သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် သေဆုံးသူဦးရေ တိုးလာ


မြန်မာပြည်သူ ၂ သိန်းကျော် ရေဘေးတွေ့နေပြီး ၄၆ ဦးတို့လည်း သေဆုံးခဲ့ရတယ်လို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့က ပြောလိုက်ပါတယ်။ ရေဘေးတွေ့နေတဲ့ ပြည်နယ်နဲ့ တိုင်း ၁၂ ခုတို့ထဲက ၄ ခုကို အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီး အစိုးအပါအဝင် အဖွဲ့အစည်းတွေက တနိုင်တပိုင် ရေဘေးကယ်ဆယ်ရေး လုပ်နေပေမယ့် ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာကြောင့် ဘေးတွေ့ရာဒေသအားလုံးကို ရောက်ဖို့ အခက်အခဲ ဖြစ်နေကြဆဲပါ။ ရေဘေးကူညီရေး လိုအပ်တဲ့စားနပ်ရိက္ခာ အပြည့်အဝရဖို့အတွက် ဒေါ်လာ သန်း ၂ဝ လိုအပ်တယ်လို့လည်း ကုလက ပြောပါတယ်။ ရေဘေး ကယ်ဆယ်ရေး အစိုးရဘက်က ဘယ်လောက် ခြုံငုံ လုပ်ဆောင်နိုင်သလဲဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုတို့မှာ ရေဘေးကြောင့် လူပေါင်း ၄၆ ဦးသေဆုံးခဲ့ရပြီး ဖြစ်သလို ဒေသတခုလုံး ရေလွှမ်းမိုးသွားတာကြောင့် ရေဘေးတွေ့နေရတဲ့ ဒေသတွေရဲ့ အောက်ခြေ သတင်းတွေ ရဖို့လည်း ခက်ခဲနေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်က ပြောပါတယ်။

“အသေအပျောက်က နောက်ဆုံး စာရင်းအရက ၄၆ ယောက် ရှိသွားပြီ။ သွားရေးလာရေး ကန့်သတ်ချက် ရှိတာပေါ့။ ရေက တပြင်လုံး ဖြစ်သွားတာကိုး။ ရေက တပြင်လုံးဖြစ်သွားတော့ နည်းနည်း သွားလာရေး ကန့်သတ်ချက် ဖြစ်သွားတယ်။ သွားလာရေး ကန့်သတ်ချက် ဖြစ်သွားတဲ့ အတွက်ကြောင့် လက်တလော ထောက်ပံ့ရတာ နည်းနည်း အဆင်မပြေ ဖြစ်တာပေါ့။ သတင်းရဖို့လည်း နည်းနည်း ခက်သွားတာပေါ့။”

စစ်ကိုင်းတိုင်း တခုတည်းမှာတင် ရေဘေးတွေ့သူ တသိန်းကျော် ရှိနေပြီး အများစုကိုလည်း အစိုးရအပါအဝင် အဖွဲ့အစည်းပေါင်းစုံက ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေရပါတယ်။ အစိုးရဘက်က ရေဘေး ကယ်ဆယ်ရေး အပူတပြင်း ကယ်ဆယ်ရေး လုပ်ဆောင်နေရတဲ့ အခြေအနေတွေကိုလည်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်က အခုလို ပြောပါတယ်။

“အခု လတ်တလောမှာ ပွင့်ဖြူပေါ့၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း၊ ကြီးအုံကြီးဝ အဲဒီမှာ ကျနော်တို့ ရေဘေးသင့်တဲ့သူ ၂ သောင်း ၈ ထောင် ကျော်ကျော်လောက် ရှိသွားတယ်။ ကလေးကတော့ နည်းနည်း လျော့လာပြီးပေါ့ဗျာ။ ကလေးကတော့ ၇ ထောင်ကျော်လောက် ၈ ထောင်လောက် ရှိတာပေါ့။ စစ်ကိုင်းတိုင်း တခုလုံးဆိုရင်တော့ တသိန်းကျော်တယ်။ စစ်ကိုင်းတိုင်းက စောစောက မင်းကင်းတို့၊ ကန့်ဘလူတို့ ကျွန်းလှတို့ကတော့ နည်းနည်းလေး ကျသွားပြီပေါ့။ ပြီးခဲ့တဲ့ လတ်တလောမှာတော့ ကလေးပေါ့ဗျာ။ ကလေးရယ်၊ ပွင့်ဖြူရယ်။ မနေ့ကကျတော့ ကျနော်တို့က ညောင်ဦးပေါ့ဗျာ။ ညောင်ဦးက မနေ့က အိမ်ထောင်စု လေးရာကျော်ပေါ့။ လူဦးရေက ၁,၆၀၀ ကျော်ပေါ့။ နောက်တခုက မြင်းခြံ အိမ်ထောင်စုက ၅၂၈၊ လူဦးရေက ၂,၃၀၀ ကျော်ပေါ့။ အဲဒါ ပွင့်ဖြူရယ်၊ ကလေးက စောစောပိုင်းက ကလေးပြီးတော့ ပွင့်ဖြူ၊ ပွင့်ဖြူပြီးတော့မှ ညောင်ဦး၊ ညောင်ဦးပြီးတော့မှ မြင်းခြံပေါ့။ ဒါက လတ်တလောပေါ့။ ဒါပေမယ့် အရင်နေရာတွေကလည်း ကျနော်တို့လက်လွှွတ်လို့ မရသေးဘူး။”

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုတို့မှာ ရေဘေးတွေ့ပြီး သတင်းပတ်တွေ ကြာလာပြီးနောက်မှာတော့ အစိုးက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ချင်း၊ ရခိုင်ပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့ကို အရေးပေါ်ဒေသတွေအဖြစ် ကြေညာပြီး ကုလသမဂ္ဂထံကို အကူအညီပေးဖို့လည်း မြန်မာ အစိုးရက တရားဝင် အကူအညီတောင်းခံခဲ့တာကြောင့် ကုလ စားနပ်ရိက္ခာအဖွဲ့ WFP က ပဲခူး၊ ချင်း၊ ကချင်၊ မကွေး၊ မွန်၊ ရခိုင်နဲ့ စစ်ကိုင်းတို့က ရေဘေးသင့်သူ ၁ သိန်းခွဲကို အရေးပေါ် တုံ့ပြန်ကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့လည်း WFP က သြဂုတ်လ ၃ ရက်နေ့ထုတ် အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ချင်း၊ ကချင်၊ ကရင်၊ မန္တလေး၊ မကွေး၊ မွန်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်းနဲ့ ရန်ကုန် စတဲ့ တိုင်းနဲ့ ပြည်နယ် ၁၂ ခုတို့မှာ သီတင်းပတ်တွေနဲ့ချီပြီး ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် ဘေးသင့်နေကြတယ် လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP က ပြောဆိုလိုက်ပါတယ်။

ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာပစ္စည်းများဖြန့်ဝေပေးနေတဲ့ စစ်ရဟတ်ယာဉ် (ဓာတ်ပုံ-MOI)
ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာပစ္စည်းများဖြန့်ဝေပေးနေတဲ့ စစ်ရဟတ်ယာဉ် (ဓာတ်ပုံ-MOI)

မနေ့ သြဂုတ်လ ၂ ရက်နေ့က စလို့ WFP က ရေဘေး သင့်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေပြီး ရေဘေးသင့်သူတွေကို ဒီနှစ်ကုန် အထိ စားနပ်ရိက္ခာ ထောက်ပံ့ဖို့ အမေရိကန် ဒေါ်လာ သန်း ၂ဝ လိုအပ်မယ်လို့လည်း ဆော်သြထားပါတယ်။ WFP က ထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာတွေကို တပ်မတော် ရဟတ်ယာဉ်၊ လေယာဉ်တွေနဲ့ မြန်မာ့ပုဂ္ဂလိက လေကြောင်းလိုင်း ၃ ခုတို့ကလည်း သယ်ယူပို့ဆောင် ပေးနေတယ်လို့ ကြေညာချက်က ဖော်ပြပါတယ်။ WFP နဲ့ အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ စားနပ်ရိက္ခာ အကူအညီတွေကို တပ်မတော်က သယ်ယူပို့ဆောင်ပေးခြင်းသာ ဖြစ်တယ်လို့လည်း WFP ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

လက်ရှိမှာတော့ ပဲခူးတိုင်းအတွင်းက ရေဘေးသင့်သူ ၁ သောင်း ၃ ထောင်၊ ချင်းပြည်နယ်တွင်းက လူပေါင်း ၄,၉၀၀၊ ကချင်ပြည်နယ်ထဲမှာ ၄,၈၀၀၊ မကွေးတိုင်း အတွင်းမှာ ရေဘေးသင့်သူ ၂၈,၇၀၀၊ မွန်ပြည်နယ်မှာ ၄,၅၀၀၊ ရခိုင်ပြည်နယ်မှာ ၃၄,၃၀၀၊ စစ်ကိုင်းတိုင်း အတွင်းမှာ ၅၇,၃၀၀ တို့ အတွက် စားနပ် ရိက္ခာ တွေကို သြဂုတ်လ ၂ ရက်နေ့က စလို့ ဖြန့်ဝေနေတယ်လို့လည်း WFPက အစီရင်ခံစာထုတ် ပြောဆိုထားပါတယ်ရှင်။

XS
SM
MD
LG