သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒု-နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် သွားမည်


ကန် ဒု-နိုင်ငံခြားရေး ဝန်ကြီး Antony Blinken။
ကန် ဒု-နိုင်ငံခြားရေး ဝန်ကြီး Antony Blinken။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီသီတင်းပါတ်ထဲ မှာပဲ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

" ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီသီတင်းပါတ်ထဲမှာ ဂျပန်၊ မြန်မာ၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ပြီး ဒေသတွင်း အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံ ကို ရွေးကောက်ပွဲလွန်ကာလ ဒီမိုကရေစီ အကူးအပြောင်း အခြေအနေတွေကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့ သွားရောက်မှာ ဖြစ်ပါတယ်။"

ဒီခရီးစဉ်ဟာ မစ္စတာ Blinken ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး ဒီခရီးစဉ်အတွင်း မစ္စတာ Blinken ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကူးပြောင်းလာရေး အတွက် အဓိက ကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတဲ့ အရာရှိတွေနဲ့ နေပြည်တော် မှာ တွေ့ဆုံမယ်လို့ လည်း ပြောပါတယ်။

မစ္စတာ Blinken ဟာ နေပြည်တော်ကို ဇန်နဝါရီလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေ သွားရောက်စဉ်အတွင်း အစိုးရခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံပြီး ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေတွေနဲ့ မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အမေရိကန် အစိုးရရဲ့ ပံ့ပိုးပေးမယ်လို့ ကတိပေးထားတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ပြန်လည် မထွက်ခွါခင် နေပြည်တော်က Kempinski ဟိုတယ် မှာ ဇန်နဝါရီလ ၁၈ ရက် တနင်္လာနေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်ရေးနဲ့ အလုပ်သမားရေး ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ကလည်း ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး မစ္စတာ Blinken နဲ့ အတူ နေပြည်တော် မှာ မြန်မာအစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Malinowskiဟာ ရန်ကုန်ကိုပါ သွားရောက်မှာ ဖြစ်သလို အရပ်ဖက်လူမှုအဖွဲ့အစည်း တွေနဲ့ တွေ့ဆုံပြီး လူ့အခွင့်ရေးနဲ့ အုပ်ချုပ်မှု ဆိုင်ရာ ကျယ်ပြန့်တဲ့ ပြဿနာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီအထဲမှာ လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊နဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေ ပါဝင်ပါတယ်။ မစ္စတာ Malinowski ဟာ မြန်မာလုပ်ငန်းရှင်တွေ၊ သတင်းသမားတွေနဲ့ ကျောင်းသားတွေပါဝင်တဲ့ လူထု ဆွေးနွေးပွဲတရပ်ကို လက်ခံ ကျင်းပပေးမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG