိပါတယ်။ ကျမ အမြဲပြောတယ်။ ကျမ ပါဝင်ချင်တယ်။ အချိန်မရွေး လိုလားလို့ရှိရင် ကျမမှာ ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်ဆိုတာကို ကျမ တရားဝင် ထုတ်ဖော်ပြောခဲ့တာ ကြာပါပြီ။ ပြီးတော့ ဘာဖြစ်လို့မပါသလဲဆိုတော့ တကယ်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါနိုင်ဖို့ဆိုတာက ကာယကံရှင်တွေက လိုလားမှ ဖြစ်နိုင်မှာပါ။”

“ကာယကံရှင်တွေရဲ့ လိုလားမှု၊ တောင်းဆိုမှု မရှိဘဲနဲ့ ဝင်ပြီးတော့ လုပ်လို့ ငြိမ်းချမ်းရေး ရမယ်ဆိုတာ ဒါ ကိုယ့်ကိုယ်ကို အထင်ကြီးရာလည်း ရောက်ပါမယ်။ အဲ့ဒါကြောင့် ကျမကို လိုလားတယ်၊ ကျမကို လုပ်ပေးစေချင်တယ် ဆိုရင်တော့ အချိန်မရွေး လုပ်ပေးပါမယ်ဆိုတာ တရားဝင် ဒီကနေ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ကျမ ပြောပါရစေ။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကျမကို ပါဝင်ဖို့ ကာယကံရှင်တွေက လိုလားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင် ကျမက ဘယ်တော့မှ ငြင်းမှာမဟုတ်ပါဘူးဆိုတာ ကျမ ပြောပါရစေ။”

ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အခုလို ကြားဝင် ညှှိနှိုင်းပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး KIO ကချင်လက်နက်ကိုင်အဖွဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ ကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ အခုလောလောဆယ် သဘောထား မှတ်ချက်ပေးဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။
XS
SM
MD
LG