သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားမဲရုံအချို့ ဖွင့်ဖို့ လုံခြုံရေးအရ အခက်အခဲရှိ


လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေကြောင့် အချို့သောပြည်နယ်တွေက နယ်မြေဒေသအချို့မှာ အချိန်မီ မဲရုံဖွင့်လှစ်နိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် အချို့ဒေသတွေမှာတော့ ပြီးခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုတွေအရ မဲရုံတွေကို ပြောင်းရွှေ့ဖွင့်လှစ်တာ၊ ပေါင်းပြီး ဖွင့်လှစ်ရတာမျိုးတွေ ရှိမယ်လို့လည်း ပြောပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းဋ္ဌာန မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အခန်းအမှတ် ၄၊ ပုဒ်မ (၁၀)(စ) အရ သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်း ကောင်း၊ နယ်မြေ လုံခြုံရေး အခြေအနေအရသော်လည်ကောင်းရွေးကောက်ပွဲကျင်းပနိင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေရဲ့ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းခြင်းနဲ့ ပယ်ဖျက်ခြင်း တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နိင်တယ်လို့ ပြဋ္ဌာန်းချက်ရှိပါတယ်။ မဲရုံဖွင့်လှစ်ဖို့ အခက်အခဲရှိတယ်လို့ ဒေသခံ ရွေးကောက်ပွဲ အာဏာပိုင်တွေဘက်က တင်ပြထားတဲ့ နယ်မြေအတွက် ဒီ ပြဋ္ဌာန်းချက်အညီဆောင်ရွက်နိုင်ဖို့ ကော်မရှင်က ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးတစ်ဦး က ခုလိုပြောပါတယ်။

“အဲဒါကတော့ ကော်မရှင်က မဆုံးဖြတ်သေးလို့၊ ကော်မရှင်ဆုံးဖြတ်ပြီးမှ ထွက်လာမှာ၊ အဲဒီတော့မှ စမှာ၊ ကျနော် မပြောနိုင်သေးလို့ပါခင်ဗျ။”

မဲရုံကျင်းပမဲ့နေရာ ၃,၀၀၀ ကျော်ရှိတဲ့ စစ်ကိုင်းတိုင်းမှာ မကြားသေးခင်က ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မဲရုံတွေကို နေရာပြောင်းဖွင့်လှစ်ဖို့ ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ခုလိုပြောပြပါတယ်။

“မဲရုံမလုပ်နိုင်တဲ့နေရာတော့ မရှိဘူး။ မဲရုံနေရာရွှေ့တဲ့နေရာတွေတော့ ရှိတယ်။ အထူးသဖြင့်တော့ အားလုံးက ၃,၇၁၀ ရှိတယ်လေ။ အရေအတွက်တော့ မပြောင်းဘူး။ တမူးမြို့နယ်က မင်းသမီးရွာတို့၊ ဘာတို့ဆိုရင် သူတို့က အဲဒီရွာက ရွှေ့လိုက်ရတာကိုး။ ရွှေ့တဲ့နေရာမှာ စာသင်ကျောင်းဆောက်နေတယ်။ အဲဒီ စာသင်ကျောင်းလေးမှာပဲ မဲပေးဖို့ပေါ့။ နေရာပဲရွှေ့သွားမှာပေါ့။ တချို့ နေရာတွေမှာ ပေါင်းတာတွေလည်း ရှိတယ်။ အဲဒီအသေးစိတ်တွေကျတော့ သူတို့ မြို့နယ်တွေမှာပဲ အသေးစိတ်သိမယ်။ ကျနော်တို့ဆီလည်း တချို့တက်ဆဲ၊ တချို့ကလည်း လာဆဲပေါ့လေ။ ပျက်သွားတာတော့ မရှိဘူးထင်ပါတယ်။ ကျေးရွာကလူတွေ၊ ပြည်သူလူထု ရွှေ့သွားတဲ့နေရာကိုပဲ ကျနော်တို့က အဆင်ပြေအောင် မဲရုံကို ရွှေ့ပေးမှာပါ။ လုံးဝမှ အဆောက်အဦးမရှိတဲ့ နေရာ ဆိုရင်လည်း ဆောက်ပေးဖို့အထိ စီစဉ်ထားပါတယ်။ ရွှေ့သွားတဲ့နယ်မြေရှိမှာက - တမူးမြို့နယ်ရှိမယ်။ နောက် ကလေးမြို့နယ်မှာရှိမယ်။ မော်လိုက်- ချင်းတွင်းမြစ်ရိုးမှာလည်း ရှိနိုင်တယ်။ ဖောင်းပြင်၊ မော်လိုက်၊ ခန္တီးတို့မှာလည်း ရှိကောင်းရှိနိုင်တယ်။”

ရှမ်းပြည်နယ်တွင်းမှာ ရှိတဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစမ်းအောင်ကလည်း ခုလို ပြောပါတယ်။

“မန်တုံမြို့နယ်၊ တိမ်းရှောင်စခမ်းတွေ…အခုက အဲဒီမဲရုံကို နီးစပ်ရာမှာ ပြောင်းရွှေ့ပေးရတာ တစ်ခုတည်းပါပဲ။ ကျန်တာ ..စောင့်နေတဲ့ အနေအထားတွေ ရှိပါတယ်။ မဲထည့်နိုင်အောင်ဆိုပြီး ကျနော်တို့က နီးစပ်ရာကိုပေါင်းပြီး ထည့်ပေးရတာ။ မန်တုံနဲ့နီးတဲ့ရွာပေါ့။ ဒီနေ့ထက်ထိတော့ အဆင်ပြေနေတာပေါ့။ ဒီပလောင်အဖွဲ့ကလည်း ကြေညာထားပြီးဖြစ်ပါတယ်။ ဒီမဲရုံကိုဖြစ်အောင် ….သူတို့အနေနဲ့ ဘာမှ အနှောင့်အယှက်မပေးဘူးဆိုတာလည်း သူတို့က ကြေညာပြီးသားဖြစ်နေတယ်။ လွတ်လွတ်လပ်လပ် စည်းရုံးနိုင်တယ်ပေါ့။ ဘာသာရေး၊ လူမျိုးရေး မထိခိုက်တဲ့စည်းရုံးရေးမျိုးဆိုရင် အချိန်မရွေး သူတို့အနေနဲ့လက်ခံတယ်ဆိုတာ ကြေညာထားတယ်။”

မဲရုံကျင်းပမယ့်နေရာ ၁,၀၀၀ ကျော်ရှိတဲ့ ချင်းပြည်နယ်မှာလည်း မဲရုံပြောင်းရွေ့မှုတွေလုပ်မှာပါ။ ဒါနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလျန်အုပ်က ခုလိုပြောပါတယ်။

“ဟားခါးမြို့ပေါ်၊ မြို့ဟောင်းရပ်ကွက်ပေ့ါနော်၊ မြို့ဟောင်းရပ်ကွက်ရယ်၊ နောက်ရပ်ကွက်တစ်ခုရယ်၊ တရပ်ကွက်လုံး မြို့သစ်မှာပြောင်းတော့ မဲရုံက မြို့သစ်မှာပဲ ပြောင်းပေးလိုက်တယ်။ သူတို့အနားမှာ။ အဲဒီအတိုင်းပါပဲ။ တွန်းဇံမြို့နယ်တို့၊ ဘာတို့မှာ ကမ့်မှာရှိတဲ့၊ ကမ့်အနားမှာပဲ မဲရုံကို ရွှေ့ပေးလိုက်တယ်။ နောက် လိုအပ်တာရှိရင် မဲရုံနည်းနည်းပေါ့ဗျာ- တိုးပေးလိုက်တယ်။ အဲလိုပဲ ကျနော်တို့ကတော့ အဆင်သင့်ပါပဲ။ ထိခိုက်မှု မရှိပါဘူး။”

လက်ရှိမှာ လုံခြုံရေးအရ ကချင်ပြည်နယ်မှာ မဲရုံ ၁၀၀ ကျော်နဲ့ ကရင်ပြည်နယ်ဘက်မှာ ကျေးရွာ ၄၁ ခု ဒေသအတွင်း လုံခြုံရေး အခြေအနေကြောင့် မဲရုံမဖွင့်နိုင်ဘူးလို့ သက်ဆိုင်ရာ ပြည်နယ်တွေကပြောဆိုထားပါတယ်။ ဒီလိုလုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကော်မရှင်ကနေ မဲရုံမဖွင့်လှစ် နိုင်ခဲ့ရင် ဒေသခံတွေအတွက်မဲပေးပိုင်ခွင့် နစ်နာဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ပြည်နယ်နဲ့ ဒေသအလိုက် ကော်မရှင်တွေဖက်က မဲရုံဖွင့်နိုင်မှုရှိမရှိ အခြေအနေတွေအပေါ်မှာ ပြည်ထောင်စုကော်မရှင်ဘက်က စဉ်းစားနေဆဲဖြစ်တာမို့ လက်ရှိ ချိန်ထိတော့ ဘယ်နေရာတွေမှာ မဲရုံဘယ်နှစ်ခု မလုပ်နိုင်ဘူးဆိုတာကို ပြည်ထောင်စုကော်မရှင်ဖက်က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

XS
SM
MD
LG