သုံးရလွယ်ကူစေသည့် Link များ

မြေကမ္ဘာနေ့မှာ ဂေဟစနစ် ထိန်းသိမ်းဖို့ တိုက်တွန်း


မြေကမ္ဘာနေ့
မြေကမ္ဘာနေ့

အစိုးရသစ် လက်ထက်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေ သလို ဂေဟစနစ် မျှတဖို့လည်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ဒီနေ့ကျရောက်တဲ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပြည်သူလူထု ရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ညီညီ ညွှတ်ညွှတ် ဆောင်ရွက်နိုင်ဖို့လည်း လွှတ်တော်တွင်းကနေ ကြိုးစားသွားမယ် လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီကလည်းပြောဆိုလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့ မှာ မြန်မာနိုင်ငံကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လိုအပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို VOA သတင်းထောက် မသိင်္ဂ ီလင်းကတင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် ဂေဟစနစ်ကိုထိန်းသိမ်းဖို့နဲ့ လူမှုရေးအပိုင်းမှာလည်းညီညီညွှတ်ညွှတ်နဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူကဒီနေ့ကျရောက်တဲ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာ အခုလိုတိုက်တွန်းလိုက်ပါတယ်။

" စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ခေါင်းစဉ်တခုတည်းအောက်ထဲမှာ ပတ်ဝန်းကျင် ဂေဟစနစ်တွေက ပျောက်ဆုံးသွားမှာ ကြောက်ရတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးမှာပါတဲ့ သုံးနားညီတြိဂံကို တည်ဆောက်ပါလို့ ပြောချင်တယ်။ တခုက ဖွံ့ဖြိုးရေး နောက်တခုက ပတ်ဝန်းကျင် ဂေဟစနစ် မျျှတရေးပေါ့ဗျာ။ သုံးကတော့ လူမှုရေးပေါ့ဗျာ။ ပြီးခဲ့တဲ့ အတိတ်ကာလတွေက တစ်နားညီပဲဖြစ်တယ်။ စီးပွားရေးပဲဖြစ်နေပြီတော့ ကျန်တဲ့ နှစ်နားက လိုတိုးပိုလျှော့ဖြစ်တယ်။ လိုရင် လိုသလို မလိုရင် မလိုသလို ဒီနှစ်နားကို ကစားတာပေါ့နော်။ အုပ်ချုပ်တဲ့သူ အစိုးရတွေက။"

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အာဏာပိုင် အဖွဲ့အစည်းတွေရော၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရော ပြည်သူတွေပါ အတူပါဝင် ဆောင်ရွက်မှသာအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေ အားလုံးပိုပြီးထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးစားသွားမယ် လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီဥက္ကဌ ဦးစိုးသူရထွန်းက အခုလိုပြောဆိုလိုက်ပါတယ်။

" လွှတ်တော်မှာတော့ ကျေျနာ်တို့က လွှတ်တော်ကော်မတီအနေနဲ့ဖြစ်တော့ ဒီအပိုင်းက ကျနော်တို့ရဲ့ ပထမ အရေးကြီးဆုံးလုပ်ငန်းပေါ့။ အဲ့ဒီ့တော့ ပြည်သူလူထု ပါဝင်မှုနဲ့ အစိုးရနဲ့ ပိုပြီးတော့ interactive ဖြစ်ဖို့ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ကာလမှာ ဥပဒေတွေလည်း ရှိတယ်။ အဖွဲ့အစည်းတွေလည်း ရှိတယ်ပေါ့ ဒါပေမဲ့ တဖက်နဲ့တဖက် အပြန်အလှန် ညီညီညွတ်ညွတ် မျှမျှတတ လုပ်နိုင်ဖို့က လိုပါတယ်။ အခုအချိန်အထိ ပြီးခဲ့တဲ့အစိုးရအချိန်အထိမှာ သူတို့ကြိုးစားပြီး လုပ်ခဲ့ပေမဲ့လည်း နှစ်ဦးနှစ်ဖက် မျှခြေခြင်းကို မရောက်ဘူးပေါ့လေ။ ရှေ့လျောက်တော့ ပိုပြီးတော့ ဖြစ်လာနိုင်မယ်လို့လည်း မျှော်လင့်တယ်။ အဲ့ဒီ့အတွက်လည်း ကျနော်တို့လည်း ကြိုးစားနေပါတယ်။

ဒီနှစ် မြေကမ္ဘာနေ့ရဲ့ အဓိကဆောင်ပုဒ်ကတော့ "Trees for the Earth" လို့ နာမည်ပေးထားပြီးဒီနှစ်ကစလို့ ၅ နှစ်အတွင်းကမ္ဘာအနှံ့မှာသစ်ပင်ပေါင်း ၇.၈ဘီလီယံ စိုက်ပျိုးကြဖို့ ရည်မှန်းထားတာပါ။

မြေကမ္ဘာပေါ်ကသယံဇာတတွေ၊ ရင်းမြစ်တွေကို ထုတ်ယူ သုံးစွဲပြီး ပြန်လည် ဖြည့်တင်းပေးဖို့၊ စနစ်တကျနဲ့ ရေရှည်တည်တံ့အောင် ကြိုးစားကြဖို့အ တွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တက်ကြွလှုပ်ရှားနေကြပါတယ်။ ရင်းမြစ်တွေကိုအလွန်အကျွံသုံးစွဲတာတွေ၊ စွန့်ပစ်ပစ္စည်းတွေ အလွန်အကျွံ စွန့်ထုတ်တာတွေ စတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေရဲ့ ဆိုးကျိုးကို အနာဂတ်မှာအသက်ရှင်နေထိုင်ကြမယ့် လူငယ်တွေ ခံစားကြရမှာဖြစ်တာကြောင့် လူငယ်တွေပူးပေါင်းပါဝင်လာကြအောင် အသိပညာပေးဖို့ လိုအပ်တယ်လို့ အမေရိကန်စင်တာရဲ့ iNature သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် မဖြိုးစုအေးကအခုလိုပြောပါတယ်။

" လူငယ်တွေက ပိုပြီးတော့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ပိုပြီးတော့ ထိရောက်အောင် လုပ်ပေးရမယ်ပေါ့။ ဥပမာအားဖြင့် ပထမဦးဆုံး မိမိရပ်ကွက်၊ ရပ်ကွက်ကနေတဆင့် မြို့နယ် မြို့နယ်ကနေ တဆင့် နိုင်ငံအတိုင်းအတာအထိ အားလုံးရဲ့ လုပ်နိုင်စွမ်းရည်ကိုပေါင်းပြီး ပညာပေးမှုကို မြှင့်တင်ဖို့ လိုတယ်ပေါ့။ ပုံစံအမျိုးမျိုး လှုပ်ရှားမှုအမျိုးမျိုးနဲ့ အဓိကကတော့ သဘာဝပတ်ဝန်းကျင် စိုးရိမ်စရာတွေ အခြေအနေတွေအတွက် သဘာဝပတ်ဝန်းကျင်ပညာပေးမှုတွေ လိုအပ်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ပညာပေးမှုတွေမှာ ကျောင်းတွေမှာ ကလည်း လိုအပ်တယ်။ ကျောင်းတွေမှာကလည်း သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပညာသင်ယူစရာမရှိဘူး။ အဲ့လိုရှိစေရေးအတွက် စိမ်းလန်းစိုပြေရေးနေ့လိုမျိုးတွေ လုပ်ပေးရမယ်လို့ ထင်ပါတယ်။ "

မြေကမ္ဘာနေ့ကို ၁၉၇၀ ခုနှစ်ကတည်းကစတင်ပြီး ကမ္ဘာမြေကြီးနဲ့ ငြိမ်းချမ်းရေးကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ဒီဇင်ဘာလတုန်းက ကမ္ဘာကြီး ပူနွေးလာမှုကိုလျှော့ချဖို့နဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချဖို့ အတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂမူဘောင်သဘောတူညီချက် UNFCCC အဖွဲ့ဝင်တွေက ပဲရစ်သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့ လက်ခံထားကြတာပါ။ ဒီနေ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာတော့နိုင်ငံပေါင်း ၁၆၀ ကျော်က ပဲရစ်သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂရုံးချုပ်မှာ စတင် လက်မှတ်ရေးထိုးကြမှာဖြစ်တာကြောင့် ဒီနေ့ဟာ အရေးကြီးတဲ့နေ့တစ်နေ့လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက သတ်မှတ်ကြပါတယ်။

XS
SM
MD
LG