သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အဓိကရုဏ်း လျော့ပါးဖွယ်မရှိ


အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ကြစဉ်။
အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ကြစဉ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူအများစုကို ဗလီကနေ ရှင်းထုတ်ပစ်လိုက်လို့ သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အပါအဝင် တဘက်နဲ့တဘက် တင်းတင်းမာမာနဲ့ ရှေ့တိုးနောက်ဆုတ် မရ ဖြစ်နေတဲ့ အခြေအနေ ပြီးဆုံးသွားခဲ့ပါတယ်။ ကိုင်ရိုမြို့တော်နဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေကနေ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အမျက်ဒေါသတွေ ခြုံလွှမ်းတဲ့နေ့ ဆိုတဲ့ သောကြာနေ့ နောက်ပိုင်းမှာ၊ အာဏာက ဖယ်ရှားခံ သမ္မတ မိုဟာမတ်မော်စီ (Mohamed Morsi) ကို ထောက်ခံသူတွေ ဝင်ရောက်ခိုလှုံနေတဲ့ al-Fatah ဗလီကို လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဗလီကို သေနတ်နဲ့ လှမ်းပစ်ခတ်နေတာတွေ၊ ဗလီထဲမှာ လူတွေ အကာအကွယ် ပြေးယူရင်း ဝရုန်းသုန်းကား ဖြစ်နေကြတာတွေကို ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့ရပါတယ်။ ဗလီမျှော်စင်ပေါ်ကနေ အနည်းဆုံး လူတဦးက ပြန်ပြီး ပစ်ခတ်နေတယ်လို့လည်း သတင်းရရှိပါတယ်။ ဒီအတောအတွင်းမှာပဲ ညမထွက်ရအမိန့်ကို အာခံတဲ့အနေနဲ့ ကိုင်ရိုမြို့တော် Alexandria မြို့နဲ့ တခြားမြို့ အများအပြားမှာ သမ္မတ မော်စီကို ထောက်ခံ သူတွေ စနေနေ့ကပဲ လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ကြွေးကြော်သံတွေဟစ်အော်၊ အလံတွေလွှင့်ထူပြီး သမ္မတ မော်စီ ရဲ့ ဓာတ်ပုံတွေ ကိုင်ဆောင်လာတာကို လည်း ရုပ်မြင်သံကြားသတင်းမှာ ကြည့်ရပါတယ်။ ရဲတပ်ဖွဲ့ဘက်ကရော အရပ်သားတွေဘက်ကပါ ဘယ်ဘက်ကမှာ လျှော့မယ့်ပုံမရှိဘူးလို့ ကိုင်ရိုမြို့တော်မှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။
XS
SM
MD
LG