သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါနေ့ ပဏာမရွေးပွဲ ကလင်တန်နဲ့ Trump တို့ အနိုင်ရ


Donald Trump နဲ့ Hillary Clinton တို့ အကြီးအကျယ် အနိုင်ရ
Donald Trump နဲ့ Hillary Clinton တို့ အကြီးအကျယ် အနိုင်ရ

အမေရိကန်ပြည်ထောင်စုက ပြည်နယ်ကြီး ၅ ခုမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတလောင်း ပဏာမရွေးပွဲတွေမှာ Republican ပါတီဖက်က Donald Trump နဲ့ Democratic ပါတီဖက်က Hillary Clinton တို့ အကြီးအကျယ် အနိုင်ရခဲ့ကြပါတယ်။

Florida ပြည်နယ်မှာ Donland Trump အနိုင်ရသွားပြီးနောက် ပြိုင်ဘက် Florida ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Marco Rubio ဟာသမ္မတလောင်းပြိုင်ဆိုင်မှုတွေကနေ နှုတ်ထွက်သွားခဲ့ပါတယ်၊ Ohio ပြည်နယ်အုပ်ချုပ်ရေးမှူး John Kasich ကတော့ သူ့ပြည်နယ်မှာ အနိုင်ရခဲ့တဲ့အတွက် သူ့ရဲ့သမ္မတလောင်း ဖြစ်ရေး မျှော်လင့်ချက်ကို ဆက်ပြီးထားနိုင်ခဲ့ပါတယ်၊ အရေးပါတဲ့ အင်္ဂါနေ့က သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေနဲ့ပတ်သက်လို့ VOA သတင်းထောက် Jim Malone ရဲ့ သတင်းဆောင်းပါးကို မစုမြတ်မွန်က တင်ပြပါမယ်။

“This was an amazing evening. A great evening.”

အမေရိကန်ပြည်ထောင်စုက Florida, Ohio, Illinois, Missouri နဲ့ မြောက် Carolina စတဲ့ပြည်နယ်ကြီး ၅ ခုမှာ မတ်လ ၁၅ ရက်နေ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေအတွင်း Republican ပါတီဖက်က ရှေ့ပြေးနေတဲ့ Donald Trump က ပြည်နယ် ၄ ခုမှာ အနိုင်ငံရခဲ့တာကြောင့် သူ့အတွက် နောက်ထပ် အောင်ပွဲခံစရာဖြစ်ခဲ့ပါတယ်။

“အောင်မြင်မှုကြီးရဖို့ မဝေးတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ နောက်အဆက်ဆက် ထပ်ပြီး နိုင်လိမ့်ဦးမယ်ထင်ပါတယ်၊ အမေရိကန်နိုင်ငံအနေနဲ့ ပြန်ပြီး အောင်မြင်မှုတွေရမယ်၊ နောက်ထပ်အောင်မြင် အနိုင်ရစရာ မရှိတော့တဲ့အထိကို အောင်မြင်မှုတွေရပါလိမ့်မယ်။”

Florida ပြည်နယ်မှာ Donald Trump တယောက် မဲအများဆုံးနဲ့ အနိုင်ရခဲ့ပြီးနောက် ပြည်နယ်အထက်လွှတ်တော်အမတ်ဖြစ်တဲ့ Marco Rubio ဟာ သမ္မတလောင်းဖြစ်ရေး ပြိုင်ဆိုင်မှုတွေကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ သူ့ရဲ့ နှုတ်ဆက်မိန့်ခွန်းမှာ Donald Trump ကိုရည်ညွှန်းပုံရတဲ့ သတိပေးစကားကို ခုလို ပြောကြားသွားခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ တက်ကြွအသက်ဝင်နေတဲ့ conservative လှုပ်ရှားမှုတွေလိုပါတယ်၊ ဒါပေမဲ့ အခြေခံမူတွေ၊ အတွေးအခေါ်တွေကို အခြေခံတဲ့ လှုပ်ရှားမှုတွေဖြစ်ရပါမယ်၊ အကြောက်တရားတွေ၊ ဒေါသတွေ၊ သူတပါးရဲ့ မကျေနပ်ချက်ကို ဆွပေးတဲ့လှုပ်ရှားမှုမျိုး မဖြစ်ရပါဘူး။”

အင်္ဂါနေ့က သမ္မတလောင်း ပဏာမရွေးပွဲတွေမှာ အနိုင်ရခဲ့သူနောက်တယောက်ကတော့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich ဖြစ်ပါတယ်။ သူ့ရဲ့ ပြည်နယ်မှာ အနိုင်ရသွားတဲ့ Kasich အတွက် July လမှာ ကျင်းပမဲ့ Republican ပါတီညီလာခံရောက်တဲ့အထိ သမ္မတလောင်း ဖြစ်ရေးပြိုင်ဆိုင်မှုတွေ ဆက်ပြီးရှင်သန်နေအောင် လုပ်နိုင်ခြေရှိတယ်လို့ မျှော်လင့်စရာဖြစ်ခဲ့ပါတယ်။

“ကျွန်တော်တို့ ရှေ့ကို ခြေတလှမ်းထပ်တိုးနိုင်ခဲ့ပါပြီ၊ ဒီနိုင်ငံရဲ့ အမြင့်ဆုံး တာဝန်ကို ရဖို့အတွက် နိမ့်ကျတဲ့လမ်းကြောင်းကနေတော့ ကျွန်တော်သွားမှာ မဟုတ်ဘူးဆိုတာကို ဒီညမှာ ကျွန်တော်ထပ်ပြီး ပြောလိုက်ချင်ပါတယ်။”

အခုဆိုရင် Republican ပါတီဘက်မှာ သမ္မတလောင်းဖြစ်ဖို့ ကြိုးစားသူ ၃ ယောက်ပဲကျန်တော့တဲ့ထဲမှာ နောက်တယောက်ကတော့ အင်္ဂါနေ့က ဘယ်ပြည်နယ်မှာမှ အနိုင်မရခဲ့တဲ့ Texas ပြည်နယ်အထက်လွှတ်တော်အမတ် Ted Cruz ဖြစ်ပါတယ်၊ Donald Trump ကို အဓိကပြိုင်ဆိုင်နိုင်မဲ့သူလို့ သူ့ကိုယ်သူ ယူဆနေသူလဲဖြစ်ပါတယ်။

“ရှေ့ကို ဆက်သွားဖို့အတွက် ရွေးချယ်စရာက ရှင်းပါတယ်၊ ခင်ဗျားတို့အနေနဲ့ ကိုယ်တန်ဖိုးထားတဲ့စံတွေကို သဘောတူလက်ခံသူကို လိုလားသလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ စံတန်ဖိုးတွေကို ဆယ်စုနှစ်တွေနဲ့ချီကြာအောင် ဆန့်ကျင်လာတဲ့သူကို လိုချင်ပါသလား”

Democratic ပါတီဖက်မှာတော့ ရှေ့ပြေးနေတဲ့ Hillary Clinton က ပြည်နယ် ၄ ခုမှာ လောလောဆယ်အနိုင်ရထားပြီး ပြိုင်ဖက် အထက်လွှတ်တော်အမတ် Bernie Sanders ထက် သမ္မတလောင်းရွေးချယ်ခွင့်ရှိတဲ့ ပါတီကိုယ်စားလှယ်အရေအတွက်အများအပြားကို ရရှိလိုက်ပါတယ်၊ Missouri ပြည်နယ်က မဲရလာဒ်ကိုတော့ ခုချိန်မသိရသေးပါဘူး၊ Florida ပြည်နယ်မှာ ထောက်ခံသူတွေကို နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ Hillary Clinton က မိန့်ခွန်းပြောစဉ်မှာ Republican ပါတီဖက်က Donald Trump နဲ့ နှိုင်းယှဉ်ပြီး ခုလို ပြောကြားသွားပါတယ်။

“ကျွန်မတို့ တယောက်ကို တယောက် တဖက်သတ် ငါ့တကောကောပြီး လေလုံးထွားနေမဲ့အစား လေးစား ကြင်နာမှုနဲ့ ဆက်ဆံမယ်၊ တယောက်ကို တယောက် တိုက်ခိုက်နေမဲ့အစား ဖေးမကူညီမယ်ဆိုရင် ကျွန်မတို့အားလုံး လိုရာပန်းတိုင်ရောက်အောင် မလုပ်နိုင်စရာအကြောင်း မရှိပါဘူး။”

Hillary Clinton ထက် အများကြီး နောက်ကျန်နေတဲ့ ပြိုင်ဘက် Bernie Sanders ဖက်ကလဲ သမ္မတလောင်းပြိုင်ဆိုင်မှုကို နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ အောင်နိုင်ရေးအတွက် ပံ့ပိုးနေတဲ့ လူချမ်းသာတွေရဲ့ အသံကိုပဲ မဟုတ်ဘဲ၊ အမေရိကန်ပြည်သူတွေ ဘာဖြစ်ချင်သလဲဆိုတာကို နားထောင်နေတဲ့ ကျွန်တော်တို့ရဲ့ အောင်နိုင်ရေးလှုပ်ရှားမှုတွေ အခြေအနေကောင်းပါတယ်။”

ဒါပေမဲ့လဲ ပါတီညီလာခံကျရင် မဲပေးခွင့်ရှိတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို အခုအချိန်အထိ ကျင်းပပြီးခဲ့တဲ့ သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ Bernie Sanders ထက် Hillary Clinton ကအများကြီး ပိုရရှိထားတာကြောင့် Democratic ပါတီဖက်မှာတော့ Clinton ရဲ့ သမ္မတလောင်း ဖြစ်ရေးခြေလှမ်းတွေက အတော်ကို ခိုင်မာနေပြီဖြစ်ပါတယ်။

XS
SM
MD
LG