သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာသန်း ၁၃၀ ကျော်တန်ဖိုး စိတ်ကြွဆေးပြားဖမ်းမိ


အမေရိကန် ဒေါ်လာ ၁၃၃ သန်းခွဲ၊ မြန်မာကျပ်ငွေ ၁၃၃ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၆ သန်းခွဲကျော်ကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ ရပ်ထားတဲ့ KIA Bongo အမျိုးအစား ကုန်တင်ကားပေါ်မှာ ဖမ်းဆီးရမိ။ (ဓာတ်ပုံ - MOI)
အမေရိကန် ဒေါ်လာ ၁၃၃ သန်းခွဲ၊ မြန်မာကျပ်ငွေ ၁၃၃ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၆ သန်းခွဲကျော်ကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ ရပ်ထားတဲ့ KIA Bongo အမျိုးအစား ကုန်တင်ကားပေါ်မှာ ဖမ်းဆီးရမိ။ (ဓာတ်ပုံ - MOI)

အမေရိကန် ဒေါ်လာ ၁၃၃ သန်းခွဲ၊ မြန်မာကျပ်ငွေ ၁၃၃ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၆ သန်းခွဲကျော်ကို ရန်ကုန်တိုင်းအတွင်းက ဖမ်းဆီးရမိလိုက်ပါတယ်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ ရပ်ထားတဲ့ KIA Bongo အမျိုးအစား ကုန်တင်ကားကို စစ်ဆေးတာမှာ သန်းနဲ့ချီတဲ့ စိတ်ကြွဆေးပြားတွေကို ပိုင်ရှင်ကို မမိဘဲနဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ စိတ်ကြွဆေးပြားတွေကို ကိုယ်တိုင် ဦးဆောင် ဖမ်းဆီးခဲ့သူ မင်္ဂလာဒုံ မြို့မရဲစခန်းရဲ့ စခန်းမှူး ဒုတိယ ရဲမှူး ဦးဝင်းမြင့်ကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းရာမှာ အခြေအနေကို အခုလို စပြီး ပြောပါတယ်။

“ဖမ်းမိတာမှန်ပါတယ်။ ဖမ်းမိတယ်ဆိုတာက ကျနော်တို့က လှည့်ကင်းဆောင်ရွက်ရင်းနဲ့ မသင်္ကာဖွယ် ရပ်ထားတဲ့ကားကို စစ်ဆေးရင်းနဲ့ အဲဒီ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခြင်းဖြစ်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့ အရေအတွက် ဘယ်လောက်လောက် ရှိပါသလဲရှင့်။

ဖြေ။ ။ သိန်းပေါင်း ၂၆၇ သိန်းရှိပါတယ်ခင်ဗျ။

မေး။ ။ ဘယ်နားက မိတာလဲရှင့်။

ဖြေ။ ။ အိမ်ဝင်းမဟုတ်ပါဘူးခင်ဗျာ။ သူက စက်မှုဇုန်ဇေကမ္ဘာဝင်းဆိုတာ ရှိပါတယ်။ ကျနော်တို့ ဇေကမ္ဘာဝင်းထဲကို ဝင်တဲ့ လမ်းမပေါ်မှာပါပဲခင်ဗျ။ ၆ လမ်းသွား လမ်းမပေါ်မှာပါပဲ။ အိုးအိမ်လမ်းလို့ခေါ်ပါတယ်။ အဲဒီလမ်းမပေါ်မှာ မိတာပါ။ လမ်းဘေးမှာရပ်ထားရင်း မိတာပါ။ ဟုတ်ကဲ့။

မေး။ ။ အခုရော ဒီမူးယစ်ဆေးဝါးတွေကို ဘယ်မှာသိမ်းထားပါလဲရှင့်။ ဒီမင်္ဂလာဒုံမှာပဲလား။ လွှဲပြောင်းပေးအပ်ပြီးသွားပါပြီလားရှင့်။

ဖြေ။ ။ မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့ဆီမှာ မသိမ်းပါဘူးခင်ဗျ။ ဟို အထက်လူကြီးတွေရဲ့ ညွှန်ကြားချက်နဲ့ ကျနော်တို့ သူတို့ဟိုဟာပေါ့ ဘာခေါ်မလဲ ဟို အခြား ဟိုဟာပေါ့ စစ်ဌာနတွေမှာ သွားပြီး အပ်ထားပါတယ်ခင်ဗျ။

မေး။ ။ ဒီအမှုကို ဘယ်လိုများ ဆက်လက် စစ်ဆေးနေပါသလဲရှင့်။ စုံစမ်းနေပါသလဲ။

ဖြေ။ ။ ဟုတ်တယ် ကျနော်တို့ အခုလက်ရှိ ဖမ်းမိတဲ့ ဟိုဟာပေါ့ ကားတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီးတော့ ပိုင်ရှင် အမည်ပေါက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆင့်ကဲဆင့်ကဲ လိုက်လံ စုံစမ်းပြီးတော့ ဒီကားတွေရဲ့ ပိုင်ရှင် ဘယ်သူဆိုတာကို ဖော်ထုတ်နေပါတယ်ခင်ဗျ။

မေး။ ။ ရန်ကုန်မှာ ဒီလောက် ပမာဏအများကြီးက ပထမဆုံးအကြိမ် ဖမ်းမိတာများဖြစ်မလားရှင့် ရဲမှူးကြီး။

ဖြေ။ ။ ကျနော်လည်း မကြားဖူးဘူး။ အခုမှ ဒီလောက် အများကြီး တခါမှ မတွေ့ဖူး၊ မကြုံဖူးဘူး ဟုတ်ကဲ့။

မေး။ ။ အဲတော့ ရန်ကုန်မှာများ ဒါတွေက ထုတ်လုပ်တာရော ဖြစ်နေမလားရှင့်။ ဒီကားကြီးကရော ဘယ်ကနေပြီးတော့ ဝင်လာတာပါလဲရှင့် ရဲမှူးကြီး။

ဖြေ။ ။ ဟုတ်ကဲ့ အခုလက်ရှိ ကားက ဟို နယ်က ဝင်လာတဲ့ အထောက်အထား မတွေ့ရပါဘူး။ ဟို နည်းနည်း ချဲ့လာတဲ့သဘောမျိုးလား မသိပါဘူး။ ကျနော်တို့က အခု အဲဒါတွေ စိစစ်နေတုန်းကာလပါ ဟုတ်ကဲ့။ တိတိကျကျ အခုအချိန်မှာ ဘယ်ကနေလာပါတယ်၊ ဘယ်လိုလာပါတယ်ဆိုတဲ့ ဟာတွေကို ကျနော်တို့ အခုအချိန်မှာ ဖော်ထုတ်လို့မရသေးပါဘူး။ တယောက်ယောက် သက်သေခံရမှသာ ကျနော်တို့ အဲဒါတွေကို ဘယ်လိုရောက်လာတယ်ဆိုတာကို တိတိကျကျ ဖော်ထုတ်လို့ရမှာ ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ရှင့် လူတွေလည်း တယောက်မှမမိဘူးဆိုတော့ လူတွေက ရဲမှူးတို့ကို တွေ့လို့ ထွက်ပြေးတာလား။ ဒါမှမဟုတ် အရင်ကတည်းက ဒီကားကြီးကို စွန့်ပစ်ထားခဲ့တာလားရှင့်။

ဖြေ။ ။ အဓိကကတော့ ကျနော်တို့ လှည့်ကင်းကိုတွေ့လို့ လူဖမ်းမိမှာစိုးလို့ ထွက်ပြေးတဲ့သဘော သက်ရောက်ပါတယ်ခင်ဗျ။

မေး။ ။ အဲတော့ ဒီလောက်အများကြီးဖမ်းမိတော့ ဒီအမှုကိုရော နိုင်ငံတော်အဆင့်ပေါ့နော် ဒါမှမဟုတ် တိုင်းအဆင့် ဒီလို စုံစမ်းစစ်ဆေးရေးများ ဖွဲ့ထားပါသလားရှင့် ရဲမှူးကြီး။

ဖြေ။ ။ ကျနော်က ကျနော်အလုပ်လုပ်ဆောင်ရင်းနဲ့ တွေ့တာဆိုတော့ ကျနော်ကိုတော့ စုံစမ်း စစ်ဆေးဖို့ မရှိလောက်ဘူးလို့ ထင်တာပါပဲ။ ကျနော်က ကျနော့်အလုပ် ကျနော်လုပ်ရင်းနဲ့ ဖမ်းမိလို့ ကျနော် သတင်းပို့ပြီးတော့ ကျနော်ကိုယ်တိုင် ဖမ်းဆီးတာပဲလေ။

မေး။ ။ ဟုတ်ကဲ့ရှင့် ရဲမှူး ကျမမေးတာကလေ ဒီအမှုကို လိုက်ဖို့ကို ပြောတာပါရှင့်။ မင်္ဂလာဒုံအနေနဲ့ပဲ တာဝန်ယူထားလား၊ ဒါမှမဟုတ် ရန်ကုန်တိုင်းအဆင့်ပေါ့နော် သပ်သပ်ဖွဲ့စည်းပြီးတော့များ ရဲမှူးတို့ လိုက်နေလားလို့ပါ။

ဖြေ။ ။ ဖွဲ့တာပေါ့ ချက်ခြင်းဖွဲ့တာပေါ့ တိုင်းအဆင့် ကျနော်တို့ ဖွဲ့ပြီးတော့ အခုက အဖွဲ့ပေါင်းစုံ ကျနော်တို့က ဟို အဖွဲ့ပေါင်းစုံ အလုပ်လုပ်နေပါတယ်။ လူကြီးတွေ ဦးဆောင်ပြီး လုပ်နေတာပါ။

အမေရိကန် ဒေါ်လာ ၁၃၃ သန်းခွဲ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကိုတော့ အထက်ရဲ့ ညွှန်ကြားချက်နဲ့ တပ်မတော်ထံ အပ်နှံထားပြီး၊ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဘယ်သူတွေ ပတ်သက် ဆက်နွယ်မှု ရှိသလဲဆိုတာကို စုံစမ်းနေပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အရေးယူ လုပ်ဆောင်နေတယ်လို့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်ရှင်။

XS
SM
MD
LG