သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအပြောင်းအလဲနဲ့ စကော့တလန်စီးပွါးရေး


စကော့တလန် လွတ်လပ်ရေး ယူချင်တဲ့သူတွေနဲ့ လွတ်လပ်ရေး မလိုချင်သူတွေ အပြိုင်အဆိုင် ဆန္ဒထုတ်ဖေါ်... (စက်တင်ဘာ ၈၊ ၂၀၁၄)
စကော့တလန် လွတ်လပ်ရေး ယူချင်တဲ့သူတွေနဲ့ လွတ်လပ်ရေး မလိုချင်သူတွေ အပြိုင်အဆိုင် ဆန္ဒထုတ်ဖေါ်... (စက်တင်ဘာ ၈၊ ၂၀၁၄)

ဗြိတိန်နိုင်ငံထဲမှာ England, Wales, မြောက် Ireland တို့နဲ့အတူ စကော့တလန် ဒီအတိုင်းဆက်နေမလား၊ သီးခြားနိုင်ငံအဖြစ် လွတ်လပ်ရေးယူမလား ဆိုတာကို အခုအပါတ်အတွင်း စကော့တလန်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ သီးခြား လွတ်လပ်စွာ ခွဲထွက်ပြီးနေမယ် ဆိုလျင် စကော့တလန်နယ်သားတွေအတွက် ပိုပြီး စီးပွါးရေးအရ အကျိုးဖြစ်ထွန်း နိုင်မယ်ဆိုတဲ့ အယူအဆတွေရှိလာတဲ့အတွက် အခုလို မဲခွဲဆုံးဖြတ်ရမယ့် အခြေအနေကို ရောက်လာတာလည်း ဖြစ်ပါတယ်။ အခုအပတ်စီးပွါးရေး ဂဏ္ဍမှာ စကော့တလန်ရဲ့ စီးပွါးရေး အလားအလာနဲ့ ပါတ်သတ်လို့ ကိုအောင်အောင်က တင်ပြထားပါတယ်။

စကော့တလန်အနေနဲ့ သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်ဖို့ မဲခွဲဆုံးဖြတ်ရမယ့်အချိန် နီးကပ်လာတဲ့အမျှ ဗြိတိန်နိုင်ငံထဲက ခွဲထွက်ပြီးတဲ့နောက် စီးပွါးရေးအရ အခြေအနေ ပိုကောင်းလာနိုင်မလား ပိုဆိုးသွားနိုင်မလား ဆိုတဲ့ ငြင်းခုန်ဆွေးနွေးမှုတွေလည်း ဆက်ရှိနေပါတယ်။ စကော့တလန်အနေနဲ့ ဗြိတိန်နိုင်ငံထဲက ခွဲထွက်တာကို စီးပါွးရေးသမားအချို့က အခွင့်အလမ်းတခုအနေနဲ့ မြင်ပေမယ့် တချို့တွေကတော့ သေချာတဲ့ လက်ရှိအနေအထားအတိုင်း ဆက်ရှိနေစေချင်တာပါ။ Glasgow တက္ကသိုလ်က Dr Duncan Ross က အခုလိုပြောပါတယ်။

“အမှီအခိုကင်းတဲ့ စီးပွါးရေးစနစ်နဲ့ စကော့တလန်ဟာ ရပ်တည်နိုင်မှာ အတော်သေချာတယ်လို့ ထင်ပါတယ်။ မျှမျှတတ ပြောရလျင်တော့ ဗြိတိန်နိုင်ငံထဲ ဆက်နေချင်သူတွေဘက်က ဒါကို မဖြစ်နိုင်ဘူးလို့ နောက်ထပ် မငြင်းနိုင်တော့ပါဘူး။”

