သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ်တည်ထောင်သူ အီကွေဒေါ ခိုလှုံခွင့်ပြု


ဝီကီလိခ်စ် ဝဘ်ဆိုက်တည်ထောင်သူ Julian Assange
ဝီကီလိခ်စ် ဝဘ်ဆိုက်တည်ထောင်သူ Julian Assange
လန်ဒန်မြို့မှာရှိတဲ့ အီကွေဒေါ သံရုံးမှာ လွန်ခဲ့တဲ့ နှစ်လကတည်းက ခိုလှုံခွင့်လျှောက်ထားထားတဲ့ ဝီကီလိခ် အင်တာနက်ဝဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အာဆန်းချ်ကို အီကွေဒေါနိုင်ငံက လက်ခံအတည်ပြုလိုက်ပါပြီ။

ဝီကီလိခ်ဟာ အင်တာနက်ကနေ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချပြခဲ့တဲ့ အင်တာနက် ဝဘ်ဆိုက်ဖြစ်ပါတယ်။ အီကွေဒေါနဲ့ ဗြိတိန်နိုင်ငံ နှစ်နိုင်ငံအကြား သံတမန်ရေးအရ တင်းမာမှုတွေ ဖြစ်ပွားနေချိန်မှာ အာဆန်းချ်ရဲ့ ခိုလှုံခွင့်လျှောက်ထားချက်ကို အတည်ပြုကြောင်း အီကွေဒေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရီကာဒို ပတီနို က ကွီတိုမြို့မှာ ကြာသာပတေးနေ့က ကြေညာ လိုက်တာပါ။

သူက အာဆန်းချ်ရဲ့လုံခြုံရေးဟာ အန္တရာယ်ရှိကြောင်း၊ သူ့ကို အမေရိကန်ပြည်ထောင်စုကို လွှဲပေးလိုက်မယ်ဆိုရင် မျှမျှတတ တရားစီရင်မှု ခံရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဗြိတိန်အာဏာပိုင်တွေက အီကွေဒေါ သံရုံးအတွင်း အတင်းဝင်ရောက်ပြီးတော့ မစ္စတာအာဆန်းရ်ှကို ဖမ်းမယ်ဆီးမယ် ဆိုပြီးတော့ ခြိမ်းခြောက်တာကို ခံနေရတယ်လို့ အီကွေဒေါ တာဝန်ရှိသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက အီကွေဒေါနိုင်ငံ သံရုံးရဲ့ သံတမန်အဆင့်အတန်းကို ရုပ်သိမ်းနိုင်တဲ့ ဥပဒေကို အသုံးပြုမယ်ဆိုပြီးတော့ သတိပေးထား တယ်လို့ ဆိုပါတယ်။

မစ္စတာအာဆန်းချ်က သူ့ကို ဆွီဒင်နိုင်ငံလက်ကို လွှဲပြောင်းမပေးနိုင်အောင် လန်ဒန်မှာရှိတဲ့ အီကွေဒေါသံရုံးမှာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ခိုလှုံနေခဲ့တာပါ။

ဗြိတိန်နိုင်ငံက မစ္စတာအာဆန်းချ် ဆွီဒင်နိုင်ငံကို လွဲပြောင်းပေးချင်နေတာပါ။ ဆွီဒင်နိုင်ငံက မစ္စတာ အာဆန်းချ်ကို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့မှုနဲ့ စစ်ဆေးဖို့ အလိုရှိနေတာဖြစ်ပါတယ်။ မစ္စတာ အာဆန်းချ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ သူ့ကို ဗြိတိန်နိုင်ငံ ကနေ အေးအေးဆေးဆေး ထွက်ခွာသွားတာမျိုး ခွင့်မပြုနိုင်ဘူးလို့ ဗြိတိန် အာဏာပိုင်တွေက ပြောနေတာပါ။

မစ္စတာအာဆန်းချ်က သူ့ကို ဆွီဒင်နိုင်ငံကတဆင့် အမေရိကန်ပြည်ထောင်စုကို လွှဲပေးမှာ စိုးရိမ်နေပါတယ်။ အမေရိကန် အာဏာပိုင်တွေက အစိုးရလျှို့ဝှက် သတင်းအချက်အလက်တွေ သံရုံးတွေကနေ ဆက်သွယ်တဲ့ သံတမန်သတင်း အချက်လက်တွေကို ဝီကီလိခ် ဝဘ်ဆိုက်ကနေ ဖွင့်ချခဲ့မှုနဲ့ သူ့ကို တရားစွဲဆိုနိုင်ပါတယ်။
XS
SM
MD
LG