သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေး ကိုလံဘီယာတက္ကသိုလ်မှာဆွေးနွေး


အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာအစိုးရ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဟာ တနင်္လာနေ့က ကိုလံဘီယာ တက္ကသိုလ်မှာ တာဝန်ရှိသူတွေနဲ့ သီးခြား တွေ့ဆုံခဲ့သလို၊ ကျောင်းသားတွေနဲ့လည်း မြန်မာနိုင်ငံ အရေးကိစ္စ မေးမြန်းဖြေကြားမှုတွေ လုပ်ခဲ့ပါတယ်။

မြန်မာကျောင်းသားတွေဘက်က သူတို့ သံသယရှိနေတဲ့ လက်ရှိ အပြောင်းအလဲ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း မေးမြန်း ဆွေးနွေးခဲ့ကြသလို၊ ဝန်ကြီး ဦးအောင်မင်း ကလည်း အခြေအနေတွေကို ပြန်လည် ရှင်းပြခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဟာ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ပညာရပ်ဆိုင်ရာ ဌာန အသီးသီးက ပါမောက္ခတွေနဲ့ အရင် တွေ့ဆုံခဲ့ပြီး၊ ပညာရှင်တွေဘက်က မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ပညာရပ်ဆိုင်ရာ အကူအညီတွေ ပေးနိုင်မယ့် အခြေအနေတွေကို မေးမြန်း
ဆွေးနွေးခဲ့ကြပါတယ်။

ဒီနောက် မွန်းလွဲပိုင်းမှာတော့ ကိုလံဘီယာ တက္ကသိုလ်အပါအဝင် တခြား တက္ကသိုလ်ကျောင်းသားတွေ မြန်မာ့အရေး စိတ်ဝင်စားသူတွေနဲ့ တွေ့ဆုံပြီး၊
မေးမြန်းချက်တွေကို ရှင်းလင်း ဖြေကြားသွားတာပါ။

မြန်မာနိုင်ငံတွင်းက လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ သံသယရှိတာတွေကို ကျောင်းသားတွေဘက်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး၊ အကြံပြုမှုတွေ လုပ်ခဲ့တယ်လို့ ဆွေးနွေးပွဲကို စီစဉ်တဲ့ ကိုလံဘီယာ တက္ကသိုလ် မြန်မာကျောင်းသားများအဖွဲ့က တွဲဘက် ဥက္ကဌ ကိုကျော်စစ်နိုင် က ပြောပါတယ်။

“လတ်တလော ကာလမှာဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့်ပေါ့နော် ဒါတွေက ဘာကိုပြနေလဲဆိုရင် ယုံကြည်မှုက သိပ်မရှိသေးဘူးပေ့ါ။ မဖြစ်ထွန်းသေးဘူးဆိုတာ
ပြနေတဲ့အတွက် ဘယ်လိုများ ရေရှည်မှာ ယုံကြည်မှု တည်ဆောက်နိုင်ဖု့ိအတွက်ကို ဘယ်လို ပါဝင်ဆောင်ရွက်နိုင်ကြမလဲဆိုတာကို အဓိကထားပြီးတော့ လူတွေ မေးကြ တာကို တွေ့ရပါတယ်ခင်ဗျ။”

မေး။ ။ ဝန်ကြီး ဦးအောင်မင်းရဲ့ ပြန်လည် ဖြေကြားချက်နဲ့ ပတ်သက်လို့ကော အားရကျေနပ်ကြရဲ့လား။

ဖြေ။ ။ “များသောအားဖြင့်ကတော့ အားရကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူကတော့ အပြုသဘောဆောင်ပြီးတော့ အားလုံးကို ပြောသွားတယ်ပေ့ါ။ ဥပမာတခုပြောရရင် ကျောင်းသားတယောက်က မေးတဲ့အခါမှာ ဂျပန်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်လှည့်နိုင်သေးတယ်လို့ ပြောပါတယ်။ ဝန်ကြီး ဦးအောင်မင်းအနေနဲ့ ဒါကို ဘယ်လိုများ ပြောမလဲလို့ မေးတဲ့အခါမှာ သူက သူ့တယောက်ထဲ အမြင်ကို ဖြေရမယ်ဆိုရင် မလှည့်နိုင်ပါဘူးလို့ သူ ယုံကြည်တယ်ပေါ့။”

မေး။ ။ ခုနပြောသလို ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေး က နောက်ကြောင်း ပြန်လှည့်နိုင်တယ်ပြောတယ်၊ ဦးအောင်မင်းကတော့ မလှည့်နိုင်ပါဘူးလို့ ပြောတဲ့အခါမှာ သူက ဘယ်လို အချက်အလက် အထောက်အထားတွေကို ကိုင်ပြီး ပြောပါသလဲ။

ဖြေ။ ။ “အခုအချိန်မှာ စစ်ပွဲတွေဆိုရင်လည်း အားလုံး ရပ်နေပြီ။ ကချင်တခုပဲ ကျန်တော့တယ်လို့ သူ ပြောပါတယ်ခင်ဗျ။ အဲ့ဒီထဲမှာမှ ကချင်ဆိုရင်လည်း မကြာခင်မှာ သူ မြန်မာပြည်ကို ပြန်တော့မယ်။ ပြန်ပြီးလို့ရှိရင်လည်း သူတို့ ဆွေးနွေးပွဲကို စမှာဖြစ်ပြီး တော့ သူ့အနေနဲ့ ၁၀၀ ရာခိုင်နှုန်းပေါ့နော် ကချင်နဲ့လည်း ငြိမ်းချမ်းရေးရဖို့၊ သူ ယုံကြည်တယ်ဆိုတဲ့အကြောင်းကိုလည်း သူက ပြောတော့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်တဲ့အတွက် ဒါဟာ နောက်ကြောင်းပြန်မလှည့်နိုင်ဘူးဆိုတဲ့ သဘောမျိုး သူ ထောက်ပြီးတော့ ပြောပါတယ်။”

မေး။ ။ အခုလို ကိုလံဘီယာလို တက္ကသိုလ်ကြီးမှာ မြန်မာနိုင်ငံ အစိုးရ ဝန်ကြီး တယောက်အနေနဲ့ အခုလို မြန်မာနိုင်ငံ အခြေအနေကို လာပြီးတော့ ရှင်းပြတယ်။ ကိုကျော်စစ်နိုင် ဘယ်လိုမြင်ပါသလဲ။ ဘယ်လို ယူဆလဲဗျ ဒီပွဲကို

ဖြေ။ ။ “ကျနော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုမျိုးပွဲလုပ်တာကို ကျနော်တို့ကတော့ ဝမ်းသာပါတယ်။ ကျနော်တို့ ဒီမှာဆိုရင်လည်း ကိုလံဘီယာ မြန်မာကျောင်းသားများအဖွဲ့၊ Myanmar Association of Columbia (MAC) ပေါ့နော် ဆိုပြီး ကျနော် အခု ဒီမှာ တည်ထောင်ခဲ့ပါတယ်။ ဒါကလည်း ကျောင်းတွေမှာ ပထမဆုံးသော မြန်မာအဖွဲ့တခုဖြစ်ပါတယ်။ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကိုက မြန်မာပြည် အခုလို တိုးတက်လာတဲ့ ကာလ ပြောင်းလဲလာတဲ့ ကာလအတွင်းမှာ မြန်မာပြည်တွင်းမှာရှိတဲ့ ပြောင်းလဲ တိုးတက်မှုကို ဆွေးနွေးလို့ရအောင် panel discussion တွေဖြစ်အောင် လမ်းဖွင့်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ကို ကျနော်တို့က တည်ထောင်ခဲ့တာပါ။ ဆွေးနွေးပွဲတွေ များများဖြစ်လေ အစိုးရဘက်မှာလည်း ဒီဘက်က ဘာတွေရှိသလဲဆိုတာကို သင်ယူနိုင်သလို၊ ကျနော်တို့ဘက်ကလည်း သူတို့ရဲ့ ဒီဘက်မှာ ဘယ်လို ဆောင်ရွက်နေသလဲဆိုတဲ့ ကိစ္စကို သင်ယူနိုင်ပါတယ်။ အခုလိုမျိုးလေးတွေရှိတဲ့အတွက် ကျနော် အများကြီး ဝမ်းသာပါတယ်။”

အခုလို မြန်မာအစိုးရ တာဝန်ရှိသူတဦးအနေနဲ့ ကိုလံဘီယာ တက္ကသိုလ်လို နာမည်ကျော် တက္ကသိုလ်တခုမှာ လာရောက် ဆွေးနွေး ပြောဆိုခွင့်ရတဲ့အတွက် မြန်မာနိုင်ငံအတွက် အကျိုးရှိတယ်လို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပါလာတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“ကိုလံဘီယာ တက္ကသိုလ်ရဲ့ ဌာန ၇ ခုလောက်က အကြီးအကဲတွေ၊ မြန်မာပြည်ကို စိတ်ဝင်စားတဲ့ အကြီးတန်း subcommittee တွေ သူတို့ ပါတယ်ခင်ဗျ။ အဲ့ဒီမှာတော့ ပညာရေးလည်းပါတယ်။ ကျန်းမာရေးပါတယ်။ စိုက်ပျိုးရေးပါတယ်။ နောက်ပြီးတော့ peace နဲ့ပတ်သက်တာ အဓိကပါပါတယ်။ ဒီပြုပြင်ပြောင်းလဲရေး ကာလအတွင်း မှာ မြန်မာအစိုးရ လူကြီးတချို့ အမေရိကန်ကိုလာတယ်။ ဒီလို တွေ့ဆုံပွဲတွေ လုပ်တယ်။ ဒါပေမဲ့ ကိုလံဘီယာ တက္ကသိုလ်လိုမျိုး နာမည်ကျော် တက္ကသိုလ်ကြီး တခုမှာ ဒီလိုမျိုး ပြောခွင့်ရတယ်ဆိုတဲ့ဟာက မြန်မာအစိုးရအတွက်ရော
မြန်မာပြည်သူတွေအတွက်ရော ပိုပြီးတော့ အကျိုးရှိတယ်လို့ ကျနော့်အနေနဲ့လည်း ယုံကြည်တယ်။ နောက်တခုက ကိုလံဘီယာ တက္ကသိုလ်မှာ တက်နေတဲ့ မြန်မာ
ကျောင်းသားတွေရဲ့ တက်တက်ကြွကြွ နဲ့ ဒီပြုပြင်ပြောင်းလဲမှုမှာ သူတို့ ထင်မြင်ချက်တွေ၊ သူတို့ပါဝင်နိုင်မယ့် အခန်းကဏ္ဍတွေ၊ မေးတာကလည်း ဝမ်းသာစရာ တွေ့ရပါတယ်။”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဟာ အမေရိကန် နယူးယောက်စံချိန် တနင်္လာနေ့ညပိုင်းမှာတော့ ICG နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ က မြန်မာသမ္မတ ဦးသိန်းစိန်ကို ပေးအပ်တဲ့ ဆုကို ကိုယ်စား လက်ခံယူမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်မတက်နိုင်တဲ့ သမ္မတ ဦးသိန်စိန်ဟာ ဒီပွဲမှာ ဗွီဒီယိုကတဆင့် ဆုရရှိမှုကို ကျေးဇူးတင်စကား ပြောဆိုမှာ ဖြစ်ပါတယ်။
XS
SM
MD
LG