တရုတ်နိုင်ငံအနောက်တောင်ပိုင်းက ဝေးလံခေါင်သီတဲ့ တောင်ကုန်းဒေသမှာ ငလျင်လှုပ်လို့ လူ ၁၅၀ မက သေဆုံးသွားရပါတယ်။ တနင်္ဂနွေနေ့က လှုပ်သွားတဲ့ ငလျင်ဟာ လူ ၁,၃၀၀ ကျော်လည်း ဒဏ်ရာရရှိထားပြီးတော့ လူတော်တော် များများ ပျောက်ဆုံးနေဆဲ ဖြစ် ပါတယ်။
အိမ်တွေ ပြိုပျက်ပြီးတော့ တယ်လီဖုန်းဆက်သွယ်ရေး လိုင်းတွေလည်း ပြတ်တောက် ကုန်ရတာပါ။
ပြင်းအား ၆.၁ ရှိတဲ့ငလျင်ဟာ မြေအောက် ၆ မိုင်ကို ဗဟိုပြုပြီး ယူနန်ပြည်နယ်မှာ ဒေသစံတော်ချိန် လေးနာရီခွဲမှာလှုပ်သွားခဲ့ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးဌာနက ပြောပါတယ်။ တရုတ်ငလျင်ကွန်ယက်ဌာနကတော့ ပြင်းအား ၆.၅ ရှိတယ်လို့ ပြောနေတာပါ။ တရုတ်အစိုးရရဲ့ CC ရုပ်သံမှာတော့ ဒီငလျင်ဟာ ယူနန်ပြည်နယ်မှာ ၁၄ နှစ်အတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်တယ်လို့ ပြောနေပါတယ်။ ဆင်ဟွာသတင်းဌာနကလည်း ယူနန်ပြည်နယ်၊ လုံဒရမ်စီရင်စု၊ လောင်တိုရှမ်မြို့ကို ဗဟိုပြုပြီးတော့ လှုပ်တာလို့ ဆိုပါတယ်။
အစိုးရက အဲဒီနေရာကို ဖျဉ်ကာတဲတွေ၊ ခေါက်ကုတင်တွေ၊ အနွေးထည်တွေ ပို့ပေးနေတယ်လို့လည်း သတင်းမှာ ပြောပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ငလျင်တွေ မကြာခဏလှုပ်တတ်ပြီးတော့ ၂၀၁၂ ခုနှစ်မှာ ယူနန်ပြည်နယ်က ငလျင်ကြောင့်တော့ လူ ၈၀ မက သေဆုံးခဲ့ရပါတယ်။