သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မူးယစ်ပြဿနာ ကြီးထွား


ကချင်ပြည်နယ် ဖားကန့်မှာ မူးယစ်ဆေး သုံးစွဲနေသူများ။
ကချင်ပြည်နယ် ဖားကန့်မှာ မူးယစ်ဆေး သုံးစွဲနေသူများ။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးရတဲ့ လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသူ အရေအတွက်က ပိုများနေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Transnational Institute (TNI) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြလိုက်ပါတယ်။ ဒီပြဿနာတွေကို လျော့ကျသွားအောင် NLD အရပ်သား အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်ဖို့လိုကြောင်း TNI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဘိန်းခင်းတွေ
ဘိန်းခင်းတွေ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေ ပိုများလာပြီး HIV ရောဂါစွဲကပ်ကြတဲ့ လူနာ အရေအတွက် ဟာ မြန်မာနိုင်ငံတွင်း အခြားပြည်နယ်နဲ့ တိုင်းတွေထက်စာရင် ကချင်ပြည်နယ်မှာက ပိုများနေသလို အရှေ့တောင်အာရှဒေသ ထဲမှာလည်း ကချင်ဒေသက HIV ဝေဒနာသည်အရေအတွက်က ပိုများနေကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် Transnational Institute (TNI) အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မူးယစ်ဆေးသုံးစွဲမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထိန်းမရ နိုင်အောင် တိုးပွားလာကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

ဘိန်းစွဲနေသူများ
ဘိန်းစွဲနေသူများ

အရင်စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မူးယစ်ဆေးဝါးပြသနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခဲ့ဲခြင်း မရှိတာ ကြောင့်လဲ အခုလို မူးယစ်ဆေးသုံးသူတွေ ပိုပြီးသေဆုံးနေရတယ်လို့ TNI အစီရင်ခံစာကဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေး သုံးစွဲမှုကြောင့် သေဆုံးနေရသူ အရေအတွက် ပိုများနေကြောင်း TNI အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Nick Buxton ကပြောပါတယ်။

"မူးယစ်ဆေး သုံးစွဲမှုကြောင့် သေဆုံးသူ ပိုများနေပြီး ၊ မူးယစ်ဆေးကြောင့်ဖြစ်လာရတဲ့ HIV ဝေဒနာကြောင့် ကချင်ပြည်နယ်တွင်း သေဆုံးရသူဦးရေဟာ ကချင်ပြည်တွင်းစစ်ကြောင့် သေဆုံးရသူ ဦးရေထက်ပိုများနေတာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ ဒါဟာ အဓိကပြဿနာ ဖြစ်ပါတယ်။"

pat jasan လူထုအခြေပြု ဘိန်းခင်းဖျက်အဖွဲ့
pat jasan လူထုအခြေပြု ဘိန်းခင်းဖျက်အဖွဲ့

ကချင်ပြည်နယ်တွင်း မူးယစ်ဆေးစွဲတဲ့ ပြဿနာကို အရင်အစိုးရတွေက သေချာဖြေရှင်း မပေးတာကြောင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC အဖွဲ့ဝင်တွေ ကမကထပြုပြီး “ပတ်ဂျဆန်”ဆိုတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ ၂နှစ်ကစလို့ ကိုယ်ထူကိုယ်ထ ထူထောင်ခဲ့ ကြပါတယ်။ ဒီအဖွဲ့အနေနဲ့ မူးယစ်ဆေးစွဲသူတွေကို ဖမ်းဆီးတာမျိုး ဆေးပြတ်အောင် ကုသပေးတာမျိုး တပိုင်တနိုင်လုပ်နေပေမယ့် ကချင် ပြည်နယ်တွင်းက မူးယစ်ဆေးပြဿနာကိုတော့ အပြီးအပြတ် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

ဘိန်းဖျက်ဖို့အသွား
ဘိန်းဖျက်ဖို့အသွား

အရင်အစိုးရအဆက်ဆက်ဟာ မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်တယ်ဆိုပေမယ့် မူဝါဒနဲ့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်း မှားယွင်းနေတာကြောင့် မူးယစ်ဆေး သုံးစွဲသူတချို့နဲ့ အသေးစား မူးယစ်ဆေးအရောင်းအဝယ် သမားတွေကို နှိမ်နင်းနိုင်တာမျိုးလောက်သာ လုပ်နိုင်ခဲ့တယ်လို့ TNI အဖွဲ့ကပြောပါတယ်။ ဒါ့ကြောင့် အခု အသစ်တက်လာတဲ့ NLD အရပ်သားအစိုးရသစ် လက်ထက်မှာ ပိုပြီးထိရောက်တဲ့ လုပ်ဆောင်မှုတွေရှိဖို့လိုတယ်လို့ TNI အဖွဲ့ကတောင်း ဆိုလိုက်ပါတယ်။

"ဒေသတွင်းက ပြည်သူ့စစ်အဖွဲ့တွေကို အဓိပစ်မှတ်ထားပြီး မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းဖို့လိုပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ အဖွဲ့ ရပ်တည်နိုင်ရေးအတွက် မူးယစ်ဆေးထုတ်လုပ်ရောင်းချမှုတွေမှာ ပါဝင်ပတ်သက်နေတာ တွေ့ရလို့ပဲ ဖြစ်ပါတယ်။ နောက်တပိုင်းကတော့ မူးယစ်ဆေး အန္တရာယ်ကြုံနေရတဲ့ အခြားတိုင်းပြည်တွေမှာ မူးယစ်ဆေးစွဲသူတွေနဲ့ စိုက်ပျိုးသူတွေကို ဖေးမကူညီတဲ့ အစီစဉ်တွေ အလေးပေး ဆောင်ရွက်နေကြသလို၊ အကြီးစား မူးယစ်ရာဇာဂိုဏ်းတွေကို အဓိကပစ်မှတ်ထားပြီး ချေမှုန်းနေကြပါတယ်။ ဒီနည်းတွေက အောင်မြင်မှု ပိုရ နေတာတွေ့ရပါတယ်။"

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်တဲ့ လုပ်ငန်းတွေ ကြား အဆက်အစပ်ရှိနေတာ ကို လေ့လာတွေ့ရတယ်လို့လည်း TNI ရဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မူးယစ်ဆေးရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ စိုက်ပျိုး ထုတ်လုပ်သူ အဓိကအရင်းအမြစ်တွေကို နှိမ်နင်းနိုင်မှသာ မြန်မာအစိုးရသစ်အနေနဲ့ အောင်မြင်မှုတွေ ရနိုင်မှာဖြစ်တယ်လု့ိလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုထိန်းချုပ်ရေး UNODC အဖွဲ့ရဲ့ လွန်ခဲ့တဲ့နှစ်တွေအထိ စာရင်းအရ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ ဒုတိယမြောက် ဘိန်းဖြူအထွက်ဆုံး နိုင်ငံလဲဖြစ်ပါတယ်။

XS
SM
MD
LG