သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြောင်း ပြန်မလှည့်နိုင်


ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းနေစဉ်။ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၂။
ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းနေစဉ်။ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၂။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။

အရင်စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ သူ့ကို စိတ်ဒုက္ခ အပေးဆုံးကိစ္စဟာ လိုအပ်လာရင် တပ်မတော်က အစိုးရအဖွဲ့ကို ထိန်းချုပ်နိုင်ခွင့်ပြုထားတဲ့ အချက်ဖြစ် တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အခုအခါမှာ အမေရိကန်ပြည်ထောင် စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့ သူ့အနေနဲ့ ထောက်ခံတယ်လို့လည်း ပြောပါတယ်။

ဒါဟာ ရုပ်သိမ်းပေးဖို့ အချိန်ကျလာတာဖြစ်ပြီး လိုအပ်နေတဲ့အချိန်ကာလတုန်းက ဒီလို အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ဒီမိုကရေစီအရေး တွန်းအားပေးခဲ့တဲ့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ အရေး ကို အဘက်ဘက်က ထောက်ခံအားပေးကြတဲ့ အမေရိကန်ပြည်သူ လူထုကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ယုံကြည်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ ခဲ့ရသလို ကြုံနေရသူတွေအတွက် အားပေးစကားလည်း ပြောကြားခဲ့ပြီး မျှော်လင့်ချက်တွေက ဘယ်တော့မှ မစွန့်လွှတ်ဖို့နဲ့၊ မျှော်လင့်ရုံ မျှော်လင့်နေတာ မဟုတ်ဘဲ ကြိုးစားအားထုတ် အလုပ်လုပ်မှုနဲ့ အခြေအနေအကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှား သွားကြဖို့၊ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG