သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးနဲ့ စွမ်းအင်ဝန်ကြီးသစ်တွေ အဆိုပြု


ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ဦးထင်ကျော်ကဝန်ကြီးသစ် ၂ ဦးနဲ့ စာရင်းစစ်ချုပ်၊ ရှေ့နေချုပ် အမည်စာရင်းတွေကို တင်သွင်း (ဓါတ်ပုံ- MOI)
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ဦးထင်ကျော်ကဝန်ကြီးသစ် ၂ ဦးနဲ့ စာရင်းစစ်ချုပ်၊ ရှေ့နေချုပ် အမည်စာရင်းတွေကို တင်သွင်း (ဓါတ်ပုံ- MOI)

ပြည်ထောင်စု အစိုးရ အဖွဲ့တွင်း အသစ်ခန့်အပ်မယ့် ဝန်ကြီးသစ် ၂ ဦးနဲ့ စာရင်းစစ်ချုပ်၊ ရှေ့နေချုပ် အမည်စာရင်းတွေကို သမ္မတ ဦးထင်ကျော်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အမည်စာရင်း တင်သွင်းပါတယ်။ အမည်စာရင်း တင်သွင်းခံရတဲ့ ပုဂ္ဂိုလ်တွေက အရင် အစိုးရဟောင်းမှာ အကြီးတန်း အရာရှိ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ကြတာကို ထောက်ပြပြီး လူဟောင်း မူဟောင်းနဲ့ အပြောင်းအလဲ မဖော်ဆောင်နိုင်မယ့် အရေး စိုးရိမ်မှုတွေ ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ ပညာရေး ဝန်ကြီးအဖြစ် ဒေါက်တာ မျိုးသိမ်းကြီး၊ နောက် လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးအဖြစ် ဦးဖေဇင်ထွန်းတို့ကို ခန့်အပ်ဖို့ သမ္မတ ဦးထင်ကျော်က လွှတ်တော်ကို အမည်စာရင်း တင်သွင်းလိုက်ပါတယ်။သမ္မတ ဦးထင်ကျော် တင်သွင်းတဲ့ အစိုးရ အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ၂ ဦးနဲ့ ရှေ့နေချုပ်တို့က အရင် အစိုးရရဲ့ အကြီးတန်း အရာရှိကြီးတွေ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က အခုလို တုံ့ပြန်ပါတယ်။

“အသေးစိတ် လေ့လာပြီးတော့ ကျနော်တို့ သမ္မတကရော ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော သူတို့ အသေးစိတ် လေ့လာပြီးတော့မှ စိစစ်ပြီးတော့မှ တင်တာဖြစ်တယ်လို့ အန်ကယ် ဦးဝင်းထိန် ကတော့ ခုနတုန်းက ပြောတယ်လေ။ ဒါကြောင့်မို့ အကောင်းဆုံးနဲ့ လက်ရှိ ရှိနေတဲ့ အခြေအနေနဲ့ အကိုက်ညီဆုံး လတ်တလော ရင်ဆိုင်ရမယ့် ဖြေရှင်းရမယ့် ဆောင်ရွက်ချက်တွေနဲ့ အကိုက်ညီဆုံး ဖြစ်အောင် စိစစ်ပြီးတော့ ရွေးချယ်သွားတယ်လို့ ကျနော်တို့ အဲလို သုံးသပ်လို့ရပါတယ် ခင်ဗျ။”

ပြည်ထောင်စု ရှေ့နေချုပ် အဖြစ် ဗိုလ်ချုပ်ဟောင်း၊ ဒုတိယ ရှေ့နေချုပ်ဟောင်း ဦးထွန်းထွန်းဦးနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းတို့ကို သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီး အဖြစ် အရင် အစိုးရ စွမ်းအင် ဝန်ကြီးဌာနရဲ့ မူဝါဒပိုင်းဆိုင်ရာ အကောင်အထည် ဖော်တဲ့ အကြီးတန်း အရာရှိဟောင်းတဦးကို ပြန်လည် ခန့်အပ်မယ့် အရေးကြောင့် မူဝါဒဟောင်း အတိုင်းဘဲ ဆက်လက် အကောင်အထည်ဖော်မယ့် အရေး စိုးရိမ်ချက်တွေ ရှိနေပါတယ်။ သဘာ၀ ပတ်ဝန်းကျင် အရေး လှုပ်ရှားသူ EcoDev အဖွဲ့က ဦးဝင်းမျိုးသူက အခုလို ပြောပါတယ်။

“အဲတော့ NLD မှာလည်း Policy သီးခြားရှိလားဆိုတာတော့ ကျနော်မပြောတက်ဘူး။ လျှပ်စစ်ရအောင် လုပ်မယ်ဆိုတာတော့ ရှိတာပေါ့ ။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ ဆောင်ရွက်မလဲဆိုတဲ့ “How” ဆိုတာတော့ သူတို့ရဲ့ ဒီ Manifestation ထဲမှာတော့ မတွေ့မိသလိုပဲပေါ့နော်။ အဲတော့ လက်ရှိ ဦးသိန်းစိန် မူဝါဒကိုပဲ ဆက်လက် အကောင်အထည်ဖော်မယ်။ လာတဲ့လူကလည်း အဲလူ မှန်ခဲ့ရင်တော့ အရင် လုပ်ထုံးလုပ်နည်း အဟောင်းနဲ့ သွားမယ်လို့ အဲလိုပဲ ခန့်မှန်းရတာပေါ့။”

လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးသစ် လက်ထက်မှာ အရင် အစိုးရဟောင်း လက်ထက်က ချမှတ်ထားတဲ့ ကျောက်မီးသွေး အသုံးပြု လျှပ်စစ် ထုတ်လုပ်မယ့် မူဝါဒကို ဆက်လက် အကောင်အထည်ဖော်လာမယ့် အနေအထားများ ရှိလာမလားဆိုတဲ့ အပေါ်မှာလည်း သဘာ၀ ပတ်ဝန်းကျင် အရေး ဆောင်ရွက်သူတွေကြားမှာ စိုးရိမ်ချက် ရှိနေတာပါ။ ဦးဝင်းမျိုးသူက အခုလို ဆက်ပြောပါတယ်။

“ဦးသိန်းစိန်မူဝါဒက Energy production ကို ကျနော်တို့ Coal Power ကို ကျနော်တို့ ဒီ ကျောက်မီးသွေးကနေပြီးတော့ ထုတ်လုပ်တဲ့ ပမာဏကို 20 Percent (၂၀ ရာခိုင်နှုန်း) လောက်ထိတင်ဖို့ ကြိုးစားနေတော့ ဒါမှမဟုတ်လည်း ဒီကောင်ကိုပဲ သွားတော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီးရင်တော့ တကမ္ဘာလုံးက အခုရေးဆွဲနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပေါ့နော် ကျနော်တို့ ဒီဟာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဖို့လိုတယ် ဘောင်ဝင်အောင်။ ကိုယ်က ကျောက်မီးသွေးကိုပဲ ရှို့ပြီးတော့ လျှပ်စစ်ဓါတ် ယူတော့မယ်ဆိုရင် အဲဒီကျောက်မီးသွေးရှို့တာကို ကမ္ဘာက လက်ခံအောင် လို့ အဲလိုမျိုး တရားဝင်လက်ခံအောင်လို့ အဲလိုပဲ လုပ်ကြတော့ပေါ့ဗျာ။”

ပညာရေး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရသူကလည်း ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင် ဆန္ဒပြခဲ့မှု အတွင်း ပညာရေး ဝန်ကြီးဌာနဘက်ကနေ ကျောင်းသားတွေနဲ့ တာဝန်ခံ ဆွေးနွေးခဲ့သူ တဦး ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဦးသုတက ပြောပါတယ်။

“ဒါအရင်သူက စနစ်ထဲမှာ လူကြီးတယောက်ဖြစ်ခဲ့ပြီးတော့ အရင်စနစ်တုန်းကတော့ သူသည် ကျောင်းသားအပေါ်မှာရော ဆရာ ၊ဆရာမတွေအပေါ်မှာရော တိုးတက်ရာ တိုးတက်ကြောင်း လုပ်နိုင်စွမ်း မရှိဘူးဆိုတာတော့ သိရတယ်။ ပြောလို့ရတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ NLD ကနေပြီးတော့ သူတို့ကို တာဝန်ယူ ခန့်လိုက်တဲ့အတွက် သူ ဘယ်လိုပြုပြင်ပြောင်းလဲရေးတွေ လုပ်မလဲဆိုတာတော့ ထူးထူးခြားခြားတော့ ကျနော်တို့သိပ်ပြီးတော့ မျှော်လင့်ထားခြင်းမရှိဘူးခင်ဗျ။”

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားတဲ့ ဝန်ကြီးဌာန လေးခုထဲက ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနတွေကို ခွဲဝေပေးဖို့ အတွက် သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု ဝန်ကြီး ၂ ဦး ထပ်မံ အဆိုပြုတာ ဖြစ်ပါတယ်။ အမည်စာရင်း တင်သွင်းခံထားတဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ရှေ့နေချုပ်နဲ့ စာရင်းစစ်ချုပ် တွေကိုတော့ အင်္ဂါနေ့မှာ လွှတ်တော်မှာ ကန့်ကွက်မယ့်သူ မရှိရင် အတည်ပြုနိုင်မှာ ဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့လောက်မှာ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တွေ အဖြစ် ကတိသစ္စာ ပြုနိုင်မှာ ဖြစ်တယ်လို့လည်း လွှတ်တော် အသိုင်းအဝိုင်းက ပြောဆိုပါတယ်။

XS
SM
MD
LG