သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ခမ်းနဲ့အဖွဲ့ဝင်သုံးဦး တရုတ်တရားရုံး သေဒဏ်ချ


မူးယစ်ရာဇာ နော်ခမ်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တရားရုံးတခုကနေ အင်္ဂါနေ့က သေဒဏ် ချမှတ် လိုက်ပါပြီ။ ပြီးခဲ့တဲ့နှစ်က မဲခေါင်မြစ်မှာ တရုတ်သင်္ဘောသား ၁၃ ဦးကို ဖမ်းဆီးပြီးတော့ သတ်ပစ်ခဲ့တဲ့ အမှုနဲ့ အခုလို သေဒဏ် ချမှတ် လိုက်တာပါ။ သူနဲ့အတူ သူ့ရဲ့အဖွဲ့ဝင်သုံးယောက် လည်း သေဒဏ် ချမှတ်ခံခဲ့ရပါတယ်။ အပြည့်အစုံကို အေပီနဲ့ ရိုက်တာ သတင်းဌာနတွေရဲ့ သတင်းတွေပေါ် အခြေခံပြီး ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို တရုတ်တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တာဟာဖြင့် တရုတ်နိုင်ငံရဲ့ နယ်စပ် တွေကိုကျော်လွန်ပြီး ဥပဒေစိုးမိုးရေးအတွက် တိုးပြီးလုပ်လာတာ ကို ပြလိုက်တာပါပဲ။

လာအိုတာဝန်ရှိသူတွေက နော်ခမ်းကို မေလမှာဖမ်းဆီးပြီး တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးပြီး တဲ့နောက် ရွှေတြိဂံဒေသမှာ တရုတ် သင်္ဘေသားတွေကို သတ်ခဲ့မှုနဲ့ တရုတ်တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့တာပါ။ အင်္ဂါနေ့မှာတော့ သူနဲ့အတူ သူ့ရဲ့အဖွဲ့ဝင် သုံးယောက်ကို သေဒဏ်ချမှတ်လိုက်တဲ့အကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

“တရားခံ နော်ခမ်းကို ရည်ရွယ်ချက်နဲ့ လူသတ်မှုကျူးလွန်မှုခဲ့တဲ့အတွက် သေဒဏ်၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ် ဖောက်ကားမှုအတွက် ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းဆည်းပြီး သေဒဏ်၊ ပြန်ပေးဆွဲမှုအတွက် ပိုင်ဆိုင် ပစ္စည်းတွေကို သိမ်းဆည်းပြီး ထောင်ဒဏ်တသက်၊ သင်္ဘောတစင်းကို ပြန်ပေးဆွဲခဲ့မှုအတွက် ထောင်ဒဏ်တသက် ချမှတ်လိုက်တဲ့ အကြောင်း၊ သေဒဏ်စီရင်ပြီး ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းဆည်းဖို့ ဆုံးဖြတ်ကြောင်း” -

တရားသူကြီးက မန်ဒရင်း ဘာသာ စကားနဲ့ ကြေညာခဲ့ပါတယ်။

ဖမ်းဆီးထားသူတွေထဲက ငါးယောက်မြောက်ကို ဆိုင်းငံ့သေဒဏ်နဲ့ ခြောက်ယောက်မြောက်လူ ကိုတော့ ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခဲ့တယ်လို့လည်း ဆင်ဟွာသတင်းကပြောပါတယ်။
တရုတ်သင်္ဘောသား ၁၃ ဦးဟာ ကုန်တင်သင်္ဘောနှစ်စင်းနဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ မဲခေါင်မြစ်တလျှောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မောင်းသွားနေချိန်မှာ ပြန်ပေးဆွဲခံရပြီးတော့ အသတ်ခံခဲ့ကြရတာပါ။

သင်္ဘောတွေကို ပြန်ပေးဆွဲပြီး ထိုင်းနိုင်ငံရေပိုင်နက်ထဲ မောင်းဝင်သွားချိန်မှာ ဖမ်းထားတဲ့ သင်္ဘောသားအားလုံး မဟုတ်ရင် တောင်မှ တချို့ဟာ အသက်ရှင်လျက် ရှိနေသေးပြီး နောက်ပိုင်းမှာမှ သူတို့ကို သတ်ပစ်ပြီးတော့ ထိုင်းရေပြင်ထဲ ပစ်ချခဲ့တယ် ဆိုတာကို ဒီနှစ်ဇန်နဝါရီလမှာ ရိုက်တာ သတင်းဌာနက သတင်းထောက်တွေ စုံစမ်းတာကနေ သိခဲ့ရပါတယ်။

ရွှေတြိဂံဒေသဟာ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံ သုံးနိုင်ငံထိစပ်နေတဲ့ ဒေသဖြစ်ပြီး မူးယစ်ဆေး ဝါး မှောင်ခိုရောင်းဝယ်မှုတွေ ကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ဒေသပါ။ စိုင်းနော်ခမ်းနဲ့အဖွဲ့ဟာ အဲဒီရွှေတြိဂံဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် နယ်ဘက်မှာ အခြေပြုလှုပ်ရှားခဲ့တာဖြစ်ပါ တယ်။ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု စတဲ့အမှုတွေနဲ့ ဆက်စပ်ပြီး မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေ ကလည်း သူ့ကို အလိုရှိခဲ့ပါတယ်။ ထိုင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့က ဆိုရင် နော်ခမ်းကို ဖမ်းမိအောင် ကူညီနိုင်ရင် ဆုငွေ ဘတ် နှစ်သန်း ပေးမယ်လို့ ကို ကြေညာထားခဲ့ပါတယ်။

မဲခေါင်မြစ်ဟာ တရုတ်နိုင်ငံကနေ အရှေ့တောင်အာရှဒေသဆီ စီးဝင်သွားပြီး မြန်မာနဲ့လာအိုနိုင်ငံ အကြား နယ်စပ်၊ ထိုင်းနဲ့ လာအိုနိုင်ငံအကြား နယ်စပ်တလျှောက်မှာ စီးဆင်းနေတာပါ။ မဲခေါင်မြစ် တလျှောက် လှေသင်္ဘောတွေ သွားလာတာကို တရား ဥပဒေနဲ့အညီဖြစ်စေရေးဆိုင်ရာ သဘောတူ ညီချက်တရပ်ကို တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံအကြား ၂၀၀၁ ခုနှစ်က လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

တရုတ်သင်္ဘောသားတွေ အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်ဟာ ခေတ်သစ်ကာလအတွင်း ပြည်ပမှာ တရုတ်နိုင်ငံ သားတွေ အသတ်ခံရတဲ့ အဆိုးဆုံးဖြစ်ရပ်တခုဖြစ်တာကြောင့် တရုတ်နိုင်ငံက သူတို့ရဲ့နယ်စပ်ကနေ မဲခေါင်မြစ်တလျှောက် ကင်းလှည့်စောင့်ကြပ်ဖို့ စစ်သင်္ဘောတွေ ကိုတောင်မှ စေလွှတ်ခဲ့တာပါ။ ဒါ့အပြင် သဘောတူညီချက် လက်မှတ်ရေးထိုးထား တဲ့ လေးနိုင်ငံအကြားမှာလည်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပိုပြီး အားကောင်းစေခဲ့ပါတယ်။

မဲခေါင်မြစ်တလျှောက် တရုတ်စစ်သင်္ဘောတွေ ကင်းလှည့်စောင့်ကြပ်တာ တိုးများလာတဲ့ အပေါ် ဒေသတွင်းလုံခြုံရေးမှာ တရုတ် တို့ရဲ့အခန်းကဏ္ဍကို တိုးချဲ့လာတာအဖြစ် ရှုမြင်တာတွေရှိပြီး တရုတ်တို့ရဲ့ ဥပဒေလက်တံကို မဟာဗျူဟာမြောက် မဲခေါင် မြစ်ကြောင်းတလျှောက်မှာသာမက အရှေ့တောင်အာရှဒေသထဲအထိ ချဲ့ထွင်လာတာအဖြစ်လည်း မြင်ကြပါတယ်။

နော်ခမ်းအပါအဝင် ပြစ်ဒဏ်စီရင်ခံရသူအားလုံးက အယူခံဝင်မယ်လို့ တရားရုံးကို ပြောခဲ့တဲ့အကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်ခင်ဗျား။
XS
SM
MD
LG