သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်သင်္ဘောနစ်ချိန် ကယ်ဆယ်ရေးနောက်ကျ


ကျောက်ဖြူကနေ စစ်တွေမြို့ဆီ ခုတ်မောင်းလာတဲ့သင်္ဘောနစ်မြုုုပ်မှုက ကယ်ဆယ်ထားတဲ့ အသက်ရှင်ကျန်ရစ်သူများ။ (ဓာတ်ပုံ - သစ်လွင်ဦး)
ကျောက်ဖြူကနေ စစ်တွေမြို့ဆီ ခုတ်မောင်းလာတဲ့သင်္ဘောနစ်မြုုုပ်မှုက ကယ်ဆယ်ထားတဲ့ အသက်ရှင်ကျန်ရစ်သူများ။ (ဓာတ်ပုံ - သစ်လွင်ဦး)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးပင်လယ်ပြင်မှာ မတ်လ (၁၃)ရက်နေ့က နစ်မြှုပ်သွားတဲ့ အစိုးရပိုင် အောင်တံခွန် နှစ်ထပ်သင်္ဘောနဲ့လိုက်ပါသွားသူ ခရီးသည်ဦးရေခန့်မှန်းခြေ (၅၀) နီးပါးလောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အစိုးရကထုတ်ပြန်ကြေညာထားပါတယ်။ သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းဟာ သတ်မှတ်ထားတဲ့ အလေးချိန်ထက် အလွန်အကျွံပိုပြီးတင်လာတဲ့ ခရီးသည်နဲ့ ကုန်ပစ္စည်းတွေကြောင့် ဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီနေတဲ့ ဒေသခံတဦးပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကိုထွက်ခွာ လာတဲ့ အောင်တံခွန်နှစ် ထပ် သင်္ဘောဟာ ကျောက်ဖြူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ဆက်လက်ထွက်ခွာ လာရာ မြေပုံမြို့နယ်မြောက်ကျွန်းအနီးမှာ သောကြာနေ့ည (၉)နာရီကျော်ပတ်ဝန်းကျင်လောက်မှာ စတင်နစ်မြုပ်သွားတာဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ကျောက်ဖြူလူမှုကွန်ယက်အဖွဲ့နဲ့ နာရေးကူညီမှုအသင်း တာဝန်ခံ ဦးထွန်းလွင်ကအခုလိုပြောပြပါတယ်။

“ရာသီဥတုဆိုးလို့မဟုတ်ဘူး၊ သင်္ဘောက အိုဟောင်းနေပြီ။ နောက်တခါ သင်္ဘောထဲမှာ ပစ္စည်းတွေ အဆမတန်များတယ်။ သံတွေ ပါတယ်။ နောက်ပြီးမှ မီးတိုင်တွေပါတယ်လို့လည်း ကျနော်တို့ သိရတယ်။ လူကလည်းပဲ ၃၀၀ ကျော်လောက် အဲဒိသင်္ဘောပေါ်မှာပါတာဗျ။ အဲဒါကြောင့် ဖြစ်တာဗျ။”

သင်္ဘောနစ်မြှုပ်တဲ့နေရာကို ကျောက်ဖြူမြို့က လူမှုရေးအဖွဲ့အစည်းတွေလည်း ကယ်ဆယ်ရေးမော်တော်တွေနဲ့အတူလိုက်ပါပြီး ကူညီခဲ့ကြပါတယ်။ အဲဒီမှာတွေ့ကြုံရတဲ့အခြေအနေကိုတော့ ဦးထွန်းလွင်က အခုလိုပြောပြပါတယ်။

“ကျောက်ဖြူက မီးသတ်တို့၊ ရဲတို့ အုပ်ချုပ်ရေးမှူးရုံးတွေက သွားကြတယ်။ သို့သော်လည်း ညဘက် ၂ နာရီလောက်မှ အဲဒီကို ထွက်သွားတဲ့အခါကျတော့ သင်္ဘောမြုပ်ပြီး ဆယ်နာရီလောက်ကြာမှ သူတို့ ရောက်သွားတာဗျ။ အမှန် ကယ်လိုက်တာက သင်္ဘောပေါ်မှာပါတဲ့ ဝါးတွေဗျ။ သင်္ဘောပေါ်မှာပါတဲ့ ဝါး တွေက အစည်းပေါင်း ၆၀ လောက်ပါတယ်။ အဲဒီဟာက ကယ်လိုက်တာ၊ ဘယ်သူမှ ကယ်တာမဟုတ်ဘူး။ အဲဒီဝါးတွေမပါရင် အကုန်လုံးသေမှာ၊ အဲဒီသင်္ဘောပေါ်ကလူတွေ၊ ဒီက ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်တဲ့ဟာက ဆယ်နာရီလောက်ကြာပြီးမှ ရောက်ကြတာဖြစ်တယ်ဆိုတော့ သူတို့ ရောက်သွားတဲ့အခါကျတော့ ရွာသားတွေက ရွာသားတွေက ကယ်ထားတဲ့လူတွေကိုပဲ ကျောက်ဖြူကို ခေါ်လာတာ။ ကယ်ဆယ်ရေးအဖွဲ့တွေက”

အခုချိန်ထိ နစ်မြှုပ်သွားတဲ့သင်္ဘောထဲမှာပါသွားတဲ့ခရီးသည်အလောင်းတွေကို ဆယ်ယူလို့မရသေးဘူးလို့ ဦးထွန်းလွင်ကပြောပါတယ်။ စနေနေ့ညက ကျောက်ဖြူဆေးရုံကိုသယ်ဆောင်လာတဲ့ ခရီးသည်အလောင်း (၃၃)လောင်းထဲမှာအမျိုးသမီး (၂၈)ဦး၊ ယောက်ျား (၄)ဦး၊ ကလေး(၃)ဦးနဲ့ ဘုန်းကြီး(၁)ပါးတို့ ပါဝင်ပါတယ်။

အသက်မသေဘဲလွတ်မြောက်လာတဲ့ ခရီးသည် (၃၅)ဦးကို ရေတပ်အကူအညီနဲ့ကျောက်ဖြူမြို့ကိုပို့ဆောင်ခဲ့ပြီး အလက (၄) မှာ အာဏာပိုင်တွေ ယာယီဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာကူညီစောင့်ရှောက်ထားပါတယ်။ စစ်တွေမြို့ကိုတော့ ကျန်ခရီးသည် (၇၀) ကျော်ကို ပို့ဆောင်ခဲ့တယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အောင်တံခွန်သင်္ဘောမှာ လက်မှတ်နဲ့ခရီးသည် (၂၁၀) ယောက်အပြင် ပိုက်ဆံပေးပြီး လက်မှတ်မရပဲစီးတဲ့ခရီးသည် (၁၀၀)ကျော်စုစုပေါင်း ခရီးသည်ဦးရေ (၃၀၀)ကျော်လောက် လိုက်ပါသွားတယ်လို့ ဦးထွန်းလွင်ကဆိုပါတယ်။ ရေကြောင်းခရီးပို့ဆောင်ရေးကိုအားထားနေရတဲ့ ရခိုင်ပြည်နယ်အတွက် ခိုင်ခံ့ ကောင်းမွန်တဲ့ ခရီးသည်တင်သင်္ဘောတွေကို စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့လည်း သူကပြောပါတယ်။

အစိုးရသတင်းထုတ်ပြန်ချက်မှာတော့ လက်ရှိအချိန်အထိ ခရီးသည် (၁၆၇) ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့ပြီး ပျောက်ဆုံး နေသူ စုစုပေါင်း (၄၇) ဦးရှိနေတယ်လို့ဖေါ်ပြထားပေ မယ့် ဒေသခံတွေဘက်ကတော့ ပျောက်ဆုံးနေတဲ့ ခရီးသည်ဦးရေ ၁၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းထားကြောင်း ဦးထွန်းလွင်က ပြောပါတယ်ရှင်။

XS
SM
MD
LG