သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပျက်မယ့်နေ့နဲ့ မာယာပြက္ခဒိန်


၂၀၁၂ ခု၊ ဒီဇင်ဘာ ၂၁ ရက်မှာ အဆုံးသတ်ခဲ့သည့် မာယာပြက္ခဒိန်ရေးဆွဲခဲ့သော မာယာလူမျိုးတို့၏ ယဉ်ကျေးမှုလက်ရာများ။ (ဓာတ်ပုံ/ဒေါ်ခင်မျိုးသက်)
၂၀၁၂ ခု၊ ဒီဇင်ဘာ ၂၁ ရက်မှာ အဆုံးသတ်ခဲ့သည့် မာယာပြက္ခဒိန်ရေးဆွဲခဲ့သော မာယာလူမျိုးတို့၏ ယဉ်ကျေးမှုလက်ရာများ။ (ဓာတ်ပုံ/ဒေါ်ခင်မျိုးသက်)
သင်္ချာနဲ့ နက္ခတ္တဗေဒ ပညာရပ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ ကျော် သမိုင်းဦးခေတ် ကတည်းက ပိုင်ပိုင်နိုင်နိုင် လေ့လာနိုင်ခဲ့တဲ့ လူမျိုး တမျိုး ရှိပါတယ်။ သူတို့ကတော့ အမေရိက တိုက် အလယ်ပိုင်းဒေသမှာ တွေ့ရတဲ့ မာယာလူမျိုးတွေပါ။ အလယ်ပိုင်း အမေရိကတိုက်မှာ ရှိတဲ့ မက်ဆီကို၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်လို နိုင်ငံတလွှားမှာတွေ့ရတဲ့ မာယာတွေ ရဲ့ ရှေးဟောင်း လက်ရာတွေနဲ့ သူတို့ရဲ့စာပေတွေကနေ မာယာယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ခေတ်ကို အံ့မခန်း တွေ့ခဲ့ကြတာပါ။

ဒီအထဲမှာ သူတို့ရဲ့ပြက္ခဒိန်က ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၃၁၁၄ နှစ်၊ သြဂုတ်လ ၁၃ ရက် မှာ စခဲ့တာမို့ သုတေသန ပညာရှင်တွေကို အံ့သြစေခဲ့သလို ခရစ်နှစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၁ ရက်နေ့ အထိပဲ ရေတွက်ထားတဲ့ ဒီပြက္ခဒိန်က အံ့သြစရာ အပြည့်ပေးနိုင်တဲ့ ဒီ လူမျိုးတွေ ကမ္ဘာကြီး ပျက်သုဉ်းမယ့်နေ့ကိုများ ကြိုပြောခဲ့လေသလားလို့ တွေးခဲ့ကြတာပါ။

Illinois ပြည်နယ်၊ Spoon River ကျောင်းက နက္ခတ္တဗေဒဌာန ပါမောက္ခ ဒေါက်တာ ဝင်းသာထွေးကတော့ ဒါကို လက်မခံပါဘူး။

“၂၀၀၅ ခုနှစ်လောက်ကတည်းက စပြီးတော့ သူတို့ပြောနေကြတာပါ။ ဒါကတော့ fictionတွေ၊ စိတ်ကူးယဉ်တာတွေပေါ့။ ဒီအချိန်မှာ ကမ္ဘာကြီး ပျက်မယ်ဆိုပြီး ပြောနေကြတာ။ ဒါက မဟုတ်ပါဘူး။ တကယ်ဆို မာယာတွေက ဒီနေ့ကို ပျက်မယ်လို့ အတိအကျ ပြောမသွားပါဘူး။ သူတို့တွေ တွက်ထား၊ လုပ်ထားတဲ့ Calendar က ဒီဖင်ဘာ ၂၁ ရက်နေ့မှာ ဆုံးတာကိုး။ ဆုံးတာနဲ့ ကျန်တဲ့လူတွေက ဒီနေ့မှာပဲ ကမ္ဘာပျက်မယ့် ပုံစံပြောတာ။ အမှန်က မဟုတ်ပါဘူး။”

မာယာတွေတင်မကဘဲ တခြားသူတွေကပါ ပြောသေးတယ် မဟုတ်လားဆရာ၊ အဲဒီနေ့ ကမ္ဘာကြီး ပျက်မယ်လို့။

“Nostradamus ကလည်းပြောတယ်။ တရုတ်ပြည်က ချင်းရယ်ချောင်း ဆိုတာကလည်း သူတို့ တွက်ချက်တာတွေကလည်း ၂၀၁၂ခုနှစ် မှာ ကမ္ဘာကြီးပျက်မယ်ပေါ့။ အဲဒီလို ပြောကြ တာပဲ။ ဒါပေမယ့် ဒါတွေက ဘာအထောက်အထားမှ မရှိပါဘူး။ ကမ္ဘာပျက်ဖို့ အထောက် အထား မရှိပါဘူး။”

ဒီလိုပြောရတဲ့ အကြောင်းရင်းတော့ ရှိမယ်ထင်တယ် ဆရာ။ အဲဒါ ဂြိုဟ် နက္ခတ်တွေနဲ့များ ဆိုင်သလား။ ပြောပြပေးပါ ဆရာ။

“ကျနော့်အနေနဲ့ ပြောရရင်တော့ ဂြိုဟ်၊ နက္ခတ်က ဒီဇင်ဘာ ၂၁ ရက်နေ့ကို ကြည့်လိုက်လို့ ရှိရင် ကောင်းကင်မှာ တောရပ်စ်လို့ခေါ်တဲ့ နက္ခတ်မှာကြည့်လိုက်လို့ရှိရင် အဲဒီမှာ ဂျူပီတာ ဆိုတဲ့ ကြာသာ ပတေး ဂြိုဟ်ကြီး ရှိနေတယ်။ တခြား ဂြိုဟ်တွေက နေ့လည်ဘက်မှာ ဆိုရင်တော့ တခြားဂြိုဟ်ဆို စနေဂြိုဟ်ရယ်၊ သောကြာဂြိုဟ်ရယ်။ နောက် မာကျူရီလို့ခေါ်တဲ့ ဗုဒ္ဓဟူး ဂြိုဟ်ရယ်။ ဒါတွေပဲ ရှိနေတယ်။ ကျန်တဲ့ ဂြိုဟ်တွေ တတန်းထဲဖြစ်နေတာ (Line up) ဖြစ်နေတာတော့ မရှိဘူး။ ဒါပေမယ့် တတန်းတည်း ဖြစ်နေတာမျိုးတော့ ရှိခဲ့ဖူး တာပေါ့လေ။ ၆၂ခုနှစ်တုန်းကတခါ lineup ဖြစ်ခဲ့တယ်။ ၇၂ ခုက တခါ ဂြိုဟ်တွေ တတန်းတည်း ဖြစ်ခဲ့ဖူးတယ်။ ၁၉၈၂ခု နောက်ပြီးတော့ ၂၀၀၀ ။ အဲဒီအခါတွေတုန်းကလည်း ကျနော်တို့မှာ ဘာမှ ပြဿနာမရှိခဲ့ဖူးပါဘူး။

တခုပဲရှိတာက- လူတွေက ဘယ်လို ထင်သလဲဆိုတော့ ဂြိုဟ်တွေ၊ နေတွေ၊ လတွေ တတန်းတည်း တန်းနေမယ်။ ပြီးတော့ နေနဲ့ ကမ္ဘာနဲ့ ဂြိုဟ်တွေနဲ့ နောက်ပြီး- စင်္ကြာဝဠာ- ကျနော်တို့ရဲ့ နဂါးငွေ့တန်း ကြီးနဲ့က တတန်းတည်း ဖြစ်နေမယ်၊ အဲဒီအခါကျလို့ ရှိရင် ကျနော်တို့ရဲ့ ကမ္ဘာဆွဲအားတွေက များလာပြီးတော့ ကမ္ဘာပဲပျက်မယ်ဆိုပြီးတော့ ပြောကြ တာ။ ၂၁ ရက် ဒါမှမဟုတ် ၂၂ ရက် ဒီဇင်ဘာလ ဆိုရင် ကျနော်တို့ နေက ဒက္ခိဏ ယဉ်စွန်းတန်းလို့ခေါ်တဲ့ တောင်ဘက် အစွန်ဆုံးကို ရောက်တာကိုး။ အင်္ဂလိပ်လိုတော့ Winter Solstice လို့ ခေါ်တယ်။ အဲဒါကတော့ နေက နှစ်စဉ်တန်းနေကျပဲ။ အဲတော့ ဒီနှစ်မှ ပိုပြီး ထူးခြားပြီးတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။”

ဂြိုဟ်တွေ ဒီလို တတန်းထဲ ဖြစ်သွားလို့ ဆွဲအား ပြောင်းသွားမယ်ဆိုတာ တခုတည်းပေါ်မှာ မူတည်ပြီး တော့ပဲ ပြောတာလား ဆရာ၊ တချို့ကတော့ ဒီနေ့မှာပဲ ကမ္ဘာကြီးက အမှောင် ကျသွားမယ်လို့ပါ ပြောနေတာကရော။

“အမှောင်ကျသွားဖို့ကလည်း ကျနော်တို့ ရဲ့နေက အခု သက်တမ်းကပဲ နှစ်သန်းပေါင်း ၄,၅၀၀ ရှိနေပြီ နောက်ထပ် နှစ်သန်းပေါင်း ငါးထောင်လောက် သွားအုံးမှာပဲ။ ဒါပေမယ့်လို့ တနေ့ ကျရင်တော့ ကျနော်တို့ နေကြီးက ကြီးမားတဲ့ အနီရောင်နေကြီး အကြီးကြီး ဖြစ်လာပြီးတော့ တချို့က ပေါက်ကွဲမယ်လို့လည်း ထင်တယ်။ ဒါပေမယ့် မပေါက်ကွဲပါဘူး။ တဖြည်းဖြည်းကြီး လာပြီးတော့ energy တွေ စွမ်းအင်တွေ ကုန်ဆုံးသွားပြီး ပြန်ကျုံ့သွားပြီး white dwarf ပြန်ဖြစ်သွားအုံးမှာပဲ။ အဖြူရောင် နေမှိန်ကလေး တခု ပြန်ဖြစ်သွားအုံးမှာပဲ။”

နောက် မမြင်ရတဲ့ ဂြိုဟ်တခုက လာပြီးတိုက်မှာမို့ ကမ္ဘာပျက်မှာ လို့လည်း ပြောနေတာရှိပါတယ် ဆရာ။

“ဒါက စိတ်ကူးယဉ်ပြီး ပြောနေကြတာပေါ့လေ။ fiction ထဲမှာပါတဲ့ "Nibiru" ဆိုတဲ့ X planet လို့လည်း ခေါ်တယ်။ ဒါဟာ ဆယ်ခုမြောက် ဂြိုဟ်လို့လည်း တချို့ပြောတယ်။ တချို့ကျတော့ ၁၂ ခုမြောက် ဂြိုဟ် လို့ ပြောတယ်။ အဲဒါကြီးက တခြား ဂြိုဟ်တွေရဲ့ ပါတ်လမ်းထဲမှာ မရှိဘဲ ကမ္ဘာရဲ့တောင်ဘက် အောက်ဖက်ကို ကြည့်မှ မြင်ရတယ်ပေါ့လေ။ အဲဒီဂြိုဟ်က မကြာခင် မှာပဲ နေနားကို ကပ်လာပြီးတော့ ကမ္ဘာကို တိုက်မယ်ပေါ့။ အဲဒါမျိုးတွေ ပြောကြတာပေါ့လေ။

အမှန်ကတော့ အဲဒီဂြိုဟ်လည်း မရှိပါဘူး။ နောက်တခုက ကျနော်တို့ အလွန်ဆုံးပြောရ ရင် တွေ့တာက Eris အဲရစ်ဆိုတဲ့ ဂြိုဟ်မွှားလေးတခုပဲ ရှိတယ်။ အဲဒါလေးကလည်း အင်္ဂါဂြိုဟ် နဲ့ ကြာသပတေးဂြိုဟ် ကြားမှာရှိတဲ့ ဥက္ကာပျံ ခါးပါတ်ကြီးထဲမှာရှိတာ။ အဲဒါကလည်း ကမ္ဘာဘက်ကို ဦးတည်မနေပါဘူး။”

..ဆိုတော့ ၂၁ ရက်နေ့မှာ ကမ္ဘာကြီး ပျက်မယ်လို့ ခန့်မှန်းကြတာက သူတို့ အခြေခံပြီး ပြောတဲ့အကြောင်းက ဘာလို့ ထင်ပါလဲ ဆရာ။

“ကျနော်တို့ သိပ္ပံပညာရှင်တွေဘက်ကနေ ကြည့်မယ်ဆိုရင်တော့ သူတို့ ဘာကြောင့်ပြော တယ်ဆိုတာ မပြောနိုင်ဘူးပေါ့လေ။ ဒါပေမယ့် တခုပဲရှိတာက- အခုနပြောသလိုပဲ မာယာ Calendar က ၂၁ ရက်နေ့ မှာ သူတို့ သတ်မှတ်ထားတဲ့၊ သူတို့ဆွဲထားတဲ့ Calendar ကြီးက ဆုံးတာကိုး။ အဲဒီဆုံးတာကိုပဲ လူတွေက ကမ္ဘာပဲ ဆုံးမယ့်ပုံ၊ ကမ္ဘာပဲ ပျက်တော့မယ့် ပုံစံ မျိုး ပြောကြတာ။ သူတို့တွေ ဆွဲခဲ့တဲ့ Calendar က ကျနော်တို့ဆီမှာလည်း ရှိတယ် မဟုတ်လား။ နှစ်တထောင် Calendar ပြက္ခဒိန်ရှိတယ် မဟုတ်လား။ အဲဒီ Calendar ဆုံးသွားပေမယ့် ကမ္ဘာဆုံးသွားမယ်လို့ ပြောတာမှ မဟုတ်တာ။”

ဒေါက်တာ ဝင်းသာထွေးပါ။

မာယာတွေဟာ ပြက္ခဒိန် ၃ မျိုးကို ရေးဆွဲခဲ့တယ်လို့ Virginia ပြည်နယ် Longwood တက္ကသိုလ်က ရှေးဟောင်း မာယာလူမျိုးဆိုင်ရာ ကျွမ်းကျင်သူ Walter Witschey က ပြော ပါတယ်။ Tzolkin လို့ ခေါ်တဲ့ ဘာသာရေး အခန်းအနားတွေအတွက် ရည်ရွယ်တဲ့ ရက်ပေါင်း ၂၆၀ သတ်မှတ်ထားတဲ့ ပြက္ခဒိန်၊ နောက် လက်ရှိ ကမ္ဘာသုံးပြက္ခဒိန်လို ရက်ပေါင်း ၃၆၅ရက် ပါပေမယ့် ၄ နှစ်တကြိမ် ဖေဖော်ဝါရီလမှာ တရက်တိုးတာမျိုး ရက်ထပ် ရက်မရှိတဲ့ Haab လို့ ခေါ်တဲ့ ပြက္ခဒိန်အပြင် နှစ်ပေါင်း များစွာကို ရေတွက်ထားတဲ့ ပြက္ခဒိန် အရှည်ကြီးပါ။ ဒီပြက္ခဒိန်အရှည်ကြီးမှာ နှစ်ပေါင်း ၅,၁၂၆ နှစ်ပါပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဆုံးပါတယ်။

မာယာတွေဟာ ရက်ပေါင်း ၂၀ အတွက် သူတို့ရဲ့ ရုပ်ပုံစာနဲ့ ကိန်းဂဏန်းတွေ သတ်မှတ် ထားပြီး ၂၀ ပြည့်ရင် အစက်တစက်နဲ့ခြားပြီး အဲဒီ ၂၀ ကို တစ်ခုအဖြစ် ပြန်ရေတွက်ပါတယ်။ အဲဒီလို ကန့်ထားတဲ့ အစက်ပေါင်း ၄ စက် ရှိပြီး ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ် မှာတော့ ရေတွက်ထားတဲ့ ရက်ပေါင်း ၁၃.ဝ.၀.ဝ.၀ ရှိနေပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့ ဆိုရင်တော့ ၁၃.ဝ.၀.ဝ.၁ အဖြစ် ရေတွက်ဖို့ ရှိပြီး အဲဒီအချိန်မှာ ကမ္ဘာပျက်မယ်လို့ ရေး ထားတာကိုတော့ မတွေ့ရသေးဘဲ သူတို့ဟာ နောင် နှစ်ပေါင်း သန်းနဲ့ချီပြီး ဆက်ရေတွက်ဖို့ ရှိနေသေးတယ်လို့ ခန့်မှန်းထားတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါစေ။
XS
SM
MD
LG