စကော့တလန်မှာ ကြီးမားတဲ့အမျိုးသားရေးပုံရိပ်၊ ကိုယ်ပိုင်လွှတ်တော်၊ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း စတာတွေ ရှိနေပြီးလည်း ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံထဲက ခွဲထွက်လိုသူတွေကတော့ လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ဟာ သဘာဝအတိုင်း နောက် အဆင့်တဆင့်သာ ဖြစ်ကြောင်း ပြောပါတယ်။ ဗြိတိန်ကနေ ခွဲထွက်ပြီးရင်လည်း စကော့တလန်ရဲ့ စီးပွါးရေးဟာ မယိမ်းမယိုင်နဲ့ ခိုင်ခိုင်မာမာ ဆက်ရှိနေမယ့်အကြောင်းလည်း သူတို့တွေက ယုံကြည်ထားကြတာပါ။ ဗြိတိန်အစိုးရနဲ့ စကော့တလန်ဟာ နှစ်ပေါင်းများစွာအတွင်း မြောက် ပင်လယ်က ရေနံလုပ်ငန်းကနေလည်း ဒေါ်လာဘီလျံနဲ့ချီပြီး ရရှိနေခဲ့ပါတယ်။ စကော့တလန်အနေနဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုအဖြစ်ရပ်တည်ပြီးရင်တော့ စကော့တလန် နယ်နမိတ်အတွင်းက ဒီရေနံလုပ်ငန်းကရရှိတဲ့ အကျိုးအမြတ်တွေကို ဘယ်လို ခွဲဝေယူမလဲဆိုတာကိုတော့ နိုင်ငံရေးသမားတွေနဲ့ ကျွမ်းကျင်သူတွေကြား တသဘောထည်းရှိကြတာပါ။ Center for Scottish Public Policy က ပရော်ဖက်ဆာ Richard Kerley ကတော့

“၇၀ ၈၀ ပြည့်လွန်နှစ်တွေတုန်းကတော့ စကော့တလန်ရဲ့ ရေနံဆိုပြီး ဆောင်ပုဒ်တွေရှိခဲ့ဘူးပါတယ်။ ပင်လယ်ကြမ်းပြင် ပိုင်ဆိုင်မှုအပေါ် ပုံစံမျိုးစုံနဲ ခွဲခြားဖို့ နိုင်ငံတကာကလည်း ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒါတွေဟာ တကယ်တော့ သိတ်ပြီး မလွယ်ပါဘူး။ လွတ်လပ်တဲ့ စကော့တလန်နဲ့ ဗြိတိန်နိုင်ငံကြား နှစ်ဖက်ညှိနှိုင်းဖို့၊ စေ့စပ်ဆွေးနွေးဖို့ပြောကြပေမယ့် အဆုံးမှာ ဘယ်လိုအဖြေထွက်လာမလည်း ဆိုတာကို တွေ့ကြရမှာပါ”

ဗြိတိန်နိုင်ငံအတွင်းက စကော့တလန် သီးခြားခွဲထွက်သွားမှာကို စိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။ စကော့တလန် ရေပြင်ပိုင်နက်အတွင်း ရေနံအများအပြားထုတ်လုပ်နိုင်တဲ့နေရာတွေရှိပြီး ၉၀ ရာခိုင်နှုန်းလောက်အထိရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ အင်္ဂလန် အရှေ့တောင်ဘက် လန်ဒန်မြို့ရဲ့ အပြင်မှာရှိတဲ့ Aberdeen ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်ဟာဆိုလျင် လျင်လျင်မြန်မြန်ဖွံ့ဖြိုးလာနေတာပါ။ စကော့တလန်အစိုးရကတော့ ရေနံဆီပေါင်း ၂၄ ဘီလျံထိ ထုတ်လုပ်ဖို့ ရှိနေသေးတယ်လို့ ပြောပေမယ့် ဗြိတိသျှ အစိုးရကတော့ ၁၅ ဘီလျံလောက်ပဲရှိတော့တယ်လို့ ဆိုပါတယ်။ Alex Kemp ဟာဆိုလျင် Aberdeen တက္ကသိုလ်က ရေနံနဲ့ ပါတ်သတ်တဲ့ စီးပွါးရေးပညာရှင် တယောက်ဖြစ်ပါတယ်။

“လုပ်ငန်းခွင်မှာ ထုတ်လုပ်မှုတိုးလာအောင် ဆောင်ရွက်နိုင်မယ်ဆိုလျင် ၅ နှစ်ကနေ ၆ နှစ်အတွင်း အခုလို ထုတ်လုပ်မှုကျဆင်းတာဟာ ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ အဲဒီလိုမျိုးလုပ်နိုင်လိမ့်မယ် မထင်ပါဘူး။” ဗြိတိန်နိုင်ငံကနေ ခွဲထွက်နိုင်တဲ့အခါ ခွဲဝေရမယ့် ၁.၃ ထရီလျံပေါင်၊ အကြွေးတွေတင်ရှိနေတာနဲ့ ဥရောပသမဂ္ဂထဲမှာ စကော့တလန် ပါဝင်မလားဆိုတဲ့ ကိစ္စတွေဟာလည်း ဖြေရှင်းစရာအများအပြားထဲမှာ ပါဝင်ပါတယ်။ စကော့တလန်အနေနဲ့ ဘယ်လိုငွေကြေးကို သုံးစွဲမလည်းဆိုတာကလည်း အဓိက ဆွေးနွေးစရာအချက်ဖြစ်နေပါတယ်။ လန်ဒန်က နိုင်ငံရေးသမားတွေကတော့ စကော့တလန်အနေနဲ့ ပေါင်စတာလင် သုံးဖို့ ခွင့်ပြုပေးဖို့ကိုတော့ မဖြစ်နိုင်ဘူးဆိုပြီး ယူဆနေတာပါ။ စီးပါွးရေးဆိုင်ရာမှာ တူညီမှုတွေမရှိတဲ့အတွက် ငွေကြေး အတူတူ သုံးစွဲမယ်ဆိုရင်လည်း အလုပ်မဖြစ်ဘူးလို့ ပြောဆိုနေကြတာပါ။ သီးခြားခွဲထွက်လိုသူတွေကတော့ ပေါင်ကို ဆက်သုံးဖို့၊ ဒါမှမဟုတ် ယူရိုငွေကြေးသုံးစွဲဖို့ နဲ့ ကိုယ်ပိုင် ငွေကြေးသတ်မှတ် သုံးစွဲမလားဆိုတဲ့ နည်းလမ်းတွေ ရှိနေတယ်လို့ ပြောပါတယ်။ တကယ်လို့ အခုအပါတ်ထဲ လွတ်လပ်ရေးယူဖို့အတွက် စကော့တလန်လူထုဟာ မဲပေးမယ်ဆိုလျင်တော့ စီးပါွးရေးအရ စကော့တလန်အနေနဲ့ ဆက်ပြီးရပ်တည်နေနိုင်မယ်ဆိုပြီး အများစုကလည်း ယူဆနေတာပါ။ ဒါပေမယ့်လည်း ဘယ်လိုပုံစံမျိုးနဲ့ ဆက်ရပ်တည်နိုင်မလည်းဆိုတာကတော့ မေးစရာဖြစ်နေတာပါ။ Scottland ရဲ့ သင်္ကေတအဖြစ် ထင်ရှားတဲ့ Edinburgh မြို့ Royal Mile လမ်းတွေဟာဆိုလျင် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ကြတဲ့ နေရာတခုဖြစ်ပါတယ်။ အခုအခါမှာတော့ စကော့တလန်အနေနဲ့ ဗြိတိန်နိုင်ငံရဲ့ တစိတ်တဒေသအဖြစ် နှစ်ပေါင်း ၃၀၀ နေလာခဲ့တာကို ရပ်ဆိုင်းတော့မှာလားဆိုတာ ဒီရှေးဟောင်းမြို့မှာ အားပြိုင်နေကြပါပြီ။ နိုင်ငံရေးသုံးသပ်သူနဲ့ စာရေးဆရာတဦးဖြစ်တဲ့ David Torrance က

“စကော့တလန်နိုင်ငံကို လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် ရပ်တည်ဖို့ လိုလားနေတဲ့သူတွေ ရှိပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတခုအနေနဲ့ရပ်တည်လျင် ပိုပြီး အကျိုးရှိနိုင်မယ်ဆိုတဲ့အယူအဆနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဒီလိုသီးခြားခွဲထွက်ချင်သူတွေ ပိုများလာတာပါ။”

စီးပွါးရေးမူဝါဒတွေကို လန်ဒန်က ချုပ်ကိုင်နေဆဲဖြစ်တဲ့အတွက် စကော့တလန်မှာ သီးခြားပါလီမန်ရှိပေမယ့် အခွန်တိုးမြှင့် ကောက်ခံဘို့အတွက်လည်း လုပ်ပိုင်ခွင့် အကန့်အသတ်နဲ့သာရှိနေတာပါ။ Business for Scotland က Kenny Anderson ကအခုလိုပြောပါတယ်။

