သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဒေါ်လာဈေး တရိပ်ရိပ်တက်


မြန်မာနိုင်ငံမှာ ကျပ်ငွေဈေးကျနေပြီး ဒေါ်လာဈေးတွေ တရိပ်ရိပ်တက်နေတာဟာ အစိုးရအသုံးစရိတ်များပြီး လိုငွေပြမှုရဲ့ နောက်ပိုင်းမှာ ငွေစက္ကူအသစ်တွေ ထပ်ထုတ်တာကြောင့် ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ပြည်တွင်းလုပ်ငန်းတွေအတွက် ငွေပေးချေရာမှာ မြန်မာငွေနဲ့ပဲပေးဖို့ ဗဟိုဘဏ်ရဲ့လုပ်ဆောင်မှုကနေ မြန်မာငွေ လိုအပ်ချက်များအောင် ဖန်တီးနိုင်တယ်လို့လည်း မြင်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ဒေါ်လာဈေးတွေ တရိပ်ရိပ်တက်လာနေတာဟာ ၂၀၁၅ ခုနှစ်မှာ အစိုးရအသုံးစရိတ် သိပ်များနေတဲ့အတွက် လိုငွေပြလာနေတာရဲ့ နောက်ဆက်တွဲကြောင့် ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပါတယ်။

“အရင်က ဒေါ်လာဈေးတက်ရင် အများအားဖြင့်တော့ အစိုးရက ရိုက်လိုက်တာကြောင့် ဖြစ်တာမျိုးရှိပါတယ်။ အခုဟာကတော့ အဲဒါထက် ငွေကြေးကိုက ပွလာတာပါ။ ၂၀၁၅ ခုနှစ်မှာ လိုငွေပြတာပေါ့ Deficit က မြန်မာကျပ်ငွေ ဘီလီယံပေါင်း ၃၈၀၀ လောက် လိုငွေပြတာပေါ့။ အဲဒါကလည်း ခုနက ဟို ဝန်ထမ်းတွေ လစာပေးလိုက်တာ ကျပ် ဘီလီယံပေါင်း ၂ သောင်း ၂ ထောင့် ၉၀၀ လို့ ကြားတယ်ပေါ့။ အဲဒီတော့ လိုငွေကို သူတို့ ဖြည့်ရမယ်လေ။ ဘယ်ကနေ ဖြည့်မလဲ။ ဒေါ်လာဝယ်ထည့်မလား။ ငွေစက္ကူလှိမ့်ထုတ်ပြီး ဖြည့်မလား။ အဲဒီလို မေးတဲ့အချိန်မှာ လက်တွေ့ သက်သေ အထောက်အထား တွေ့တာကတော့ ၁ သောင်းတန် ကျပ်ငွေ စက္ကူတွေကို ထုတ်တယ်ဆိုတာ Security ကို အကြောင်းပြပြီး ထုတ်တယ်ဆိုတာလည်း သက်သေအဖြစ် တွေ့ရတယ်လေ။ အဲဒါကြောင့် ကျပ်ငွေတွေ ဖောင်းပွလာတာလေ inflation ဖြစ်ပါတယ်။ Inflation ဖြစ်ရင် ထုံးစံအတိုင်း ဒေါ်လာတန်ဖိုးတက်ပြီး မြန်မာကျပ်ငွေ တန်ဖိုးကျတာလည်း ဖြစ်နိုင်ပါတယ်။”

ဒီလိုငွေစက္ကူအသစ်တွေ ထပ်ထုတ်ပြီး ဖြေရှင်းတာမျိုးကို အရင်က မကြာခဏ လုပ်လေ့ရှိပါတယ်။ ဒီလိုအသစ်တွေ ထပ်ထုတ်တိုင်း ကုန်ဈေးနှုန်းက ပိုပိုပြီး တက်သွားတတ်တာမို့ ဒီလိုနည်းနဲ့ မဖြေရှင်းသင့်ဘူးလို့ ဆိုပါတယ်။ မကြာသေးခင်က ပြည်တွင်းမှာ ဘယ်လုပ်ငန်းအတွက်ကိုမဆို ငွေပေးချေရင် ကျပ်ငွေနဲ့ ပေးချေရမယ်လို့ ဗဟိုဘဏ်ကနေ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ ကျင့်သုံးတဲ့စနစ်မို့ ဒေါ်လာကို ဦးစားပေးသုံးစွဲတဲ့ အလေ့အကျင့် လျော့ပါးစေပြီး မြန်မာငွေလိုအပ်ချက် တိုးလာစေနိုင်တယ်လို့ ထောက်ပြပါတယ်။

“အဲဒါက နိုင်ငံတကာရဲ့ Practice အမှန်ပါ။ ဗမာပြည်တခုတည်း ဟိုတယ် Fee တွေကို ပေးချေလို့ရှိရင် ဒေါ်လာနဲ့ပေးရတယ်။ နောက်ပိတ်ဆုံး Taxi charges လေး ပေးတာတောင်မှ ဒေါ်လာနဲ့မှယူတာမျိုးတွေ ရှိနေတယ် ဒီမှာက။ လိုင်စင်နဲ့တင်ထားတဲ့ ကားတွေဆိုရင် ဒေါ်လာနဲ့တောင်းတယ်။ အခု ဒေါ်လာတွေက သိပ်ပြီးတော့ Demand တွေ များလွန်းအားကြီးတော့ ပြည်တွင်းမှာ ဘယ်လုပ်ငန်းပဲ ပေးချေပေးချေ ကျပ်ငွေနဲ့ ပေးချေရန်ဆိုပြီးတော့ အဲလိုမျိုး နိုင်ငံတကာ Practice အတိုင်း ညွှန်ကြားတယ်လို့ သဘောပေါက်ပါတယ်။ အဲဒါ မှန်တယ်လို့မြင်ပါတယ်။”

လက်ရှိ မြန်မာငွေလဲနှုန်း ကျဆင်းနေတာအတွက် ဗဟိုဘဏ်က ဒေါ်လာကို ကျားကန်ပေးတာမျိုးဖြစ်စေ၊ ငွေဈေးကစားသူတွေကို အရေးယူတာမျိုးဖြစ်စေ လုပ်ပြီး ဖြေရှင်းနိုင်မယ်လို့လည်း စီးပားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပါတယ်။

“ဗဟိုဘဏ်က ခုနကပြောသလို သူတို့ နည်းမျိုးစုံသုံးရမယ့် သဘောမျိုးရှိတာပေါ့။ ၂၀၁၄ ခုနှစ်တုန်းက စက်တင်ဘာလမှာ စပြီးတော့ ဒေါ်လာဈေးတွေတက်တယ်။ ကျပ်ငွေတွေ ဈေးကျတော့ ၉၇၀ ကနေ ၉၉၀ လည်းဖြစ်ရော ဗဟိုဘဏ်ကနေပြီးတော့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်လာ ၃၀၀ မီလီယံ ထုတ်ပြီးတော့ ပုဂ္ဂလိကဘဏ်ကို ရောင်းချပေးပြီးတော့ ကျားကန်ပေးခဲ့ဖူးပါတယ်။ အဲဒီမှာ ဒေါ်လာကျသွားတယ် ဆက်မတက်တော့ဘူး။ အခုလည်း အကယ်၍များ နိုင်ငံတော်မှာ ဒါမှမဟုတ် ဗဟိုဘဏ်မှာ ဒေါ်လာရှိလို့ရှိရင် ဒေါ်လာနဲ့ ပုဂ္ဂလိကဘဏ်တွေကို ရောင်းပေးလိုက်မယ်ဆိုရင် ဒေါ်လာငွေ ပြန်ကျနိုင်ပါတယ်။ နောက်တနည်းလမ်းရှိတာကတော့ အခုဟာ Speculator တွေက ဈေးကစားလို့ အဲဒါ အရေးယူတဲ့အဆင့်ရောက်မှာပဲ ကျမှာပေါ့။”

မနှစ်က နှစ်ကုန်ပိုင်းမှာ တဒေါ်လာကို ကျပ်ငွေ၉၀၀ ကျော်ရှိရာကနေ အခုအနဲဆုံး တထောင့်တရာကျော်အထက်ကို ရောက်လာတာဖြစ်ပါတယ်။ မကြာသေးခင်က မြဝတီဘက်မှာ ဒေါ်လာငွေ ၂ သန်းဖမ်းမိခဲ့ပြီး ဒီလိုငွေဈေးကစားသူတွေ မှောင်ခိုတဲ့သူကို ဖမ်းမိတာတွေရှိသလို ဖမ်းမမိဘဲ လှုပ်ရှားနေတာတွေလည်း ရှိနေတာမို့ ငွေမှောင်ခိုလက်ကြီးသမားတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG