သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာတိုက်ဖျက်ရေး အမေရိကန်ဦးဆောင်နေ


အနောက်အာဖရိကနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုကို လုံး၀ ထိန်းချုပ်ရပ်တန့်နိုင်ရေးအတွက် ဘယ်နိုင်ငံကမှ အမေရိကန်နိုင်ငံလောက် လုပ်ဆောင်တာမရှိဘူးလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံက အီဘိုလာရောဂါ ကုသရေးဆေးခန်းတွေကို ထပ်တိုးပြီး ဆောက်လုပ်ပေးတဲ့အပြင် ရောဂါကြောင့် သေဆုံးသွားသူတွေကို သင်္ဂြုလ်တဲ့ အဖွဲ့တွေကို ထပ်မံဖွဲ့စည်းပြီး၊ သြဂုတ်လကစလို့ ဆေးနဲ့ ဆေးပစ္စည်းတွေ၊ ဆေးဝန်ထမ်းတွေ ထပ်တိုးပေးခဲ့တယ်လို့ မစ္စတာ အိုဘားမားက အင်္ဂါနေ့က ပြောပါတယ်။

ဒါတင်မက အီဘိုလာနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် လိုက်နာလုပ်ဆောင်ဖို့လိုမယ့် ကျန်းမာရေးပညာပေး လုပ်ငန်းတွေကိုလည်း လုပ်ခဲ့တယ်လို့ သူက ဆက်ပြောသွားပါတယ်။

မစ္စတာ အိုဘားမား ပြောသွားတဲ့အထဲမှာတော့ ကမ္ဘာတဝှမ်းလုံးက ရောက်လာတဲ့ ဆေးဝန်ထမ်းတွေ သူတို့အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်အောင် အမေရိကန်က ကျန်းမာရေးလုပ်သားတွေနဲ့ သဘာဝဘေးအန္တရာယ် ကူညီရေးအဖွဲ့ DERTs က နွေရာသီအစောပိုင်းကထဲက အနောက်အာဖရိက နိုင်ငံတွေဆီ သွားရောက်နေရာယူထားကြပါတယ်။

ဒီလိုလုပ်ဖို့ အရာရာပေးဆပ်ဖို့ သူတို့အားလုံး အဆင်သင့်ဖြစ်နေသူတွေလို့ အိုဘားမားက ဆက်ပြောသွားခဲ့ပါတယ်။ အာဖရိကညွန့်ပေါင်းကော်မရှင် ဥက္ကဌက အီဘိုလာရောဂါတိုက်ဖျက်ဖို့ အာဖရိကနိုင်ငံတွေ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ ပြောဆိုလိုက်ပြီး နိုင်ငံတနိုင်ငံမှာ အီဘိုလာရောဂါရှိနေရင် ကျန်တဲ့ ဘယ်နိုင်ငံကမှ ရောဂါကင်းပြီး ကျန်းမာမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောသွားပါတယ်။

XS
SM
MD
LG