သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုန်းတော်ကြီး တူးတူး ဒေါ်စုနဲ့တွေ့ဆုံ


ဘုန်းတော်ကြီး ဒက်စမွန် တူးတူးနဲ့ ဒေါ်စု တွေ့ဆုံစဉ် - ၂၆ ဖေဖော်ဝါရီ ၂၀၁၃ (ဓာတ်ပုံ-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ဘုန်းတော်ကြီး ဒက်စမွန် တူးတူးနဲ့ ဒေါ်စု တွေ့ဆုံစဉ် - ၂၆ ဖေဖော်ဝါရီ ၂၀၁၃ (ဓာတ်ပုံ-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
မြန်မာနိုင်ငံကို ရောက်နေတဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် တောင်အာဖရိက နိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) က လွတ်လပ်မှုကို ရှေးရှုတဲ့ ဘယ်လို လှုပ်ရှားမှုမျိုးကိုမဆို အားပေးရမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲ အနည်းငယ် တွေ့မြင်ရတာကို အားတက်သလိုပဲ ဒီ့ထက်မက အားလုံး လွတ်လွတ်လပ်လပ်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားတာကို မြင်တွေ့လိုတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံ ချိန်မှာ ပြောလိုက်တာပါ။ ဒီအကြောင်း ကိုတော့ သွားရောက် သတင်းယူထားတဲ့ ဒေါ်ခင်စိုးဝင်း က တင်ပြထားပါတယ်။

Semester at Sea ပင်လယ်ကူး သင်္ဘောကြီးနဲ့ တနင်္လာနေ့က ရန်ကုန်မြို့ကို ရောက်ရှိ လာတဲ့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) ဟာ သူ အနှစ်နှစ် အလလ က သိပ်ကို တွေ့ချင်နေတဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တွေ့ဆုံခွင့် ရတဲ့အတွက် ဝမ်းသာအဆုံး တပြုံးပြုံးနဲ့ ကလေးငယ်လေး တယောက် လို ပျော်ရွှင်နေတာ တွေ့ခဲ့ရပါတယ်။

ကမ္ဘာတဝှမ်းလုံးက လေးစားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အခုလို သူ ကိုယ်တိုင် တွေ့ဆုံနိုင်တဲ့အတွက် အင်မတန်မှ ဝမ်းသာတဲ့အကြောင်း ဘုန်းတော်ကြီး ဒက်စမွန် တူးတူး က အခုလို ပြောဆိုပါတယ်။

“ဒီကို လာရတာ သူ သိပ်ဝမ်းသာပါတယ်တဲ့ ဒီနိုင်ငံမှာ လုံး၀ လွတ်လပ်တဲ့ အခြေအနေ ရောက်တာ ကို သူ မြင်တွေ့ချင်ပါတယ်တဲ့။ အလားအလာတွေလည်း အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အလားအလာ ကောင်းတွေကိုလည်း တွေ့မြင်လိုတယ် လို့ ပြောဆိုသွားတာပါ။”

အိမ်ရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) ကို ဖေးမရင်း ဘုန်းတော်ကြီး ဒီကို လာရောက်နိုင်တဲ့အတွက် သူ့ရဲ့ ခံစားချက်ကို အခုလို ပြောဆိုသွားပါတယ်။

“ကျမတို့ မြန်မာနိုင်ငံအတွက်တော့ မသိဘူး။ အန်တီ့အတွက်တော့ အင်မတန်မှ စိတ်ချမ်းသာမှု ဖြစ် ရပါတယ်။”

တောင်အာဖရိက နိုင်ငံရဲ့ လူဖြူ လူမည်း ခွဲခြား ဆက်ဆံမှု ပပျောက်ရေး လှုပ်ရှားမှုနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် နှိုင်းယှဉ်ပြီးတော့ ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) က အခုလို သုံးသပ်လိုက်ပါတယ်။

“လွတ်လပ်မှုကို ရှေးရှုတဲ့ ဘယ်လို လှုပ်ရှားမှုမျိုးကို မဆို အားပေးရမှာ ဖြစ်ပါတယ်တဲ့။ အခုလို ပြုပြင်ပြောင်းလဲနေတာတွေကို ဒီ့ထက်မက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကောင်အ ထည် ဖော်တာကို မြင်လိုတယ်လု့ိလည်း ဆိုပါတယ်။ အခု မြင်တွေ့နေရတဲ့ ပြုပြင်
ပြောင်းလဲမှုတွေကို အသိအမှတ် ပြုပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားပြီး လူတိုင်းလူတိုင်း လွတ်လပ်လာဖို့အတွက် အားပေးကြဖို့ လိုတယ်လို့လည်း ဘုန်းတော်ကြီးက သုံးသပ်သွားပါတယ်။”

၁၉၈၄ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) ဟာ ဒီခရီးစဉ်အတွင်းမှာ သူ သိသလောက်တော့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီးတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံနိုင်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီခရီးစဉ်အတွင်းမှာ ပုဂံနဲ့ အင်းလေး ဒေသကိုလည်း
လေ့လာရေး ခရီးထွက်ဖို့ ရှိပြီးတော့ မတ်လ ၁ ရက်နေ့မှာတော့ Semester at Sea ပင်လယ်ကူး သင်္ဘောကြီးနဲ့ အိန္ဒိယနိုင်ငံကို ထွက်ခွာဖို့ ရှိပါတယ်ရှင်။
XS
SM
MD
LG