သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ သပိတ်ကျောင်းသားတွေ လက်ပံတန်းမှာ ရုံးထုတ်မည်


မတ်လ (၁၀) ရက်နေ့က လက်ပံတန်းမြို့မှာ ဒီမိုကရေစီပညာရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးသွားတဲ့မြင်ကွင်း။
မတ်လ (၁၀) ရက်နေ့က လက်ပံတန်းမြို့မှာ ဒီမိုကရေစီပညာရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးသွားတဲ့မြင်ကွင်း။

မတ်လ (၁ဝ) ရက်နေ့ လက်ပံတန်းမြို့မှာ ပညာရေးဥပဒေပြင်ဆင်ရေးဆန္ဒပြပွဲကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နှင်းအပြီး ဖမ်းဆီးခံရတဲ့ကျောင်းသူ ကျောင်းသားတွေအပါအဝင် ဝန်းရံသူ စုစုပေါင်း (၆၉) ဦးကို မတ်လ (၇) ရက် အင်္ဂါနေ့မှာ လက်ပံတန်းတရားရုံးမှာ တတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေးမှာဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့တွေ့ဖို့ ထောင်ဝင်စာကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေရှိနေကြောင်း ကျောင်းသားမိဘတွေက ပြောပါတယ်။ လက်ရှိစစ်ဆေးနေတဲ့ လက်ပံတန်းတရားရုံးကနေ သာယာဝတီတရားရုံးကို မကြာခင် ပြောင်းရွှေ့စစ်ဆေးဖို့ အာဏာပိုင်တွေက စီစဉ် နေတာပါ။ ဒါဟာ မြန်မာအစိုးရဘက်က ရိုးသားမှုမရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်ကပြောလိုက်ပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

ဒီကနေ့လက်ပံတန်းတရားရုံးချိန်မှာ ဖမ်းဆီးခံထားရတဲ့(၆၉) ဦးနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗကသ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုနန္ဒစစ်အောင်ကိုလည်း ပထမဦးဆုံးအကြိမ်ရုံးထုတ်စစ်ဆေးမှာဖြစ်တယ်လို့ ကျောင်းသားမိဘတဦးဖြစ်သူ မချိုချို က ဗွီအိုအေကို အခုလိုပြောပါတယ်။

“နန္ဒစစ်အောင်က အခုမှ ပထမဆုံးထွက်တဲ့တခေါက်ဖြစ်တယ်လေ။ သူတို့က ဝရမ်းလေးယောက် ကြေညာထားတာ ရှိတာကိုး။ နန္ဒစစ်အောင်ရယ်၊ မြတ်သူရယ်၊ ရဲရင့်ကျော်ရယ်၊ ကျော်ကိုကိုရယ် ရှိတယ်ဆိုတော့ သုံးယောက်က မမိသေးတဲ့အတွက် သူတို့က ဒီအမှုကို ဘာမှ ကြားနာအုံးမယ်မထင်ဘူး။”

မိဘတွေအနေနဲ့ ကျောင်းသားတွေကို ထောင်ဝင်စာတွေ့ဖို့ အခက်အခဲရှိနေတယ်လို့ မချိုချိုက အခုလိုဆက်ပြောပါတယ်။

“ပထမတုန်းက ကျမတို့က ပါဆယ်သွင်းလို့ရှိရင် ဘယ်သူသွင်းသွင်း လက်မှတ်ထိုးပြီးသွင်းရင် ရတယ်လေ။ အခုကျတော့ လာလှူတဲ့လူဆိုလို့ရှိရင် ထောင်ဝင်စာထုတ် တထုတ်ထက်ပိုပြီးတော့ နှစ်ထုတ် သုံးထုတ် ဖြစ်နေတယ်ဆိုလို့ရှိရင် သူတို့က အပြင်လူကို လုံးဝ ပေးမသွင်းတော့ဘဲနဲ့ အထက်ကို စာတင်ရတယ်၊ စာတင်တဲ့အခါမှာ ထောင်ပိုင်ကနေတဆင့် ထောက်လှမ်းရေးဆီတင်ရတယ်ဆိုတော့ အဲဒါတွေက အဆင်မပြေဘူးလေ။ အဆင်မပြေတော့ တော်ရုံလူမျိုးကလည်း အိမ်တွေနဲ့ပဲ ထည့်ပေးတော့တာပေါ့နော်။ အဲလိုထည့်ပေးတဲ့အခါကျတော့ သူတို့က ဗုဒ္ဓဟူး၊ ကြာသပတေး နှစ်ရက်ပဲ ပေးတွေ့တယ်။ နှစ်ရက်ပဲ ပေးတွေ့တဲ့အခါကျတော့ ဒီနေ့လို ထောင်ဝင်စာမျိုးပေါ့- ဒီနေ့က ရုံးထုတ်နဲ့ ထောင်ဝင်စာနဲ့ တကယ်တော့မတိုက်ဆိုင်ရဘူး၊ အဲလိုမျိုး တိုက်ဆိုင်သွားတဲ့အခါကျရင် အရမ်းကြီးနစ်နာတယ်။ တို့ အိမ်တွေနဲ့ကလည်း ဆယ်မိနစ်ပဲတွေ့ရတယ်။ ဆယ်မိနစ်ဆိုတဲ့အချိန်က ဘာမှ ထောင်ထဲနေထိုင်မှုအကြောင်းတွေ ဘာမှ မသိရဘူး။”

