သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးစောလားပွယ် ကွယ်လွန်


ဗိုလ်ချုပ်ကြီးစောလားပွယ်
ဗိုလ်ချုပ်ကြီးစောလားပွယ်

ကရင်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် ကွယ်လွန်သွားပါပြီ။ ဒီကနေ့ နေ့လည် ၁ နာရီခွဲကျော်က ပဲခူးမြို့ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်ကြီးစောလားပွယ်ရဲ့ နာရေးသတင်းကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်တော်လှန်ရေးကို နှစ်ကာလကြာရှည်စွာလုပ်ဆောင်လာခဲ့တဲ့ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မေတော် ဒီကေဘီအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်ဟာ လည်ချောင်း ကင်ဆာရောဂါနဲ့ ပဲခူးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ဒီကေဘီအေဆက်ဆံရေးရုံးအရာရှိ ဗိုလ်မူးစိုးမြင့်က အခုလို ပြောပါတယ်။

“နေ့လည် ၁နာရီ ၄၅ လောက်မှာဆုံးသွားပါတယ်။ ပဲခူးဆေးရုံမှာပါ။ ရောဂါကတော့ လက်ရှိခံစားနေရတဲ့ ကင်ဆာဝေဒနာနဲ့ပဲ ဆုံးသွားတာပေါ့။ လက်ရှိ ပဲခူးကနေ ၄ နာရီကနေ စထွက်လာတယ်။ ကား၅စီးနဲ့ စထွက်လာပါပြီ။ ခေါင်းဆောင်တွေကတော့ မစုံလင်သေးပါဘူး။ အားလုံးကတော့လာကြပါပြီ။ အဖိုးရဲ့ ဈာပနကို သဂြိုလ်ဖို့ကိုတော့ မူလအီတောင်ထိပ် မှာလို့တော့ သိရတယ် အသေးစိတ်တော့ မသိရသေးဘူး ”

ဗိုလ်ချုပ်ကြီးစောလားပွယ်ဟာ ၁၉၉၄ ခုနှစ်မှာ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး လက်ထက်ကနေခွဲထွက်ခဲ့ပြီး တိုးတက်သောကရင် ဗုဒ္ဓဘာသာ အမျိုးသားတပ်မတော် ကိုတည်ထောင်ခဲ့တာပါ။ ဒီ့နောက်မှာတေ့ာ မြန်မာအစိုးရနဲ့ အပစ်အခပ်ရပ်စဲရေးလုပ်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ် မှာတော့ မြန်မာအစိုးရ က နယ်ခြားစောင့်တပ် လုပ်ခိုင်းတဲ့အတွက် ဗိုလ်ချုပ်ကြီးစောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲဟာ မြန်မာအစိုးရတပ်တွေနဲ့ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ် ။ ဒီ နောက်မှာတော့ ဒီမိုကရေစီကရင် အကျိုးပြု တပ်မတော် ဆိုတဲ့နာမည်ကို ပြန်လည်ပြောင်းခဲ့ပါတယ်။

၂၀၁၀ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြိးစေားလာပွယ်ဟာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ အတွက်ဘာကြောင့် လက်မခံခဲ့သလဲ ဆိုတာကိုတော့ ဒီကေဘီအေ တပ်မှူးဟောင်း ဗိုလ်မှူးမောင်လေး ကအခုလို ပြောပြခဲ့ပါတယ်။

“ဘာလို ငြင်းပယ်ခဲ့သလဲဆိုတာကတော့ တဖက်က အမျိုးသားရေးကိုလုပ်နေတဲ့သူလုပ်ချင်တဲ့သူ ဆိုတော့ နယ်ခြားစောင့်တပ်ဆိုတော့ အစိုးရရဲ့ လက်အောက်ခံလို ဖြစ်သွားမယ်လေ။ အမျိုးသားရေးကို ဦးစားပေးလုပ်ကိုင်တာကို တခြားအလုပ်တွေကိုမလုပ်ချင်တဲ့သဘောပါပဲ။ ကရင်မှာတော့အမျိုးသားရေးလုပ်တဲ့ခေါင်းဆောင်ကောင်း တယောက်ဆုံးရှုံးလိုက်ရတာပါပဲ ”

လက်ရှိ မှာတော့ဗိုလ်ချုပ်ကြီးစောလားပွယ်ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖဲ့ွဟာမြန်မာအစိုးရနဲ့ ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာ ဒုတိယအကြိမ်အပစ်ခပ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူစာချုပ် NCA ကိုလည်း လက်မှတ်ရေးထိုးထားတာပါ။

ဒီကေဘီအေ တပ်မူးတွေကတော့ သူတို့ခေါင်းဆောင်မရှိတော့ပေမဲ့ ဗိုလ်ချုပ်ကြီးစေားလားပွယ်ရဲ့ မူဝါဒအတိုင်း ဆက်ရပ်တည်သွားမယ်လို့ဗိုလ်မူးစိုးမြင့်ကပြောပါတယ်။

“သူ့ရဲ့လမ်းညွန်ချက်အတိုင်းကိုပဲရပ်တည်သွားမှာပါ။ သူညွန်ကြားခဲ့တဲ့ အတိုင်းဆက်လက်ပြီး ရှင်သန်နေမှာပါ အဖိုးရဲ ့ညွန်ကြားချက် ပြည်သူလူထုကိုအသက်ပေးကာကွယ်ဖို့လူထုကို တမျက်နှာထဲ ကြည့်ပြီးကာကွယ်ဖို့ အဖိုးမှာကြားခဲ့တဲ့အတိုင်းပဲ ကျနော်တို့ဆက်လက်ရပ်တည်မှာပါ ”

ဗိုလ်ချုပ်ကြီးစေားလားပွယ်ဟာကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပြီး သားသမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။ ကရင်တော်လှန်ရေးကို အသက်ငယ်ရွယ်စဉ်ကတည်းက လုပ်ဆောင်လာခဲ့ပြီး လက်အောက်ငယ်သားများရဲ ချစ်ခင်မူကိုရရှိခဲ့တဲ့ တပ်မူးတဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး စေားလားပွယ်ဟာ ဗုဒ္ဓဘာသာ ကိုယုံကြည်သက်ဝင်တာကြောင့် ကရင်ပြည်နယ်အတွင်းမှာ ဘုရားတွေကို တည်ထားကိုးကွယ်တာတွေကိုလုပ်ဆောင်ခဲ့သူတဦးဖြစ်ပါတယ်။အခု သူတည်ထားတဲ့ မူလအိတောင်ထိပ်ကဘုရားအနီးမှာ သူရဲ့ဈာပနကိုကျင်းပဖို့အတွက် စီစဉ်နေတယ်လို့လည်း ဒီကေဘီအေတပ်မူးတွေကပြောဆိုကြပါတယ်။

XS
SM
MD
LG