သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံကျောင်းသူတွေကို ကိုယ်ဝန်စစ်ခဲ့


လက်ပံတန်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဆန္ဒပြကျောင်းသူများ။
လက်ပံတန်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဆန္ဒပြကျောင်းသူများ။

လက်ပံတန်းကျောင်းသားသပိတ်ကျောင်းသူတွေကို သာယာဝတီအကျဉ်းထောင်ထဲမှာ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ခြင်းခံရတာဟာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ ရိုက်နှက်ဖမ်းဆီးခံရပြီး ထိန်းသိမ်းခံခဲ့ရတဲ့ ကျောင်းသူတွေအပါအဝင် အမျိုးသမီး ၂၀ ဝန်းကျင်ကို သာယာဝတီအကျဉ်းထောင်ထဲမှာ ဆီးစစ်ပြီး ကိုယ်ဝန်ရှိမရှိစစ်ဆေးခံရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသူ မရည်မွန်က ပြောပါတယ်။

“မိန်းကလေး အယောက် ၂၀ ပေါ့နော်၊ အဲဒါက ညနေပိုင်း ရေချိုးပြီးတော့မှ စစ်တာ။ ညီမတို့ကို ခွက်ကလေးတွေပေးပြီး ဆီးသွားယူ-တဲ့၊ အဲလိုမျိုးပြောတာ။ အမှန်အတိုင်းဆိုရင် တခါမှလည်း..အဲလိုမျိုး မသိဘူးပေါ့။ ဘာလုပ်ဖို့လဲဆိုတာ။ ပြီးတော့ အဲဒီခွက်ကလေးတွေ ပေးပြီးတော့ သူတို့တိုင်းတယ်။ ညီမတို့မှာ မရှိဘူးဆိုတော့ မိုင်းနပ်စ် ပေါ့။ အဲဒါလေး ပြလိုက်တယ်။ အကုန်လုံးကိုစစ်တယ် သူတို့က။ သမီးတို့က အပျိုတွေပဲ..ဆိုတော့၊ ပြီးတော့ လယ်သူမကြီးတွေပဲဆိုတော့ လုပ်နည်းလုပ်ဟန်အတိုင်း၊ ဆေးစစ်တယ်ဆိုတာ ဆီးစစ်တယ်ဆိုတာ အဖျား-ဟို ရောဂါတွေ ဘာတွေ စစ်တယ်ထင်တာ။ စစ်ပြီးတော့မှ အမတယောက်ကပြောတာ အဲဒါ ကိုယ်ဝန်စစ်တာ-တဲ့၊ မကျေနပ်ဘူး ပြောတော့မှ သမီးတို့လည်း စစ်ပြီးတော့မှ သိတာရှင့်။”

ဒါဟာ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်တာအပြင် ကျောင်းသားသပိတ်က ကျောင်းသူတွေကို ဂုဏ်သိက္ခာပိုင်းကို ထိခိုက်အောင်လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း မရည်မွန်က ဆိုပါတယ်။

“ဒါက ပုံဖျက်ချင်လို့ပေါ့။ ညီမတို့ထဲမှာ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေ ပါချင်ပါလိမ့်မယ်။ သူတို့က တကယ်လို့ ကိုယ်ဝန်တွေ ဘာတွေရှိခဲ့ရင် သူတို့က ကျမတို့ ကျောင်းသူတွေပါပဲဆိုပြီး ပြန်ဖွမှာရှင့်။ သပိတ်ထဲမှာ ယောက်ကျားလေးတွေလည်းပါတယ်။ မိန်းကလေးတွေလည်းပါတယ်။ အတူတူ မောင်နှမစိတ်နဲ့နေကြတာကို သူတို့က အဖမ်းခံရတဲ့ကားပေါ်မှာ နင်တို့က ဗိုက်ကြီးကမယ့်ဟာတွေဆိုပြီး ကားပေါ်မှာ ၊ အဲလိုမျိုး ပုံဖျက်ချင်လို့ပေါ့ ကိုယ်ဝန်စစ်တယ်။ အဲလိုမျိုးထင်တယ်ရှင့်”

ဥပဒေကြောင်းအရဆိုရင်တော့ ဒီလို စစ်ဆေးခွင့်ရှိတယ်လို့ ပြဌာန်းထားတာမရှိကြောင်း ရည်ရွယ်ချက်ရှိရှိဆောင်ရွက်တာဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ရှုမြင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။

“ဒါက ဥပဒေကြောင်းအရ စစ်ဆေးခွင့်ရှိတယ်လို့ ပြဌာန်းမထားပါဘူး။ ကျန်းမာရေးအခြေအနေအရ စစ်ဆေးတယ်ဆိုရင်တော့ အကျဉ်းထောင်လက်စွဲဥပဒေအရ လုပ်ခွင့်ရှိပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ရည်ရွယ်ချက်တမျိုးမျိုးနဲ့ အကြောင်းတခုခုပြပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာ ဒါက ဘယ်လိုမှ တရားမျှတမှု မရှိပါဘူး။ ဥပဒေက လုပ်ပိုင်ခွင့်ပေးမထားတဲ့လုပ်ရပ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အကြောင်းတခုခုပြဖို့ လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါ လူ့အခွင့်အရေး ချိုးဖောက်ခံရတာလို့ ပြောလို့ရပါတယ်ဗျ။”

အကျဉ်းထောင်တွေမှာ ကျန်းမာရေးစစ်ဆေးခွင့်ဆိုတာကို တကယ်လိုအပ်နေတဲ့ အကျဉ်းသားတွေကိုတောင် ဆောင်ရွက်ပေးမှုတွေအားနည်းကြောင်း ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။

“တကယ့်တကယ် နေမကောင်းဖြစ်တဲ့လူတွေကိုတောင်မှ တော်ရုံတန်ရုံအကျဉ်းထောင်အတော်များများမှာ အကျဉ်းသားကို အခုလို ဂရုစိုက်တဲ့အလေ့အထမရှိဘူးဗျ။ တကယ်လို့ နေမကောင်းဖြစ်တယ်ဆိုရင်တောင်မှ နေမကောင်းဘူးဆိုတဲ့အကြောင်းကို ထောင်မှာရှိတဲ့ ထောင်အာဏာပိုင်တွေကို အကြောင်းကြားရတယ်ဗျ။ အဲဒီလို အကြောင်းကြားမှသာလျှင် စစ်ဆေးပေးတာ။ အဲဒီလို အကြောင်းကြားတာတောင်မှ တော်ရုံတန်ရုံစစ်ဆေးခွင့် ကျန်းမာရေးကုသခွင့်ရတာမျိုးတောင် သိပ်မရှိဘူး ကျနော်တို့ ပြောလို့ရပါတယ်ဗျ။”

အဖမ်းခံရတဲ့ အမျိုးသမီးတွေထဲမှာ ကျောင်းသူတွေများပြီး သပိတ်မှောက်ကာလမှာကတည်းက လူမှုကွန်ယက်တွေကနေ ကျောင်းသား ကျောင်းသူတွေရဲ့ ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့အရေးအသားတွေကို ရေးသားနေကြတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားတဲ့အချိန်မှာလည်း ယူနီဖောင်းဝတ်ဆင်ထားသူတွေက ကျောင်းသူတွေကို ရာဇဝတ်သားတွေလို ဆက်ဆံခဲ့ပြီး လူ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ အပြောအဆိုတွေနဲ့ မျက်နှာကို ရိုက်နှက်မှုတွေရှိခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသူတွေက ပြောပါတယ်ရှင်။

XS
SM
MD
LG