သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလုံဥပဒေကြမ်း လက်ရှိသက်တမ်း အတည်ပြုဖို့ ခက်ခဲ


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းဟာ အခုချိန်ထိ အမျိုးသား လွှတ်တော်မှာ တရားဝင် တင်သွင်းထားခြင်းမရှိသေးတာကြောင့် လွှတ်တော် ၂ ရပ်လုံးမှာ ဆွေးနွေးအတည်ပြုဖို့ အချိန်လုံလောက်မှု မရှိဘူးလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေး ပါမယ်။

လတ်တလော ဝေဖန်မှုတွေရှိနေတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥပဒေကြမ်းဟာ အခုချိန်ထိ အမျိုးသားလွှတ်တော်မှာ တရားဝင် အဆို တင်သွင်းထားခြင်း မရှိသလို လွှတ်တော်တွင်းမှာ အဆင့်ဆင့်ဆွေးနွေး ရဦးမှာဖြစ်တာကြောင့် ဒီလွှတ်တော်သက်တမ်းမှာ အတည်ပြုဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အခုလို ရှင်းပြပါတယ်။

“တရားဝင်အားဖြင့် summit လုံးဝမလုပ်ရသေးပါဘူးခင်ဗျာ။ တရားဝင်တင်တယ် ဆိုရင်တောင်မှ လွှတ်တော်က လက်ခံရဦးမယ်။လွှတ်တော်က လက်ခံတယ်ဆိုတာ အတည်ပြုဖို့ မဟုတ်ဘူးနော်။ ဆွေးနွေးဖို့လက်ခံတယ်ဆိုတဲ့အခါကျတော့မှ ဥပဒေကြမ်းကော်မတီကိုရောက်လာမယ်။ ရောက်လာတဲ့အခါကျတော့မှ ဥပဒေကြမ်းကော်မတီက လေ့လာသုံးသပ်ချက်နဲ့ သဘောထားမှတ်ချက်ကို လွှတ်တော်ကို တင်မယ်။ ပြီးရင် ဆွေးနွေးမယ့်လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ဦးမယ်။ ဆွေးနွေးမယ့်လွှတ်တော်ကိုယ်စားလှယ် တွေကလည်း ရှိမှာပဲလေ။ ဒီဥပဒေမျိုးဆိုတာက အဲဒါဆွေးနွေးကြဦးမယ်။ ဆွေးနွေးပြီးတော့မှ အဲဒါကိုမှ တခါ ပြန်ပြီးတော့ ဥပဒေကြမ်းကော်မတီအနေနဲ့ ကြားနာရမယ်။ လွှတ်တော်ကို အစီရင်ခံစာ ထပ်တင်ရမယ်။ အဲတော့ စဉ်းစားကြည့်လေ။ ဒီ ရက် ၂၀ လောက်ကျန်တဲ့ကာလမှာ ပြီးနိုင်မပြီးနိုင်ဆိုတာ ဆုံးဖြတ်ကြည့်ပေါ့။ ဟုတ်လား။ အဲတော့ အမျိုးသား လွှတ်တော်ကနေပြီးတော့ ဘယ်လိုပဲအတည်ပြုလိုက်တယ်ပဲ ထားထား၊ ပြည်သူ့လွှတ်တော်ကျန်သေးတယ်။ လွှတ်တော် ၂ ရပ် သဘောထားကွဲတယ်ဆိုတာဖြစ်နိုင်သေးတယ်။ ဒါကြောင့်မို့လို့ ကျနော် တွက်ပြတာက logically စဉ်းစားကြည့်ရင် ဘယ်လိုမှကို မမှီနိုင်ဘူး အချိန်ကာလအားဖြင့်တွက်ရင်။”

ဒီဥပဒေကြမ်းကို ပြည်ထောင်စုအဆင့်အဖွဲ့က တင်သွင်းတာမဟုတ်ဘဲ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြက ပုဂ္ဂလိကအဆိုအနေနဲ့ တင်သွင်းဖို့ တင်ပြထားတာပါ။ အဆိုတင်သွင်းထားတဲ့ ဦးတင်မြကလည်း အခုအချိန်မှာ ကျန်းမာရေးအခြေအနေအရ ခွင့်ရက်ရှည် ယူထားတာကြောင့် တရားဝင် အဆို မတင်သွင်းရသေး တာလည်းဖြစ်ပါတယ်။

ပုဂ္ဂလိကအဆိုအနေနဲ့တင်သွင်းဖို့ ပြင်ဆင်ထားတဲ့ ဒီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းဟာ ပြည်ထဲရေးဝန်ကြီးဌာနကတင်သွင်းထားတဲ့ သမ္မတတာဝန်ထမ်းဆောင်သူကို ကာကွယ်ပေးမယ့် ဥပဒေကြမ်းနဲ့ယှဉ်ရင် လွှတ်တော်တွင်းမှာ ဆွေးနွေးဖို့ ဒုတိယဦးစားပေးအဆင့်မှာပဲ ရှိနေတယ်လို့ ဒေါက်တာမြတ်ဉာဏစိုးက ဆက်ပြောပြပါတယ်။

“အဲတော့ ဘာနဲ့သွားပြီးတော့ လူတွေကမှားနေသလဲဆိုတော့ ဒီနိုင်ငံတော် သမ္မတရဲ့လုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ၊ အဲဒါ က ပြည်ထဲရေးဝန်ကြီးဌာနက တင်လာတာ။ အဲတော့ ဥပဒေကို တင်သွင်းတဲ့အခါမှာလည်း အဆင့်တွေရှိတယ်။ Priority ပေါ့။ First Priority က ဘာကိုပေးထားတာလဲဆိုတော့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ကတင်သွင်းလာတဲ့ ဥပဒေများကို ဆွေးနွေးရမယ် ဆိုတာပါတယ် ၊ ဦးစားပေးပြီးတော့။ အဲတော့ ဒါက Second Priority ပဲ။”

ပြည်သူ့လွှတ်တော်ဘက်မှာလည်း ဘက်ဂျက်ကိစ္စကို အပူတပြင်း ဆွေးနွေးနေရတယ် လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးသိန်းထွန်းဦးက အခုလို ပြောပါတယ်။

“Daily ဘက်ဂျက် ကို ကျနော်တို့လုပ်နေရတဲ့ဟာက ကျနော်တို့ဒီလွှတ်တော် ဒီ သက်တမ်းမှာ အပြီးလုပ်သွားရမှာ အရေးတကြီးရှိတယ်။”

အမျိုးသားလွှတ်တော်တွင်းမှာ အမတ်တွေ လေ့လာဖို့ဆိုပြီး ဖြန့်ဝေထားတဲ့ ဒီအမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်ရင် သမ္မတရဲ့ အာဏာကို လျော့ကျစေတယ်ဆိုပြီး ဥပဒေကျွမ်းကျင် သူတွေ၊ နိုင်ငံရေးကျွမ်းကျင်တွေက ဝေဖန်နေတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG