သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို အင်အားကြီးနိုင်ငံတွေ နျူကလီးယား အဆိုပြုချက်သစ် ကမ်းလှမ်း


Almaty မှာ ကျင်းပတဲ့ အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ (၂၆ ဖေဖော်ဝါရီ ၂၀၁၃)
Almaty မှာ ကျင်းပတဲ့ အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ (၂၆ ဖေဖော်ဝါရီ ၂၀၁၃)
အငြင်းပွားဖွယ်ဖြစ်တဲ့ အီရန် နျူကလီးယား အရေးကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲအတွင်း အင်္ဂါနေ့တုန်းကတော့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဟာ အီရန်ကို အဆိုပြုချက်သစ် ကမ်းလှမ်းခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲကျရင်တော့ အီရန်ကိုယ်စားလှယ်တွေဆီက ပိုပြီး အသေးစိတ် တုံ့ပြန်ချက် ရမယ်လို့လည်း မျှော်လင့်ရပါတယ်။

ကာဇစ်စတန်မှာလုပ်တဲ့ ဒီဆွေးနွေးပွဲတွေဟာ အစကောင်းခဲ့တယ်လို့ သံတမန်တွေက ပြောခဲ့ ပါတယ်။ ဒါပေမဲ့လည်း အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ အများပြည်သူကို ချမပြခဲ့ပါဘူး။

ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကတ်သရင်း အက်ရှ်တွန် (Catherine Ashton) ပြောခွင့်ရသူ မိုက်ကယ်လ် မန်း (Michael Mann) ကတော့ အီရန်ဘက်က အသေးစိတ် တုံ့ပြန်လာမယ့် အခြေအနေကို အင်အားကြီး နိုင်ငံတွေဘက်က စောင့်နေတယ်လို့ အင်္ဂါနေ့ နှောင်း ပိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ အီရန်အတွက် နောက်ဆုံး အခွင့်အရေးလား ဆိုတာကိုတော့ မန်း (Mann) က မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ ဒါပေမဲ့လည်း ဒီဆွေးနွေးပွဲကနေ တိုးတက်မှု တချို့တော့ ရဖို့ လိုတယ်လို့ ဗွီအိုအေ-ပါရှန်းဌာနကို သူက ပြောပါတယ်။

အီရန်ဘက်က နျူကလီးယား လုပ်ငန်းတချို့ ရပ်ဆိုင်းမယ်ဆိုရင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နဲ့ ဂျာမဏီ အင်အားကြီး နိုင်ငံတွေက ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းမယ်လို့ မျှော်လင့်ရ ပါတယ်။

ဒီအတွက်တော့ အီရန်က ယူရေနီယံ သန့်စင်မှု လုပ်နေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်ပူပန် နေတာတွေကို အီရန်ဘက်က ဖြေရှင်းပေးဖို့ လိုမယ်လို့ မန်း (Mann) က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကတော့ အီရန်အနေနဲ့ သံတမန်ရေး အဖြေထုတ်ဖို့ တိုက်တွန်းနေပါတယ်။ ဒီလို သံတမန်ရေး အဖြေထုတ်တဲ့ လမ်းကြောင်းကို အီရန်ဘက်က ကိုယ်တိုင် ရွေးချယ်လာဖို့လည်း မျှော်လင့်တဲ့ အကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့ဆုံစဉ် မစ္စတာ ကယ်ရီ က ပြောခဲ့ပါတယ်။
XS
SM
MD
LG