သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dr. စင်သီယာမောင် ၂၀၁၃ Sydney ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရ


သြစတြေးလျနိုင်ငံ Sydney Peace Foundation ရဲ့ ၂၀၁၃ ခုနှစ် ဆစ်ဒနီငြိမ်းချမ်းရေးဆုရှင် ဒေါက်တာစင်သီယာမောင်ဟာ ဗုဒ္ဓဟူးနေ့မှာ ငြိမ်းချမ်းရေးဆုနဲ့ ပတ်သက်ပြီး ဆစ်ဒနီမြို့တော်ခန်းမမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ နွမ်းပါးသူတွေအတွက် ကျန်းမာရေး၊ ရှင်သန်မှုနဲ့ ဂုဏ်သိက္ခာဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါက်တာစင်သီယာမောင် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မိဘမဲ့ကလေးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဆင်းရဲသားနဲ့ အပယ်ခံ လူတန်းစားတွေရဲ့ လူ့ဂုဏ်သိက္ခာအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေတဲ့အတွက် ဆုပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

၂၀၁၃ ခုနှစ်အတွက် ဆစ်ဒနီငြိမ်းချမ်းရေးဆုပေးပွဲနဲ့ ဂုဏ်ပြု ညစာစားပွဲကိုတော့ ဆစ်ဒနီတက္ကသိုလ် MacLaurin ခန်းမမှာ ကြာသပနေ့ ကျင်းပမှာ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တခုတည်းအတွက်တင်မက ပညာရေးနဲ့၊ စောင့်ရှောက်ကာကွယ်မှုကိုပါ ပေးနေတဲ့ မယ်တော်ဆေးခန်းရဲ့ ဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကာလမှာ အသိအမှတ်ပြုပြီး အခုလို ဆုပေးတဲ့အတွက် ဝမ်းသာတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အများပြည်သူတွေကြား ဆွေးနွေးပြောဆိုတာကို အားပေးဖို့အတွက် Sydney Peace Foundation ကို ၁၉၉၈ ခုနှစ်မှာ ထူထောင်ခဲ့တာဖြစ်ပါတယ်။ အရင် ဆုရရှိသူတွေထဲမှာ ဘုန်းတော်ကြီး Desmond Tu Tu၊ သတင်းထောက် John Pilger, အိုင်ယာလန်သမ္မတဟောင်းနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးဟောင်း Mary Robinson တို့ ပါဝင်ပါတယ်။
XS
SM
MD
LG