သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်မှုသည် ဖိနှိပ်မှုထက် ဈေးချို


ဘုန်းတော်ကြီး ဒက်စမွန် တူးတူး
ဘုန်းတော်ကြီး ဒက်စမွန် တူးတူး
ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) က ဘယ်နိုင်ငံမှာမဆို လွတ်လပ်မှုဆိုတာ ဖိနှိပ်မှုထက် ပိုပြီး အကုန်အကျ သက်သာတယ် လို့ မှတ်ချက် ချလိုက်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ သူဦးဆောင်ပြီး အကောင်အထည်ဖော်ခဲ့တဲ့ အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ဟာ အတိတ်ရဲ့ ခါးသည်းမှုတွေကို အထိုက်အလျောက် ကုစားပေးနိုင် ခဲ့ပေမဲ့ အနှိပ်ကွပ်ခံ လူထုအတွက် ဖိနှိပ်သူတွေကို ခွင့်လွှတ်ဖို့ဆိုတာ အပြောလွယ်သလောက် နာကျည်းမှု ဒဏ်ရာတွေက မေ့ပစ်ဖို့ ခက်ခဲလှပါတယ်လို့ ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) က ပြောဆိုလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်း က အပြည့်အစုံ တင်ပြထားပါတယ်။

တောင်အာဖရိက နိုင်ငံမှာ လူဖြူလူမည်း ခွဲခြားတဲ့ မူဝါဒကြောင့် အပယ်ခံ အထီးကျန် ဖြစ်ခဲ့ရာကနေ သမ္မတ အဖ် ဒဘလျူ ဒီ ခလခ် (FW de Klerk) လက်ထက်မှာ နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) လည်း ပြန်လည် လွတ်မြောက်ပြီးတော့ လူဖြူလူမည်း ခွဲခြားတဲ့စနစ်ကို ပယ်ဖျက်နိုင်ခဲ့ တယ်လု့ိ ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) က ပြောဆိုပါတယ်။

အဲ့ဒီနောက် နိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်နိုင်ခဲ့တာကြောင့် အကျည်းတန် ပိုးတုံးလုံး ဘဝကနေ လှပတဲ့ လိပ်ပြာအသွင် ကမ္ဘာမှာ တင့်တယ်တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ တင်စားရင်း လွတ်လပ်မှုကို ရှာဖွေ တွေ့ရှိခဲ့တဲ့အကြောင်း အခုလို မှတ်ချက်ပေးပါတယ်။

“လွတ်လပ်မှုဟာ ဖိနှိပ်မှုထက် ပိုပြီးတော့ အကုန်အကျ စရိတ်စခ သက်သာတာကို တွေ့ရှိခဲ့ရတယ် လို့ ပြောဆိုသွားတာဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ဖိနှိပ်တဲ့အစိုးရက သူတို့ကို ဆန့်ကျင် သူတွေကို ဖမ်းဆီး ထိန်းသိမ်းထောင်ချ၊ မသင်္ကာသူတွေကို စောင့်ကြည့်၊ နောက် သူတို့ လုံခြုံအောင် အစောင့်အကြပ်တွေ ထားရတဲ့အတွက် ကုန်ကျစရိတ်တွေ များခဲ့တဲ့အကြောင်း၊ နိုင်ငံ မှာ လူတိုင်း လူတိုင်း လွတ်လပ်လာတဲ့အခါမှာ အဲ့ဒါတွေ မလိုတော့တာကြောင့် ပြည်သူ့ဘဏ္ဍာငွေ လည်း အကုန်အကျ သက်သာစေတယ်လို့ ဟာသနှောပြီး ပြောဆိုခဲ့ပါတယ်။”

မြန်မာပြည်ရဲ့ သာယာဝပြောမှုကို မတူကွဲပြားတဲ့ လူမျိုးစုတွေအကြား မျှေ၀ ခံစားကြရင်ဖြင့် စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံကို ပြန်လည် ထူထောင်နိုင်ကြမှာ ဖြစ်တယ်လို့ ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) က အခုလို မှတ်ချက်ပေးပါတယ်။

“တခါက အာရှမှာ စပါးကျည် ဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံဟာ သိပ်ကို သာသာယာယာနဲ့ အံ့ဘွယ်
ကောင်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်တဲ့။ ပေါကြွယ်ဝလှတဲ့ သယံဇာတရဲ့ အကျိုးကျေးဇူးတွေကို လူတစုကပဲ ပိုက်ထွေးထားဖို့ မဟုတ်ဘဲနဲ့ အားလုံးကို မျှဝေပေးပြီး ခံစားစေမယ်ဆိုရင် တကယ့်ကို သာယာတဲ့ ငြိမ်းချမ်းမှုကို ရရှိကြမှာပါ။ လူတစုကပဲ လက်ဝါးကြီးအုပ်ထားရင် လက်ဝါးကြီးအုပ်တဲ့ လူစုဘက်ကလည်း မလုံခြုံ၊ စိတ်ချမ်းသာမှု၊ ငြိမ်းချမ်းမှု မရှိနိုင်ပါဘူးတဲ့။ အားလုံး သာတူညီမျှ ခံစားကြရင် ငြိမ်းချမ်းတဲ့ လှပတဲ့ နိုင်ငံကြီး ဖြစ်လာပြီးတော့ ကမ္ဘာတဝှမ်းလုံး လူတွေကလည်း အိမ်သာလို့ ဧည့်သည်တွေ အများကြီးလာတော့ အကျိုးကျေးဇူးတွေ ရှိကြမှာပါလို့ ပြောဆိုသွား တာ ဖြစ်ပါတယ်။”

တောင်အာဖရိကနိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားဆက်ဆံ ဖိနှိပ်ခဲ့ရာက အချင်းချင်း သတ်ဖြတ်တာ၊
နှိပ်စက်တာ၊ ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့ပါတယ်။ နိုင်ငံ လွတ်လပ်ပွင့်လင်းလာတဲ့အခါမှာ အာဃာတ တရားတွေ၊ နာကျည်းမှုတွေ ပြေပျောက်အောင် Truth and Reconciliation ဆိုတဲ့ အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ကို ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်မှာလည်း စစ်အစိုးရ လက်ထက်က အဖိနှိပ်ခံ လူထုအတွက် ဒီလို ကော်မရှင် မျိုး လိုအပ်တယ်လို့ ယူဆပါသလားလို့ ဗွီအိုအေရဲ့ သီးသန့် အမေးကိုတော့ ဘုန်းတော်ကြီးက အခုလို မိန့်ပါတယ်။

“အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ရရှိခဲ့တဲ့ သင်ခန်းစာတခုကတော့ လူမမာကို ဆေးပေးသလို ပုံတူ ကူးချလို့လည်း မရနိုင်ပါဘူး။ တခြားလူတွေကိုလည်း ဒီလိုပဲ လုပ်ပါလို့ ပြောလို့ မဖြစ်နိုင်ပါဘူး။ တကယ်တော့ ဒီနိုင်ငံက လူတွေကသာ ဘာလုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အတွေ့အကြုံတွေကိုတော့ မျှဝေပေးချင်ပါတယ်တဲ့။ နိုင်ငံရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားဖို့က အမှား ကျူးလွန်သူတွေက ဝန်ခံကြဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်လို့ ဘုန်းတော်ကြီးက မိန့်ကြားခဲ့ပါတယ်။”

ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ဒီဟောပြောပွဲကို အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell)၊ ဘာသာရေးခေါင်းဆောင်တွေ၊ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG