သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာတိုက်ဖျက်ရေး တိုးလုပ်ဖို့ အီးယူကို Oxfam တောင်းဆို


Ebola Virus
Ebola Virus

အီဘိုလာရောဂါဖြစ်ပွါးမှုဟာ လက်ရှိ မျိုးဆက်အတွက် အကြီးမားဆုံး လူသားဘေးဒုက္ခလို့ သတ်မှတ်နိုင်တာမို့ EU ဥရောပသမဂ္ဂ ဝန်ကြီးတွေအနေနဲ့ အီဘိုလာရောဂါ တိုက်ဖျက်ရေးကို အခုထက်ပိုပြီး လုပ်ဆောင်ပေးဖို့ Oxfam နိုင်ငံတကာ ကယ်ဆယ်ကူညီရေး အဖွ့ဲကြီးက ပန်ကြားလိုက်ပါတယ်။

အီဘိုလာရောဂါ အဆိုးဝါးဆုံး ခံစားနေရတဲ့ နိုင်ငံတွေဖြစ်တဲ့ ဆီရီယာ လီယွန်၊ ဂီနီနဲ့ လိုင်ဘေးရီးယား နိုင်ငံတွေဆီကို ဆေးဝန်ထမ်းနဲ့ ငွေကြေးထောက်ပံမှု အပြင် တပ်သားတွေပိုပြီး စေလွှတ်ပေးဖို့ ဗြိတိန်နိုင်ငံက Oxfam အဖွဲ့ အကြီးအကဲ Mark Goldring က တောင်းဆိုလိုက်ပါတယ်။ အီဘိုလာရောဂါ တိုက်ဖျက်ဖို့ မလုပ်ဆောင်နိုင်တဲ့ နိုင်ငံတွေမှာ အသက်တွေ ထပ်ပြီး ဆုံးရှုံးရမယ့်ဘေး ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf ကလည်း တနင်္ဂနွေနေ့မှာ ဘီဘီစီ အသံလွှင့်ဌာနကို အိတ်ဖွင့်ပေးစာ တစောင်ပေးပို့ခဲ့ပြီး အီဘိုလာ ရောဂါ တိုက်ဖျက်ရေးဟာ တကမ္ဘာလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်တတ်နိုင်သလောက်နဲ့ ဒီရောဂါကို ခုခံ တွန်းလှန်နေကြတဲ့ အနောက် အာဖရိကနိုင်ငံနေ လူသန်းပေါင်းများစွာကို ပစ်မထားဘူးလို့ သတင်းစကားပါးဖို့ ကမ္ဘာ့လူသားတွေအနေနဲ့ လူတိုင်းမှာ တာဝန်ရှိကြောင်းလည်း သမ္မတ Sirleaf ကပြောပါတယ်။

အနောက်အာဖရိကမှာ ဒီရောဂါနဲ့ သေဆုံးရသူ ၄ ထောင့် ၅ ရာကျော်ပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ ဒီနှစ်မကုန်ခင်မှာပဲ နောက်ထပ် ထောင်နဲ့ချီပြီး သေဆုံးနိုင်ဖွယ်ရှိတယ်လို့လည်း ကျန်းမာရေးတာဝန်ခံတွေက ခန့်မှန်းကြပါတယ်။ ဒီရောဂါပျံ့ပွားမှုကို ထိမ်းချုပ်လာနိုင်တဲ့ တနေ့မှာတော့ ကမ္ဘာတဝှမ်းမှာ အီဘိုလာ တိုက်ဖျက်ရေးအတွက် ဘယ်လို တုံ့ပြန် ဆောင်ရွက်ကြတယ်ဆိုတာကို ပြန်လှန်သုံးသပ်မယ်လို့လည်း WHO က ပြောပါတယ်။

XS
SM
MD
LG