သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဥရောပ ၃ နိုင်ငံခရီး ထွက်မည်


NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်ကို လာမယ့် စက်တင်ဘာလ ဒုတိယပတ်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က စတင်မယ့် ဥရောပ ၃ နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ရုံး
ပြန်ကြားရေးတာဝန်ခံတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြပေးပါမယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်အဖြစ် လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနဲ့ ချက်ပြည်သူ့သမ္မတ နိုင်ငံတွေကို သွားရောက်တော့မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ရုံး ပြန်ကြားရေးတာဝန်ခံ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်က ဗွီအိုအေမြန်မာပိုင်းကို အခုလို အတည်ပြု ပြောဆိုပါတယ်။

“ထွက်ဖြစ်မှာကတော့ စက်တင်ဘာ ၁၀ ရက်နေ့ ထွက်ဖြစ်ပါမယ်။ ရန်ကုန်ကို ပြန်ရောက်တာကတော့ စက်တင်ဘာ ၁၈ ညနေပိုင်းလောက်တော့ ပြန်ရောက်ပါမယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာ သွားမယ့် ရည်ရွယ်ချက်ကတော့ ပထမဦးဆုံး သွားမှာတော့ ပိုလန်နိုင်ငံကိုပါ။ ပိုလန်ကို သွားရတဲ့ အဓိကရည်ရွယ်ချက် နှစ်ခုကတော့ Warsaw တက္ကသိုလ်မှာ lecture တခု ပို့ချပို့အတွက်၊ နောက်ပြီးကျတော့ ပိုလန်ပါလီမန်ကို လေ့လာဖို့ပါ။ ပိုလန်ကနေ ပြီးပြီဆိုရင်တော့ ဟန်ဂေရီကို ဆက်သွားပြီးတော့ ဟန်ဂေရီကတော့ Budapest University မှာပဲ lecture တခု ပေးဖို့ရှိပါတယ်။ ချက် Republic ကို သွားရတဲ့ အဓိကအကြောင်းရင်းကတော့ အဲ့ဒီမှာ ၃ ရက်တာ ကျင်းပမယ့် Forum 2000 Conference ကို တက်ဖို့အတွက်ဖြစ်ပါတယ်။”

ဥရောပ ၃ နိုင်ငံခရီးစဉ်မှာ ပထမဆုံး ပိုလန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီးတော့ ပိုလန်လွှတ်တော်ကို လေ့လာမှာဖြစ်သလို ပိုလန်နိုင်ငံက Warsaw တက္ကသိုလ်မှာ ပိုလန်ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြောင်း ဟောပြောပို့ချမှာ ဖြစ်ပါတယ်။

အလုပ်သမားရေး သွေးစည်းခိုင်မာမှုခေါင်းဆောင် ပိုလန်သမ္မတဟောင်း
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Lech Walesa ဟာလည်း မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုလန်နိုင်ငံအပြီး ဆက်သွားမယ့် ဒုတိယ ဥရောပနိုင်ငံ ခရီးစဉ်ကတော့ ဟန်ဂေရီနိုင်ငံ ဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံ Budapest တက္ကသိုလ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီးတော့ ဟန်ဂေရီ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ဟောပြောပို့ချမှာ ဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ သူမရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ထဲက နောက်ဆုံးခရီးစဉ်အဖြစ် ချက်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပမယ့် ၁၇ ကြိမ်မြောက် Forum 2000 ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။ Forum 2000 ညီလာခံဟာ ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့ကနေ စက်တင်ဘာ ၁၇ ရက်နေ့အထိ ၃ ရက်တာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီ Forum 2000 ညီလာခံကို စတင်ကျင်းပဖြစ်အောင် တည်ထောင်သူ ကွယ်လွန်သူသမ္မတ Vaclav Havel ဟာလည်း မြန်မာ့ဒီမိုကရေစီအရေး တစိုက်မတ်မတ် အားပေးထောက်ခံခဲ့သူ ဖြစ်ပါတယ်။

ဒီညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုမှာဖြစ်သလို အဲ့ဒီညီလာခံကို ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား အပါအဝင် တောင်အာဖရိက သမ္မတဟောင်း F.W.D Klerk လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရာကနေ လွတ်မြောက်လာပြီးနောက်ပိုင်း အရပ်သားအစိုးရလက်ထက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ကော့မှူးမြို့နယ် ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရအပြီး မြန်မာနိုင်ငံကနေ ၂၄ နှစ်တာ ကာလအတွင်း သူမရဲ့ ပထမဆုံးအကြိမ် ဥရောပခရီးစဉ်ကို စတင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်ကနေ ၂၉ ရက်နေ့အထိ ဥရောပ ၅ နိုင်ငံခရီးစဉ်အတွင်းမှာ နော်ဝေနိုင်ငံ၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ အင်္ဂလန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံကို ခရီးထွက်ခဲ့ပါတယ်။

အခု ဒီတကြိမ်သွားရောက်မယ့် ဥရောပ ၃ နိုင်ငံခရီးစဉ်အပြီး
မြန်မာနိုင်ငံကို ပြန်သွားပြီးတဲ့နောက်မှာတော့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ရုံး ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးဇေယျာသော် က ပြောပါတယ်။

“Europe Trip ကို အရင်သွားမှာပါခင်ဗျ။ သွားပြီးသွားရင်တော့ ဒီ မြန်မာနိုင်ငံကို ပြန်လာဦးမှာပါ။ ပြန်လာပြီးသွားတော့မှ စက်တင်ဘာ ၂၀ ကျတော့မှ စင်္ကာပူကိုသွားဖြစ်မယ်။ စင်္ကာပူကိုသွားဖြစ်မယ့် အကြောင်းကတော့ အရင် Foreign Minister အဟောင်းဖြစ်တဲ့ မစ္စတာ ဂျော့ရ် ရိုး ကနေပြီးတော့ ဖိတ်ကြားတဲ့အတွက် ဒီ စင်္ကာပူ Summit တက်ရောက်ဖြစ်မှာမို့လို့ပါ။ စင်္ကာပူ Summit ကတော့ ၃ ရက်လုပ်မှာခင်ဗျ။ ဘယ်နိုင်ငံကိုပဲ ရောက်ရောက်ပေါ့ ဗျာ မြန်မာနိုင်ငံကနေရောက်နေတဲ့ နိုင်ငံသားတွေနဲ့ကတော့ တွေ့ဖြစ်ပါတယ်။ အခုလည်း တွေ့ဖို့အတွက် စီစဉ်တော့ စီစဉ်တော့ စီစဉ်နေဆဲပါခင်ဗျ။ အသေးစိတ်ကတော့ နေရာတွေတို့၊ နေ့ရက်တွေတို့၊ အချိန်တွေတို့က ညှိနှိုင်းနေဆဲပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဥရောပခရီးစဉ်အတွင်း အဆိုပါ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွင်း စစ်အစိုးရလက်ထက် အဘက်ဘက်က ယိုယွင်းပျက်စီးနေခဲ့တဲ့ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေးလုပ်ငန်းတွေ၊
နိုင်ငံအတွင်း ပြန်လည် ထူထောင်နိုင်ရေးနဲ့ မြန်မာနိုင်ငံတွင်း လူငယ်လူရွယ်တွေ ရင်ဆိုင်နေရတဲ့ အလုပ် လက်မဲ့ပြဿနာ ဖြေရှင်းနိုင်ဖို့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဆိုင်ရာတွေ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG