သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့အနီး အားပြင်းငလျင် အပျက်အစီး အနည်းငယ်ရှိ


(Credit: MOI)
(Credit: MOI)

သင်္ကြန်အကျနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ ညဦးပိုင်းမှာ မန္တလေးအနောက်မြောက်ဘက် မိုင် ၁၀၀ ကျော်အကွာမှာ အားပြင်းငလျင်ကြီးတခု လှုပ်ခတ်ခဲ့တာမို့ မန္တလေးမြို့ခံတွေကြား ထိတ်လန့်တကြား အိမ်ပြင် ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါလ်နိုင်ငံတွေမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတာပါ။ အပျက်အစီးတချို့ ရှိခဲ့ပေမဲ့ သေဆုံးထိခိုက်မှု ရှိ မရှိတော့ မသိရသေးပါဘူး။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာစံတော်ချိန် ညနေ ၈ နာရီ ၂၅ မိနစ်ကျော်ကျော်လေးမှာ မန္တလေး မြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် ၁၂၂ မိုင်လောက်မှာရှိတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ အရှေ့တောင်ဘက် ၄၂ မိုင်လောက်မှာ ဗဟိုပြုပြီး ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိတဲ့ အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့တဲ့အတွက် မန္တလေးမြို့ခံတွေ ထိတ်လန့်တကြား ဖြစ်ခဲ့ရတယ်လို့ မန္တလေးမြို့ခံ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“ကျနော်သတိထားမိတဲ့အချိန်ကတော့ ည ၈ နာရီနဲ့ ၂၆ မိနစ်ပေါ့ ကျနော်တို့လည်း သင်္ကြန်တွေဘာတွေ လျှောက်လည်ပြီးတော့ အိမ်ပြန်ရောက်နေကြပြီလေ။ အိမ်ပေါ်မှာ ထိုင်နေကြတုန်းရှိသေးတယ်။ ငလျင်ကလှုပ်လိုက်တော့ ရှေ့နဲ့နောက်နဲ့ ယမ်းနေတော့ ဆက်ပြီးတော့ စောင့်ကြည့်နေတော့ အိမ်ကြီးက ထပ်ယမ်းတော့ ဟာ ဒါ ငလျင်လှုပ်တာပေါ့ဆိုပြီး ကျနော်တို့လည်း နည်းနည်း ကြောက်လန့်ပြီး အိမ်ပေါ်ကနေ အကုန်ဆင်းကြတာ ၁ မိနစ်လောက်တော့ ကြာမယ်ဗျ ကျနော်ထင်တယ်။ အဲဒီလှုပ်တဲ့အချိန်မှာ ကျနော် သတိထားမိပြီး နာရီကိုကြည့်လိုက်တော့ ၈ နာရီနဲ့ ၂၆ မိနစ်ပါခင်ဗျ။”

မေး - ဘာများ ထူးထူးခြားခြား ဖြစ်ကြသေးလဲ။

ဖြေ - “ကျနော်တို့ ပတ်ဝန်းကျင်မှာတော့ လူ တော်တော်များများ သိသွားကြတယ်လေ။ ကျနော်တို့ ပတ်ဝန်းကျင်က လူတော်တော်များများကတော့ ကိုယ့်အိမ်တွေကနေ ကိုယ် အပြင်ထွက်လာကြတာ များတယ်ခင်ဗျ။ ပြင်းတာတော့ ပြင်းတယ်ခင်ဗျ။ အရှိန်ကတော့ နည်းနည်း ပြင်းတယ်ပေါ့နော်။ မန္တလေးပတ်ဝန်းကျင်မှာတော့ ပြိုပျက်တဲ့အသံတော့ မကြားမိသေးဘူးခင်ဗျ။ သူတို့လည်း သိလိုက်တယ်ပေါ့နော်။ လူတော်တော်များများကတော့ ငလျင်လှုပ်တာကို သတိထားမိလိုက်တယ်ခင်ဗျ။ ဖြစ်ဖြစ်ချင်း ကျနော် ဖေ့ဘွခ်ပေါ် ကောက်တင်လိုက်တဲ့အချိန်မှာပဲ ရန်ကုန်က မိတ်ဆွေတွေကလည်းပေါ့နော် သူတို့ဘက်မှာလည်း လှုပ်တယ်ဆိုပြီးတော့ ပြောလာကြတယ်။ စစ်ကိုင်းဘက်ကလည်း လှုပ်တယ်လို့ ဝိုင်းပြောကြတယ်ခင်ဗျ။ နေရာတော်တော်များများ လှုပ်သွားတယ်လို့ ကျနော် ကြားလိုက်ရတယ်။”

တမိနစ်လောက်ကြာခဲ့တဲ့ ဒီငလျင်လှုပ်ခတ်မှုကို နေပြည်တော်၊ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာလည်း ခံစားခဲ့ရသလို ယင်းမာပင်ခရိုင်ထဲက စေတီ ၂ ဆူနဲ့ မုံရွာခရိုင်ထဲက စေဆီ ၁ ဆူ၊ စိန်ဖူးတော် မြေခ ခဲ့သလို ကလေးမြို့နယ်ထဲက စာသင်ကျောင်းတခု အနည်းငယ် ပျက်စီးမှုရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ လောလောဆယ်မှာ ဘုရားပုထိုး အနည်းငယ်နဲ့ အဆောက်အဦး အနည်းငယ် ပျက်စီးတာကလွဲလို့ အသေအပျောက် သတင်းမရသေးသလို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို လိုအပ်သလို လုပ်ဆောင်သွားမှာဖြစ်ကြောင်း လူမှုဝန်ထမ်းဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးရဲ့ ဖေ့ဘွခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယ၊ နီပေါလ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာလည်း ဒီငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရပြီး အိန္ဒိယ-မြန်မာနယ်စပ်နားမှာ ပြင်းအား ၆ ဒဿမ ၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ နယူးဒေလီက ငလျင်တိုင်းတာရေးစခန်း တာဝန်ခံ J. L. Gautam က ပြောပါတယ်။

“ပြင်းအား ၆.၈ ရှိတဲ့ ငလျင်တခုဟာ လက်တီကျူ့ ၂၃.၀ ဒီဂရီမြောက်နဲ့ လောင်ဂျီကျူ့ ၉၄.၉ ဒီဂရီ အရှေ့မှာ လှုပ်ခဲ့တာဖြစ်ပြီး ဗဟိုချက်ကတော့ မြန်မာ - အိန္ဒိယ နယ်စပ်နားမှာ ဖြစ်ပါတယ်။”

နယူးဒေလီမြို့တော်က မြင့်မားတဲ့ အဆောက်အဦးတွေထဲ အလုပ်လုပ်နေကြသူတွေလည်း ကြောက်လန့်တကြား ပြေးဆင်းခဲ့ကြတာဖြစ်ပြီး၊ အိန္ဒိယအရှေ့မြောက်ပိုင်း အာသံခရိုင်ထဲမှာရှိတဲ့ Guwahati မြို့ခံတွေကတော့ အဆောက်အဦးတွေနဲ့ ဓာတ်အားလိုင်းသွယ်တဲ့ တိုင်တွေပါ လှုပ်ရမ်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ကျရောက်နိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း တချို့နေရာတွေမှာ လျှပ်စစ်ဓာတ်အားလိုင်းတွေကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံ အနောက်ဘက် တွန့်ခေါက်တောင်ကြောဒေသ (Western Fold Belt) ထဲက ရခိုင်၊ ချင်းနဲ့ နာဂတောင်တန်းတွေမှာ တွေ့ရလေ့ရှိတဲ့ ငလျင်တွေအတွက် ငလျင်ပေါ်ပေါက်လာစေတဲ့ အားကတော့ မြေထုချပ်ကြီး ၂ ခုရဲ့ လှုပ်ရှားမှုကြောင့် ဖြစ်ပါတယ်။ Eurasia Plate လို့ခေါ်တဲ့ မြေထုချပ်ကြီးရဲ့ တောင်ဘက်အစွန်မှာရှိတဲ့ မြန်မာမြေထုချပ်အောက်ထဲ အိန္ဒိယမြေထုချပ်ကြီးက အနောက်တောင်ဘက်ကနေ တနှစ်ကို ၃.၅ စင်တီမီတာနှုန်းနဲ့ တိုးဝင်နေတာကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ အတွင်း ပြင်းအားအဆင့် ၇ နဲ့အထက် လှုပ်ခဲ့တဲ့ ငလျင်ကြီး ၁၆ ခုထက်မနည်း ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ဒီအနောက်ဘက်အကြောဟာ ငလျင်အများဆုံး လှုပ်တဲ့ဒေသ ဖြစ်ပါတယ်။ ဘူမိဗေဒပညာရှင် ဒေါက်တာဦးသိန်း ဦးဆောင်တဲ့အဖွဲ့က သတ်မှတ်ထားတဲ့ ငလျင်ဇုန် ၅ ဇုန်ထဲက (မြေပြင်အရှိန်ပြင်းအား အဆင့် ဝ.၄ နဲ့ ဝ.၅ ကြားရှိတဲ့) အပျက်အစီး အများဆုံး ဇုန်နံပါတ် ၅ အဖြစ် သတ်မှတ်ထားတဲ့ထဲမှာ အခုလှုပ်ခဲ့တဲ့ ငလျင်ဗဟိုချက်နဲ့ သိပ်မဝေးတဲ့ ကလေးမြို့- ဟုမ္မလင်း ဒေသလည်း ပါဝင်ပါတယ်။

XS
SM
MD
LG