သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးပေါ်လစီသစ် NLD တင်သွင်းမည်


နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ပြုလုပ်နေစဉ် (၃ ဇွန် ၂၀၁၃)
နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ပြုလုပ်နေစဉ် (၃ ဇွန် ၂၀၁၃)
မြန်မာနိုင်ငံမှာ အမျိုးသားပညာရေး မူဝါဒတစ်ရပ် အရေးတကြီး လိုအပ်နေပြီး အဲ့ဒီမူဝါဒဟာ နိုင်ငံသားတွေကိုယ်တိုင် လိုလားတဲ့ အမျိုးသားပညာရေး မူဝါဒဖြစ်ဖို့ လိုအပ်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေသူတွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် ပညာရေးကဏ္ဍမှာ သက်ဆိုင်ရာ ဒေသအလိုက် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးဖို့ တောင်းဆိုကြသလို၊ တိုင်းရင်းသား လူမျိုးစုအသီးသီးရဲ့ ကိုယ်ပိုင် ဘာသာစကားနဲ့ ပညာသင်ယူခွင့် ရဖို့ကိုလည်း တိုက်တွန်းပြောဆိုကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

စစ်တပ်ကနေ အာဏာရှင်စနစ်နဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ အမျိုးသားပညာရေး မူဝါဒဆိုတာ မရှိခဲ့ဘဲ အာဏာရှင်စိတ်ကြိုက် ပညာရေးစနစ်သာ ရှိခဲ့တာကြောင့် နှစ်ပေါင်းများစွာ ပညာရေး နိမ့်ကျခဲ့တဲ့အတွက် ဒီကနေ့လို နိုင်ငံရေး အပြောင်းအလဲကာလမှာ တိုင်းရင်းသားအားလုံးနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်တစ်ရပ် လိုအပ်နေပြီလို့ ပြောသူကတော့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ပါ။

“အမျိုးသား ပညာရေး မူဝါဒကို ကျနော်တို့က ဒီ တစုံတယောက်က ရေးဆွဲတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ပညာရေးမှာ လက်တွေ့ပါဝင်တဲ့ ဒေသအသီးသီးမှာရှိတဲ့ ကျနော်တို့ နိုင်ငံသားတွေကိုယ်တိုင်က ပေးအပ်တဲ့ အကြံဉာဏ်အပေါ်မှာ ရေးဆွဲတဲ့ အမျိုးသား ပညာရေး မူဝါဒ လိုအပ်တယ်။ ဒါကြောင့် ကျနော်တို့ ဒီ အမျိုးသားပညာရေး မူဝါဒက ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲမှာ အရေးကြီးတာ ဖြစ်ပါတယ်။ ဆောင်ရွက်ခဲ့တဲ့ ပညာရေးကိစ္စတွေ မှန်သမျှက မူဝါဒ တိတိကျကျ မရှိဘဲနဲ့ အာဏာရှိတဲ့သူက သူ့စိတ်ကြိုက် သူ့ နှုတ်အမိန့်နဲ့ လုပ်ခဲ့တဲ့ဟာတွေက ကျနော်တို့ အလွဲလွဲ အမှားမှားတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ်။”
“အဲ့ဒါကြောင့် ကျနော်တို့က ပညာရေး မူဝါဒ တစ်ရပ်ရှိရင် အဲ့ဒီ ပညာရေး မူဝါဒကို အခြေခံပြီးတော့ ပညာရေးဥပဒတစ်ရပ် ပြဌာန်းဖို့၊ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ပါ။ ဘယ်သူ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ဘယ်သူ ပုဂ္ဂိုလ်နဲ့ မသက်ဆိုင်စေဘဲနဲ့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ပညာရေးကိစ္စ ကဏ္ဍအသီးသီးမှာ ဥပဒေအတိုင်း ဆောင်ရွက်ဖို့၊ ပညာရေး ကဏ္ဍမှာလည်း ဥပဒေ စိုးမိုးဖို့ အဲ့ဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ အမျိုးသားပညာရေး မူဝါဒကို အခြေခံပြီးတော့ အမျိုးသားပညာရေးဥပဒေ ဖြစ်လာဖို့အတွက် ကျနော်တို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။”

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ဆောင်နေတဲ့အဖွဲ့တွေက နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတစ်ခုကို ရန်ကုန်မြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး အဲ့ဒီညီလာခံနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို တနင်္လာနေ့က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့ချိန်အတွင်း ဒေါက်တာသိန်းလွင်က အဲ့ဒီလို ပြောခဲ့တာပါ။ သူကိုယ်တိုင်က ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါက်တာသိန်းလွင်ပြောသွားတဲ့ အမျိုးသားပညာရေးဥပဒေ ၆ လအတွင်း ပေါ်ထွက်လာဖို့ ကြိုးစားနေကြပြီး၊ ဥပဒေပြဌာန်းပြီးတဲ့ နောက် ၃ နှစ်အတွင်း မြန်မာ့ပညာရေး သိသိသာသာ တိုးတက်လာဖို့ မျှော်လင့်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆောင်နေတာနဲ့အညီ ပညာရေးကို ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ဒေသဆိုင်ရာအလိုက် တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဒေသအလိုက် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။

“ဒေသဆိုင်ရာ လွတ်လပ်ခွင့်မှာ ကျမတို့ စီမံခန့်ခွဲခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ရှိရပါမယ်။ ဘာလို့ ပြောရသလဲဆိုတော့ ကျမတို့ အခု ဗဟိုချုပ်ကိုင်မှုရှိတဲ့ စီမံခန့်ခွဲမှုမှာဆိုရင် ကျောင်းဆရာ၊ ဆရာမခန့်ထားရေး၊ ပြောင်းရွှေ့ရေးကအစ ဗဟိုကပဲ ချုပ်ကိုင်ထားတဲ့အခါမှာ ဥပမာ - ဗမာဆရာမတစ်ယောက်ကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ထားတဲ့အခါ သူတို့မှာ ဘာသာစကား အခက်အခဲကို စတင် ကြုံတွေ့ရပြီးတော့ ဒီကျောင်းသားတွေကို သင်ယူမှုမှာလည်း စတင် အခက်အခဲ ဖြစ်ရတယ်။ ဒါက ကျမ အနိမ့်ဆုံးပြနိုင်တဲ့ ဥပမာပါ။ တခြားသော ကျမတို့ အခက်အခဲတွေ ရှိပါတယ်။ ကျောင်းသားတွေရဲ့ သင်ယူမှုနဲ့ ဒေသခံတွေရဲ့ ပြဿနာနဲ့ လိုအပ်ချက်တွေကို ဖြေရှင်းမပေးနိုင်တဲ့ ပညာရေး ချုပ်ကိုင်မှုတွေ ရှိနေသမျှ ကာလပတ်လုံး ကျမတို့နိုင်ငံမှာ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ အလှမ်းဝေးနေဦးမှာပါ။ ဒါကြောင့် ကျမတို့က ဒေသဆိုင်ရာ ပညာရေး လွတ်လပ်ခွင့်တွေ လိုပါတယ်လို့ ကျမ ပြောတာပါ။”

စဉ်းစားတွေးခေါ်သော စာသင်ခန်းများအဖွဲ့က ဒေါ်သူသူမာ ပါ။ ဒီနေရာမှာ တိုင်းရင်းသားဒေသခံတွေအနေနဲ့ သူတို့ကိုယ်ပိုင်ဘာသာစကားနဲ့ ပညာသင်ကြားခွင့်ရဖို့က အရေးကြီးတယ်ဆိုတာကို ထောက်ပြ ပြောဆိုတာလည်းရှိပါတယ်။

လူမျိုးမပျောက်ဖို့အတွက် မိခင်ဘာသာစကားကို ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်နိုင်ဖို့က အရေးကြီးတယ်လို့ ပြောသူက ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ဟောင်းဆောင်းပါ။

“စစ်တမ်းကောက်မယ်ဆိုရင် ကိုယ့်ရဲ့ မိခင်ဘာသာစကားကို ရေးတတ်၊ ဖတ်တတ်တဲ့သူက ၁၀ ရာခိုင်နှုန်းလောက်တောင် မရှိနိုင်ပါဘူး။ ၁၀ ရာခိုင်နှုန်း မရှိနိုင်တဲ့အပြင် တချို့ကတော့ မပြောတတ်တော့တဲ့ ကလေးတွေ ရှိပါတယ်။ အဲ့တော့ ကိုယ့်ရဲ့ မိခင် ဘာသာစကား၊ ကိုယ့်ရဲ့ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ဘာသာစကားကို မပျောက်ပျက်ဖို့၊ ဆက်လက်ထိန်းသိမ်းဖို့အတွက်ကို ကျမတို့ရဲ့ တိုင်းရင်းသား ဘာသာစကားကို ကျမတို့ရဲ့ သင်ရိုးညွှန်းတမ်းထဲမှာ ကျောင်းချိန်ပြင်ပ မဟုတ်ပါဘူး။ ကျောင်းချိန်အတွင်းမှာ ကိုယ့်ဒေသလွတ်လပ်ခွင့်နဲ့အတူ သင်ကြားခွင့်ကို ကျမတို့ တောင်းဆိုနေတာဖြစ်ပါတယ်။”

ဇွန်လ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ကြာကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံဟာ မြန်မာနိုင်ငံမှာ တစ်ကြိမ်မှ မရှိဘူးသေးတဲ့ ညီလာခံတစ်ခုဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ ညီလာခံအတွင်း အခု ပြောခဲ့ကြတဲ့အကြောင်းအရာတွေ အပါအဝင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ မူဝါဒတစ်ရပ် ပေါ်ထွက်လာရေးအတွက် အကြောင်းအရာမျိုးစုံကို ဆွေးနွေးကြဖို့ ရှိပါတယ်။

ပညာရေးဆိုင်ရာ ပညာရှင်ပေါင်း ၈၀ ကျော်ကို ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားထားပြီး၊ ဆွေးနွေးသူ ၇၀၀ ကျော်တို့က ဒေသအသီး သီးမှာ ဆွေးနွေးပြီး ရယူထားတဲ့ အကြံဉာဏ်တွေပေါ်မှာ အခြေခံပြီးတော့ ပညာရေးမူဝါဒ မူကြမ်းတစ်ရပ်ကို ရေးဆွဲပြီးတော့ ပြည်သူ့လွှတ်တော်ဆီ တင်သွင်းသွားမယ်လို့ ရည်ရွယ်ထားကြပါတယ်။
XS
SM
MD
LG