အာဏာပိုင်တွေဘက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ (၆၉) ဦးကို လက်ရှိရုံးထုတ်စစ်ဆေးနေတဲ့ လက်ပံတန်းတရားရုံးကနေ သာယာဝတီတရားရုံးကို ပြောင်းရွှေ့စစ်ဆေးဖို့ မကြာသေးခင်ရက်ပိုင်းအတွင်းက လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။ ဒါဟာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကို အာဏာပိုင်တွေဘက်က ချိုးဖောက်တာဖြစ်တယ်လို့AHRC အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံဦးမင်းလွင်ဦးက ပြောပါတယ်။

“သွေးရိုးသားရိုး ဆောင်ရွက်တာမဟုတ်ဘူးလို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။ ဘာလို့လဲဆိုလို့ရှိရင် အရင်အစိုးရလက်ထက်တုန်းကလည်း ဒီလိုမျိုး ကျောင်းသားခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားတဲ့သူတွေနဲ့ ပတ်သက်တဲ့အမှုတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ စစ်ဆေးစီရင်တာမဟုတ်ဘဲနဲ့ အင်းစိန်ထောင်ထဲမှာ ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးတွေမှာ စစ်ဆေးစီရင်တာမျိုး လုပ်ခဲ့ဖူးတဲ့အစဉ်အလာတွေ ရှိပါတယ်။ အဲဒီတော့ ဒီအစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာ ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ အကျုံးဝင်တယ်ဆိုရင်တော့ တရားမျှတမှုကို ဆောင်ရွက်ပေးချင်တယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ဖော်ဆောင်ချင်တယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ဒီ လက်ပံတန်းမြို့နယ် တရားရုံးမှာ စစ်ဆေးစီရင်ပြီးတော့ သက်သေခံ အထောက်အထားတွေရယ်၊ သက်သေထွက်ချက်တွေရယ်တွေကို လက်ပံတန်းမြို့နယ် ဒေသခံတွေကပဲ အဓိက ပြောပြနိုင်မှာဖြစ်တယ်။ အဲဒီတော့ ဒီ သက်သေခံမယ့် သက်သေအထောက်အထားတွေကို နည်းမျိုးစုံနဲ့ မပျက်စီး ပျက်စီးအောင် အစိုးရဘက်က ဆောင်ရွက်နေတယ်လို့ ကျနော်တို့က မြင်ပါတယ်။”

မေး။ ။ နောက် ကျောင်းသားတွေပေါ့နော်- အခု ဒီ ဆန္ဒပြတဲ့သူတွေကို စွပ်စွဲထားတဲ့စွဲချက်တွေပေါ့။ စွဲချက် (၅) ချက်လို့ သိရတယ်ရှင့်။ အဲဒီ စွဲချက်တွေအပေါ်မှာရော ကိုမင်းလွင်ဦးတို့ ဘယ်လို သုံးသပ်ပါလဲရှင့်။

ဖြေ။ ။ ပြောရမယ်ဆိုရင်တော့ ဒီ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ကိစ္စမှာ ဒီလိုမျိုး အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးတဲ့ ကိစ္စ ဖြစ်ပေါ်လာတယ်။ အရိုက်ခံရတဲ့သူတွေကို တရားခံအဖြစ် ပြန်လည်ဖမ်းဆီးတယ်ဆိုတာ က တော်တော်ကြီးကို မဖြစ်သင့်တဲ့ကိစ္စမျိုးလို့ ကျနော်တို့ မြင်တယ်။

လက်ပံတန်းမြို့မှာ ဒီမိုကရေစီပညာရေးတောင်းဆို ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွဲမှု မြင်ကွင်း။
လက်ပံတန်းမြို့မှာ ဒီမိုကရေစီပညာရေးတောင်းဆို ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွဲမှု မြင်ကွင်း။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သတင်းမီဒီယာတွေမှာ တွေ့ရတဲ့ ဓာတ်ပုံတွေအရကော၊ နောက်ပြီးတော့ မြင်ရတဲ့ ကြားရတဲ့ သတင်းတွေအရရော လက်နက်မပါတဲ့ ကျောင်းသူကျောင်းသားတွေကို လက်နက်အားကိုးပြီးတော့ အကြမ်းဖက် ဖြိုခွင်းရိုက်နှက်ပြီးတော့ အနိုင်ကျင့်တယ်လို့ ကျနော်တို့ကတော့ ခံစားရတယ်။ ကျနော်တို့ ဥပဒေအရလည်း နဂိုရ်ကတည်းကပဲ ဒီကျောင်းသားတွေကို ဖမ်းဆီး အရေးယူလောက်တဲ့အထိ လုပ်ဖို့ မလိုဘူးဆိုတာကို ကျနော်တို့ ပြောချင်ပါတယ်။

မတ်လ (၂၅) ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး (၆၉)ဦးလုံးကို လူစုခွဲဖို့ ငြင်းဆန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ ဆူပူအုံကြွစေမှု၊ နိုင်ငံ့ဝန်ထမ်းတွေကိုစော်ကားမှု- စတဲ့ပုဒ်မတွေနဲ့ ရဲအာဏာပိုင်တွေဘက်ကနေ စွဲချက်တင်ခဲ့တာပါ။ အခုလို အာဏာပိုင်တွေက ရာဇဝတ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တဲ့အပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း ကျောင်းသားအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် ကုလသမဂနဲ့ ဥရောပသမဂ္ဂတို့လည်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG