သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရှမ်း လူသားချင်းစာနာမှု ရန်ပုံငွေ ဒေါ်လာသန်း ၇၀ လို


မြန်မာ IDP ဒုက္ခသည်များ။
မြန်မာ IDP ဒုက္ခသည်များ။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ IDP ၁ သိန်းလောက်အတွက် သုံးနှစ်စာ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၇၀ ကျော် လိုအပ်နေတယ်လို့ ပြည်တွင်းအခြေစိုက် အကူအညီပေးအဖွဲ့တွေက ပြောလိုက်ပါတယ်။ နှစ်နှစ်ကျော်ကြာ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေအတွက် အကူအညီတွေကို ခုချိန်ထိ အခိုင်အမာ မပေးနိုင်သေးဘဲ ရေတို အကူအညီတွေကိုပဲ ပေးနိုင်သေးတယ်လို့လည်း ပြောပါတယ်။ အဲဒီဒေသတွေက စစ်ရှောင် ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်တွင်းအခြေစိုက် အဖွဲ့ခုနစ်ဖွဲ့ပူးပေါင်းပြီး ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ ရှင်းလင်း ပွဲအတွင်း ပြောဆိုခဲ့တာတွေကို ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အစိုးရတပ်နဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈ သောင်းကနေ ၁ သိန်းအထိ ရှိနေပြီး၊ အဲဒီ စစ်ရှောင်ဒုက္ခသည်တွေအတွက် ၃ နှစ်စာ ရန်ပုံငွေ လိုအပ်ချက်ကို ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်တဲ့ အကူအညီပေးအဖွဲ့ ၇ ဖွဲ့က ပူးတွဲပြုစုပြီးတော့ ကြေညာခဲ့တာပါ။

“အဖွဲ့အစည်း ၇ ဖွဲ့လုံးအတွက် ဒီ အခု ခန့်မှန်းထားတဲ့ ၈ သောင်းနဲ့ ၁ သိန်း ပတ်ဝန်းကျင်ပေ့ါနော် ဒီလူတွေကို ပံ့ပိုးကူညီပေးနိုင်ဖို့ ဒီလောက် လိုအပ်လိမ့်ဦးမယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၇၀ ဖြစ်ပါတယ်။”

မေတ္တာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အမှုဆောင်ဒါရိုက်တာ စိုင်းဆမ်ခမ်းပါ။
တိုက်ပွဲတွေ စဖြစ်ခဲ့တာ နှစ်နှစ်ကျော် ကြာလာပြီးတဲ့နောက် အများအားဖြင့် ပစ်ခတ်တာတွေ လျော့ကျလာခဲ့ပေမဲ့လည်း ဘေးဒဏ် သင့်သူတွေအတွက် အကူအညီတွေပေးနိုင်ရေးမှာ အခက်အခဲတွေ အများကြီး ရှိနေဆဲဖြစ်ပြီးတော့ အဲဒီထဲမှာ အဓိကတချက်က ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့တွေအနေနဲ့ နိုင်ငံတကာ အလှူရှင်တွေဆီကနေ ရန်ပုံငွေ ရရှိရေး အခက်အခဲ ကြုံနေရ တာဖြစ်ပါတယ်။ နှစ်နှစ်ကျော် ကြာလာသည့်တိုင်အောင် ရရှိတဲ့ အကူအညီတွေဟာ ကာလတို အကူအညီတွေပဲ ဖြစ်နေသေးတယ်လို့ စိုင်းဆမ်ခမ်း က ပြောပါတယ်။


“၃ လ သွားနေကြတာဖြစ်ပါတယ်။ အလွန်ဆုံးမှ ၆ လအထိ ခွင့်ပြုတဲ့အပိုင်းတွေ ရှိပါတယ်။ ဆိုတော့ အလယ်အလတ်တန်းကာလနဲ့ ကာလရှည်ကို ကျနော်တို့ ကြည့်ဖို့အတွက် အခုထက်ထိ အခက်အခဲ ရှိပါတယ်ခင်ဗျ။ အရေးပေါ် ကယ်ဆယ် စောင့်ရှောက်ရေးတင်မက ကျနော်တို့ တခြား ကြည့်ရမယ့် ကဏ္ဍတွေပါ ပါလာပါတယ်ဗျ။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ကဏ္ဍမျိုးတွေ၊ ပညာရေးနဲ့ ပတ်သက်တဲ့ကဏ္ဍမျိုးတွေ စတဲ့ကိစ္စရပ်တွေပါ ကျနော်တို့ ထည့်သွင်းစဉ်းစားဖို့ လိုတာဖြစ်ပါတယ်။”

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် စခန်းပေါင်း ၁၃၉ ခု ရှိနေပါတယ်။ အဲဒီထဲက ၃၅ ရာခိုင်နှုန်းဟာ အစိုးရက ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိပြီး ၆၅ ရာခိုင်နှုန်းကတော့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိနေတာပါ။ သူတို့ ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းတွေအနေနဲ့ နှစ်ဘက်စလုံးက ထိန်းချုပ်ထား တဲ့ စခန်းတွေထဲက လူတွေကို အကူအညီပေးနေပါတယ်လို့ စိုင်းဆမ်ခမ်းက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနေတဲ့ အဖွဲ့တွေဟာ IDP တွေကို အကူအညီပေးနိုင်ဖို့ အကန့်အသတ်တွေရှိနေပြီး လိုအပ်ချက်တွေ ပြည့်မီအောင် ပံ့ပိုးပေးဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ အဖွဲ့ခုနစ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒေသခံ အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ဒေသအနှံ့ ပိုပြီးခက်ခဲတဲ့ ဒေသတွေပါမကျန် IDP တွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်လည်း ဒေသခံအဖွဲ့အစည်းတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီပေးဖို့နဲ့ အခု သူတို့ပြော ထားတဲ့ရန်ပုံငွေ ဒေါ်လာ သန်း ၇၀ ကျော်ရဖို့အပြင် တခြားအပိုင်းတွေမှာပါ အကူအညီပေးကြဖို့ စိုင်းဆမ်ခမ်း က နှိုးဆော်ပါတယ်။

“အားလုံးရဲ့ ပံ့ပိုးကူညီမှုလည်း ကျနော် လိုအပ်ပါတယ်။ ဒုက္ခသည်တွေရဲ့ အရေးဟာ ဒုက္ခသည်တွေနဲ့ ဒီဟာကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့တင် ဆက်စပ်တာ မဟုတ်ပါဘူး။ နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိသလို သက်ဆိုင်ရာက ဝန်ကြီးဌာန ကျနော်တို့ မြန်မာနိုင်ငံ အစိုးရဘက်ကလည်း ပံ့ပိုးကူညီပေးမှုတွေလည်း ကျနော်တို့ အများကြီး လိုအပ်နေပါတယ်။”

ဒေသခံအဖွဲ့အစည်းတွေက နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတွေဆီမှာ ရန်ပုံငွေ လျှောက်ထားတဲ့အခါ ချမှတ်ထားတဲ့ မူဝါဒ အဟန့်အတားတွေကို ဖယ်ရှားပေးဖို့လည်း အခု အဖွဲ့ ၇ ဖွဲ့က အလှူရှင်တွေနဲ့ တခြားသက်ဆိုင်ရာ ဆက်နွယ်ပတ်သက်တဲ့ အဖွဲ့အစည်း အားလုံးကို မေတ္တာရပ်ခံထားပါတယ်။ သူတို့ရင်ဆိုင်ရတဲ့ မူဝါဒ အဟန့်အတားထဲမှာ အဓိကတချက်ကို စိုင်းဆမ်ခမ်း က အခုလိုရှင်းပြပါတယ်။

“စီမံကိန်းတစ်ခု ကျနော်တို့က တင်လိုက်ပြီးလို့ရှိရင် အဖွဲ့အစည်းအနေနဲ့က ၈၀ ရာခိုင်နှုန်းကိုပဲ အကူအညီပေးမယ်။ ကျနော်တို့က ၁၀၀ ရာခိုင်နှုန်းပြီးအောင် အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ၁၀၀ ရာခိုင်နှုန်း ပြီးသွားတဲ့အခါမှာ ကျနော်တို့ ၂၀ ရာခိုင်နှုန်းကို စိုက်ရပါမယ်။ စိုက်ပြီးတော့မှ သူတို့ကို လုပ်ငန်းအစီရင်ခံစာနဲ့ ဘဏ္ဍာရေး အစီရင်ခံစာ တင်လိုက်လို့ ကျေနပ်အားရမှု ရှိတယ်ဆိုရင် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို ပြန်ပေးပါမယ်ဆိုပြီး co-funding လို့ ခေါ်တာပေါ့ဗျာ။ ဒီလို မူဝါဒဟာ မရည်ရွယ်ဘဲနဲ့ ဒေသခံအဖွဲ့အစည်းတွေအတွက် ဒီ fund တွေကို မရနိုင်အောင် ဟန့်တားထားသလိုမျိုး ဖြစ်နေပါတယ်။”

ပြည်တွင်းအခြေစိုက် အကူအညီပေးအဖွဲ့တွေဖြစ်တဲ့ ကချင် ဘက်ပ်တစ်စ် ကွန်ဗန်းရှင်း (KBC)၊ ကချင်ကူညီကယ်ဆယ်ရေး နဲ့ ဖွံြ့ဖိုးတိုးတက်ရေးကော်မတီ (KRDC)၊ ကရုဏာ မြန်မာ လူမှုဝန်ထမ်းအဖွဲ့၊ မေတ္တာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ Shalom ဖောင်ဒေးရှင်း၊ ဝန်းပေါင်းနင်းထွိုင် (WPN) နဲ့ BRIDGE အဖွဲ့တို့ ပူးပေါင်းပြီး ပြုစုထားတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ပူးတွဲမဟာဗျူဟာကို ဗုဒ္ဓဟူးနေ့က Summit Parkview ဟိုတယ်မှာလုပ်တဲ့ ရှင်းလင်းပွဲအတွင်း ထုတ်ပြန်ခဲ့ကြပါတ ယ်။
XS
SM
MD
LG