သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိရောက်တဲ့ အီဘိုလာဗိုင်းရပ် ကာကွယ်ဆေး ထုတ်လုပ်နိုင်


အီဘိုလာဗိုင်းရပ် ကာကွယ်ဆေးထိုးကုသ။
အီဘိုလာဗိုင်းရပ် ကာကွယ်ဆေးထိုးကုသ။

အီဘိုလာ ဗိုင်းရပ်စ်ရောဂါအတွက် စမ်းသပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးသစ် တမျိုးဟာ အစွမ်းထက်တဲ့ ထိရောက်မှု လက္ခဏာတွေ တွေ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဂီနီနိုင်ငံမှာ ကာကွယ်ဆေးသစ်ကို စမ်းသပ်ရာမှာ ရာနှုန်းပြည့် ထိရောက်တာ တွေ့ရတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။ စမ်းသပ်မှုတွေနဲ့ ဆန်းစစ်ချက် အကြိုရလဒ်တွေကိုတော့ ဗြိတိန်နိုင်ငံထုတ် Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တာပါ။

စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးကလည်း ဆေးသစ်ဟာ အီဘိုလာကို တိုက်ဖျက်နိုင်မယ့် ဆေးကောင်း တလက် ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ အနောက် အာဖရိကတိုက်မှာ ပျံ့နှံ့ခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် လိုင်ဘေးရီးယား၊ ဂီနီနဲ့ ဆီရာလီယွန်းနိုင်ငံတွေက အများစု အပါအဝင် လူပေါင်း ၁၁,၀၀၀ သေဆုံးခဲ့တာပါ။

VSV-EBOV လို့ အမည်ပေးထားတဲ့ ကာကွယ်ဆေးသစ်ကိုတော့ ဂီနီနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမယ့် အခြေအနေနဲ့ ကြုံခဲ့ရသူပေါင်း ၄ ထောင်ကျော်ကို မတ်လထဲမှာ စတင်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်း ရလဒ်တွေမှာ အားရစရာ အခြေအနေတွေ တွေ့ခဲ့ရတဲ့ အတွက် ရောဂါကူးစက်ခံရမယ့် အန္တရာယ်ရှိသူအားလုံးကို ကာကွယ်ဆေး ပေးနိုင်အောင် စမ်းသပ်မှုတွေ ဒီသီတင်းပတ်ထဲမှာပဲ ရပ်ဆိုင်းခဲ့ကြောင်းလည်း WHO က ပြောဆိုခဲ့တာပါ။

WHO ညွှန်ကြားရေးမှူးချုပ် Margaret Chan ကတော့ ဆေးသစ်ဟာ ထိရောက်မှုရှိတယ်ဆိုတာ သက်သေပြနိုင်ပြီ ဆိုရင်တော့ လတ်တလော အီဘိုလာရောဂါ ဖြစ်ပွားနေတာကို ဟန့်တားဖို့သာမက နောက်ထပ် ကူးစက်မှုတွေ မဖြစ်အောင်လည်း ဟန့်တားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG