သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး စောင့်ကြည့်ဖို့ မြန်မာ ကော်မရှင် ကျွမ်းကျင်သူတွေလိုအပ်


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ အပေါ် ပြည်သူတွေရဲ့ တိုင်ကြားမှုတွေမှာ ထိရောက်စွာ အရေးယူနိုင်မှု အားနည်းနေတာဟာ နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု မရှိတာကို ပြသရာရောက်တယ် လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စုံစမ်းစစ်ဆေးနိုင်ခဲ့ပေမဲ့ ကွင်းဆင်းစစ်ဆေးဖို့ လူ့အခွင့်အရေး ကျွမ်းကျင် ပညာရှင်တွေ လိုအပ်နေလို့ အားနည်းမှုတွေတော့ ရှိခဲ့တယ်လို့ကော်မရှင်က တုန့်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၀ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မတိုင်ခင် မြန်မာနိုင်ငံတွင်း အကြိုလှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အရပ်သားအစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတယ်လို့ဆိုပေမဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပိုင်းမှာ စစ်တပ်နဲ့ အာဏာပိုင်တွေ ဘက်က ဝင်ရောက်စွက်ဖက်မှုတွေရှိနေလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို သက်ဆိုင်ရာနဲ့ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားမှုတွေရှိပေမဲ့ ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်တာဟာ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးတာကို ပြသရာရောက်တယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လူ့အခွင့်အရေးအနေနဲ့ တကယ့် နိုင်ငံတကာစံချိန်တွေနဲ့ ကိုက်ညီသော နိုင်ငံသားတစ်ယောက်ရဲ့လုံခြုံခွင့် ကျနော်တို့ မရှိသေးတဲ့အချက်တွေ တွေ့ နေရတယ်။ အဲဒီတော့ ဥပဒေတွေရဲ့အခြေအနေတွေကို ကြည့်မယ်ဆိုလို့ရှိရင် ပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးတာ မဟုတ်ဘဲနဲ့ လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေကို ချုပ်ကိုင်တဲ့သဘောမျိုး ဖြစ်နေတယ်။ အစိုးရအနေနဲ့ လူ့အခွင့်အရေးကိစ္စတွေကို တကယ်တန်း နှစ်နှစ်ကာကာ လုပ်ဆောင်တဲ့အရာမျိုးမဟုတ်ဘဲနဲ့ သံသယရှိရှိနဲ့ ဖိနှိပ်အောင် လုပ်ဆောင်နိုင်တဲ့ပုံစံတွေ နည်းမျိုးစုံသုံးနေတာ ကျနော်တို့ တွေ့ရှိရပါတယ်။”

မြန်မာနိုင်ငံတဝှမ်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေနဲ့ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုတွေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဆီကို ရောက်ရှိလာတဲ့ တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပူးပေါင်း လုပ်ဆောင်ခဲ့ပါတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောပြပါတယ်။

“တိုင်စာတွေနဲ့ပတ်သက်လို့တော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ကျနော်တို့ပို့တယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်တယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ပို့တာတွေကတော့ ပြန်ကြားချက်ကတော့ ကျနော်တို့ပို့တာရဲ့ ‘သုံးပုံတပုံ’- ခန့်တော့ ကျနော်တို့ ပြန်ကြားချက် ရရှိပါတယ်။ ဆိုလိုက်တဲ့အတွက် တိုင်စာအနေနဲ့တော့ အားရကျေနပ်လောက်တယ်လို့ ပြောလို့မရသော်လည်း အစိုးရပိုင်းက ပူးပေါင်းဆောင်ရွက်မှုအနေနဲ့တော့ မဆိုးဘူးပေါ့ဗျာ။ မဆိုးဘူးလို့ ဒီလိုလေး ပြောချင်တာပေါ့။”

ပြည်သူတွေက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားလာတဲ့ ဖြစ်စဉ်တွေထဲမှာ လယ်ယာမြေသိမ်းဆည်းခံရမှုကို အများဆုံး တိုင်ကြားကြပြီး တရားရေးစီရင်မှုနဲ့ ဥပဒေဆိုင်ရာ ရဲစခန်းတွေအပေါ် တိုင်ကြားမှုက ဒုတိယအများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအပေါ် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နိုင်ပေမဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ နည်းပါးလို့ အားနည်းချက်ရှိ တာကို ဦးစစ်မြိုင်က ပြောဆိုပါတယ်။

“ကွင်းဆင်းစစ်ဆေးတာတွေနဲ့ပတ်သက်လို့ကလည်း ကျနော်တို့ ကော်မရှင်လူကြီးတွေကိုယ်တိုင် ဆောင်ရွက်ရတဲ့အနေအထားမှာ ရှိပါတယ်။ ကျနော်တို့ရဲ့ staff တွေက လေ့ကျင့်ပေးနေဆဲဖြစ်ပါတယ်။ လေ့ကျင့်ပေးနေဆဲဆိုတော့ ကျနော်တို့ရဲ့တာဝန်တွေကို လွဲှအပ်နိုင်ဖို့အတွက် တော်တော်လေး လေ့ကျင့်ပေးရအုံးမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတွေမှာ ကျူးလွန်သူကို အရေးယူ အပြစ်မပေးနိုင်တဲ့အပြင် ဆုံးရှုံးနစ်နာမှုတွေကို ကျေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိဘဲ ပြန်ပြီးတော့ အာဏာပိုင်တွေရဲ့ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်မှာက လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စကို တိုင်ကြားဖို့ ယန္တရားတွေက အားနည်းနေတယ်။ တရားဥပဒေစိုးမိုးမှုအပိုင်းမှာ မေးခွန်း ထုတ်စရာတွေ အများကြီး ဖြစ်လာပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိဘူး၊ အပြစ်ပေးခံရမယ့်သူတွေက အပြစ်ဒဏ်တွေ ကင်းလွတ်နေခြင်းကိုက လူ့အခွင့်အရေး ချိုးဖောက်ဖို့အတွက် တဘက်တလမ်းက နည်းမျိုးစုံနဲ့ အားပေးနေတာ ဖြစ်ပါတယ်။”

လာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင်းမှာတော့ လူ့အခွင့်အရေးအကြို လှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့ ဒီနေ့မှာတော့ လူ့အခွင့်အရေးပညာပေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Equality Myanmar- ညီမျှခြင်း - မြန်မာ (မန္တလေး)အဖွဲ့က ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် နယ်ပယ်အသီးသီးu လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ဆွေးနွေးဝိုင်း (Panel Discussion)၊ လူ့အခွင့်အရေး မှတ်တမ်းရုပ်ရှင်ပွဲတော်တွင် ဆုရမှတ်တမ်း ဇာတ်လမ်းများပြပွဲစတဲ့ အစီအစဉ်တွေကို မန္တလေးမြို့မှာကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာလည်း လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားဖို့ရှိပြီး ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ကလေးအခွင့်အရေးလှုပ်ရှားမှုတွေနဲ့ ဒီဇင်ဘာလ (၁၃) ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်မှာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဂီတ ဖျော်ဖြေပွဲတွေ၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ရှိတယ်လို့သိရပါတယ်။

XS
SM
MD
LG