သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြွင်းမဲ့အာဏာပိုင်ခွင့် ဥပဒေ အီဂျစ်သမ္မတ ဖျက်သိမ်း


အီဂျစ်သမ္မတ မိုဟာမတ် မော်စီ။ (ဒီဇင်ဘာလ ၆ ရက်၊ ၂၀၁၂)။
အီဂျစ်သမ္မတ မိုဟာမတ် မော်စီ။ (ဒီဇင်ဘာလ ၆ ရက်၊ ၂၀၁၂)။
အီဂျစ်နိုင်ငံမှာ အာဏာကို အကြွှင်းမဲ့နီးပါး ချုပ်ကိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ အမိန့်ဒီဂရီသစ်ကို သမ္မတ မိုဟာမက် မော်စီက ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ တင်းမာမှုတွေနဲ့ အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ဖြေလျော့သွားစေဖို့ လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အငြင်းပွားဖွယ်စရာ ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအသစ်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ စီစဉ်ထားတာကို စီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က စနေနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အခုလို အမိန့်ဒီဂရီ ပယ်ဖျက်လိုက်တဲ့အပေါ် အတိုက်အခံ အင်အားစုတွေဘက်က တစုံတရာ ထုတ်ဖော် ပြောဆိုမှုတော့ ထွက်မလာသေးသလို မြို့တော် ကိုင်ရိုမှာ ဆန္ဒပြနေကြတဲ့ အတိုက်အခံ အင်အားစုတွေအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိမလဲ ဆိုတာလည်း အတိအကျ မသိနိုင်သေးပါဘူး။

သမ္မတရဲ့ အမိန့်ဒီဂရီနဲ့ လူထုဆန္ဒခံယူပွဲတွေဟာ လွန်ခဲ့တဲ့ သီတင်းတပတ်လုံးလုံး သမ္မတ မော်စီကို ဆန့်ကျင်ဆန္ဒပြကြတဲ့ အဓိကအကြောင်း ၂ ရပ် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအသစ်ကို အတိုက်အခံ အင်အားစုတွေရဲ့ ပါဝင်ပတ်သက်မှုမပါဘဲ သမ္မတကို ထောက်ခံတဲ့ အစ္စလာမ်ဝါဒီတွေရဲ့ အားပေး ထောက်ခံမှုနဲ့ ရေးဆွဲခဲ့တာလို့ အတိုက်အခံ အင်အားစုတွေက ဝေဖန် ပြောဆိုနေကြတာပါ။

နိုဝင်ဘာ ၂၂ ရက်နေ့က ကြေငြာလိုက်တဲ့ အဲဒီ အမိန့်ဒီဂရီအသစ်ဟာ အရင် အီဂျစ်သမ္မတဟောင်း Hosni Mubarak လက်ထက်က အာဏာကို အကြွှင်းမဲ့ ချုပ်ကိုင်ခဲ့တဲ့နည်းအတိုင်း ချုပ်ကိုင်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အတိုက်အခံ ခေါင်းဆောင်တွေက ပြောပါတယ်။
XS
SM
MD
LG