“ဗြိတိန်နိုင်ငံအနေနဲ့ စကော့တလန်ရဲ့အကျိုးစီးပွါးနဲ့ ပါတ်သတ်ပြီး အမြဲ ဦးစားပေးဆောင်ရွက်မယ်ဆိုတာ မသေချာပါဘူး။ ဖျက်လိုဖျက်ဆီးဆိုတာထက် တခြားဖိအားတွေလည်းရှိနေတာကြောင့်ပါ။ ဒါပေမယ့် စကော့တလန်သာ လွတ်လပ်တဲ့နိုင်ငံဖြစ်လာလျင် ကိုယ့်အကျိုးစီးပွါးအတွက် ကိုယ့်ဘာသာ လုပ်လာနိုင်တာတွေ အများကြီးပါ။ ဝီစကီ၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ငါးဖမ်းလုပ်ငန်း၊ ပညာရေး၊ အင်ဂျင်နီယာနည်းပညာ ဒါတွေအားလုံးဟာ လုပ်ဆောင်စရာ စီမံကိန်းတွေအဖြစ် ထိပ်ဆုံးမှာရှိနေမှာပါ။”

စီးပွါးရေးအပေါ်မှာ အဓိကအာရုံထားနေပေမယ့် စကော့တလန်နဲ့ အင်္ဂလန်ကြား သမိုင်းကြောင်းဆိုင်ရာ ပြဿနာတွေက ကြီးထွားလာနေတာပါ။ Drew McKenzie Smith မိသားစုဟာ Tay မြစ်ကမ်းပါးပေါ်က Lindores သမိုင်းဝင် အဆောက်အဦးကို ပိုင်ဆိုင်ပါတယ်။ ဒီအဆောက်အဦးအနီးမှာတော့ စကော့တလန်ရဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်း William Wallace ဦးဆောင်တဲ့ စကော့တလန် မျိုးချစ်တွေဟာ အင်္ဂလိပ်တပ်ဖွဲ့တွေကို Blackearnside တိုက်ပွဲအတွင်း အနိုင်တိုက်ခဲ့ကြပါတယ်။ Braveheart ရုပ်ရှင်ဟာဆိုလျင် စကော့တလန် လွတ်လပ်ရေးတိုက်ပွဲဝင် William Wallace အကြောင်း ရိုက်ကူးထားတာပါ။ ဒါပေမယ့် အဲဒီတုန်းက ဒီဆောင်ရွက်မှုတွေဟာ လက်တွေ့မှာ ရင်ဆိုင်နိုင်ဖို့ တကယ့်အနေအထားလည်း ဖြစ်လာတာပါ။ စကော့တလန်အနေနဲ့ ဗြိတိန်နိုင်ငံထဲ ဆက်ရှိနေစေချင်သူ Drew Mckenzie Smith က

“ကျနော်ဟာ Wallace ကို အလွန်အားကျသူတဦးပါ။ ဒါပေမယ့် အဲတုန်းက ၁၂၉၈ ခုနှစ်လေ။ Braveheart ရုပ်ရှင်တကားလုံးဟာ တိုက်ခိုက်ခဲ့တာတွေကိုပဲ ပြခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ခွဲထွက်ချင်တဲ့သူတွေမှာလည်း အင်အားရှိနေပြီး ဆောင်ရွက်စရာစီမံကိန်းတွေနဲ့ ပါတ်သတ်ပြီးတော့လည်း တင်ပြထားတာတွေရှိနေပါတယ်။ ဒါပေမယ့် တကဲ့လက်တွေ့မှာတော့ ဘာကိုမှ တွက်ထားလို့မရပါဘူး။”

သမိုင်းမှာကျန်ခဲ့တဲ့ အခြေအနေဆိုးတွေကြောင့် စကော့တလန်ရဲ့ အနေအထားဟာ ပုံရိပ်ဆိုးနဲ့ကျန်ခဲ့တာပါ။ ဒါပေမယ့်လည်း စကော့တလန်ရဲ့ ကံကြမ္မာကို စကော့လူမျိုးတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်တွေနဲ့ မတူပဲ ဆုံးဖြတ်မယ့် အချိန်ကျရောက်နေတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG