သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် ပညာတတ်တွေရဲ့ အကူအညီရဖို့ NNER ကြိုးပမ်း


ရောက်ရှိနေတဲ့ မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ကိုဦးဆောင်နေသူဒေါက်တာသိန်းလွင်ရဲ့ အမေရိကန်ခရီးစဉ်။ (ဓာတ်ပုံ- Zawana Shen)
ရောက်ရှိနေတဲ့ မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ကိုဦးဆောင်နေသူဒေါက်တာသိန်းလွင်ရဲ့ အမေရိကန်ခရီးစဉ်။ (ဓာတ်ပုံ- Zawana Shen)

အမေရိကန်ပြည်ထောင်စုမှာ ပညာသင်တတ်မြောက်လာတဲ့ မြန်မာလူမျိုးတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ကူညီပေးနိုင်ရေး NNER ကို ဦးဆောင်နေတဲ့ ဒေါက်တာသိန်းလွင်က သူရဲ့အမေရိကန်ခရီးစဉ်အတွင်းမှာ စည်းရုံးဟောပြောနေပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ဒေါက်တာသိန်းလွင်ရဲ့ အမေရိကန်ခရီးစဉ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

(၁၀) ရက်ကြာခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ကိုဦးဆောင်နေသူဒေါက်တာသိန်းလွင်က သူရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

“ဒီမှာလာတဲ့အကြောင်းကတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ ဗမာနိုင်ငံသားတွေ၊ သူတို့က ကျောင်းသားတွေရဲ့ပညာရေးလှုပ်ရှားမှုကို သူတို့ ထောက်ခံကြတယ်။ ကျောင်းသားတွေဘက်က စာနာတယ်။ အဲဒီတော့ ဒီမှာရှိတဲ့ ဗမာနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီးတော့ ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ဆောင်ရွက်တဲ့လုပ်ငန်းတွေ၊ အခက်အခဲတွေတင်ပြပြီးတော့ အကြံဉာဏ်တွေ ယူချင်လို့ပါ။ ကျနော်တို့ ဗမာနိုင်ငံသားတွေက အမေရိကန်မှာရောက်နေတယ်။ အမေရိကန်တက္ကသိုလ်တွေမှာ တက်ရောက်ပြီးတော့ ပညာသင်၊ ဘွဲ့တွေဘာတွေရနေကြတော့ ဒီဘက်က နည်းပညာတွေ ရထားတယ်။ သူတို့နည်းပညာတွေက ကျနော်တို့နိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ပြန်လည်အသုံးပြုနိုင်ဖို့ပေါ့-အဲဒါတွေကို တိုင်ပင်နေတာပါ။”

မေး။ ။ ဒီခရီးစဉ်ကနေပြီးတော့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးမှာ ဘယ်လောက်ထိအရေးပါသလဲလို့ ယူဆပါသလဲရှင့်။

“အရေးပါမှုကတော့ ပြည်ပရောက်နေတဲ့ ဗမာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံရဲ့ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ပါဝင်ကူညီဖို့ပေါ့။ ဒီမိုကရေစီ နည်းလမ်းကျတဲ့ပညာရေးတွေကို လက်တွေ့မှာ လေ့လာသင်ယူနေတဲ့သူတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်ပေးဖို့ပါ။ အဲဒါတွေအတွက် ဒီခရီးစဉ်က အကျိုးရှိပါတယ်။ နယူးယောက်ခ်မှာတော့ ဆရာကြီးမောင်စွမ်းရည်တို့၊ ဒေါက်တာ ညီညီတို့နဲ့လည်းတွေ့တယ်။ နယူးယောက်မှာ နေထိုင်တဲ့ ဗမာအသိုင်းအဝိုင်းနဲ့လည်း တွေ့ပါတယ်။ ကျနော်တို့ အခက်အခဲတွေတင်ပြတော့ သူတို့မရှင်းတဲ့အချက်အလက်တွေမေးတယ်။ သူတို့ဘက်က ကျောင်းသားတွေကို အားပေးတယ်။ ဘယ်လို ကူညီရမလဲပေါ့-ကူညီနိုင်မယ့်နည်းလမ်းတွေကိုလည်း ပြောပါတယ်။ တွေ့ခဲ့တယ်။ နောက် အော်ဘန်နီ-ခေါ်တဲ့ နယူးယောက်ပြည်နယ်ထဲက မြို့တမြို့မှာလည်း အဲဒီက ဗမာတွေနဲ့တွေ့ဆုံခဲ့တယ်။ ဘတ်ဖဲလိုကတော့ ဒီနေ့အားတဲ့လူတွေပေါ့- လာပြီးတော့ သူတို့ကို ရှင်းပြတယ်။ အခု ရှင်းပြနေတုန်းပါပဲဗျား။”

အခုလို ဒေါက်တာသိန်းလွင်နဲ့တွေဆုံပွဲကနေ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပညာရေးစနစ်အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ရောက် မြန်မာတွေအနေနဲ့ ဘယ်လိုကူညီဆောင်ရွက်သင့်သလဲဆိုတဲ့နည်းလမ်းတွေ တွေ့မြင်လာခဲ့တယ်လို့ မနေ့က တွေ့ဆုံပွဲကျင်းပတဲ့ ဘာဖဲလိုမြို့က ကိုမင်းနိုင်ကပြောပါတယ်။

“အများကြီးအကျိုးရှိတယ်။ ကျနော်တို့ အပေါ်ယံသိထားပြီးတော့ သတင်းတွေမှာ၊ မီဒီယာတွေမှာ ဖတ်ရသလောက်သိထားရတာ၊ တကယ့်ကို ဦးဆောင်ကော်မတီတယောက်ရဲ့ ပြောပြတဲ့အချက်တွေကို ကျနော်တို့ နားထောင်လိုက်ခြင်းအားဖြင့် သိသင့်သိထိုက်တာတွေ အများကြီး သိလိုက်ရတယ်။ ပိုပြီးတော့ လေးလေးနက်နက်နဲ့ တိုင်းပြည်အနာဂတ် မျိုးဆက်သစ်တွေအတွက် ပညာရေးပြုပြင်ပြောင်းလဲမှု မဖြစ်မနေ လုပ်ကို လုပ်ရမယ်ဆိုတဲ့အချက်တွေ ကျနော်တို့ ပိုပြီးသိလိုက်ရတယ်။ နောက်တချက်က ဆရာပြောသွားတဲ့အချက်တွေကို အခြေခံပြီးတော့ ကျနော်တို့တွေလည်းပဲ တတ်နိုင်တဲ့ဘက်က တတ်နိုင်စွမ်းတဲ့ဘက်ကနေ နည်းပေါင်းစုံနဲ့ ဝိုင်းဝန်းကြိုးစားကြမယ်ဆိုတဲ့အသိတွေ ကျနော်တို့ ရလိုက်တယ်။”

ဒေါက်တာသိန်းလွင်ဟာ မကြာခင်ရက်ပိုင်းအတွင်း ဝါရှင်တန်ဒီစီမြို့တော်မှာလည်း မြန်မာမိသားစုတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအပါအဝင် ကျောင်းသားတွေတောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပညာရှင်တွေစုစည်းဖွဲ့စည်းထားတဲ့ NNER က ကျောင်းသားတွေကို ကျွမ်းကျင်မှုပိုင်း အကူအညီပေးနေတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG