သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ထောင်တွင်း အမေရိကန်နိုင်ငံသားတဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်


အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မှာ သီတင်း ၆ ပတ်ကြာထိန်းသိမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသားတယောက်ဟာ အချုပ်ခန်းထဲမှာ ကိုယ့်ကို ကိုယ် အဆုံးစီရင်လိုက်ပါတယ်။

အီဂျစ်လုံခြုံရေးတာဝန်ခံတွေက အဲဒီသေဆုံးသွားတဲ့သူအလောင်းကို တနင်္ဂနွေနေ့က တွေ့ရှိခဲ့ရပြီး သူဟာ အမေရိကန်နိုင်ငံသား ဖြစ်တယ်လို့ ပြောပါတယ်။ အီဂျစ်နိုင်ငံ၊ ဆိုင်းနိုင်းကျွန်းဆွယ် Suez တူးမြောင်းက Islamailia မြို့က အကျဉ်းထောင်မှာ ဆွဲကြိုးချ အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။

ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးကလည်း Islamailia မြို့ကထောင်မှာ အမေရိကန်နိုင်ငံသားတယောက် ကိုယ့်ကိုကိုယ် သေကြောင်းကြံ အဆုံး စီရင်တာနဲ့ပတ်သက်ပြီး အတည်ပြုပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဆက်သွယ်နေတယ်လို့လည်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သေဆုံးသူရဲ့အမည်ဟာ James Lunn လို့အတည်ပြုပါတယ်။ အီဂျစ်နိုင်ငံမှာ အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေကို နှိပ်ကွပ်တဲ့အနေနဲ့ ညမထွက်ရ Curfew အမိန့်ထုတ်ထားချိန် သြဂုတ်လ ၂၇ ရက်နေ့က James Lunn ကို Curfew အမိန့်ချိုးဖောက်မှုနဲ့ အီဂျစ်ရဲတွေက ဖမ်းဆီးခဲ့တာပါ။

အစိုးရရှေ့နေတွေက James Lunn ကို နောက်ထပ် ရက် ၃၀ တိုးပြီး ထိန်းသိမ်းဖို့ စနေနေ့ကဆုံးဖြတ်ခဲ့ပြီး နောက်တနေ့တနင်္ဂနွေနေ့မှာတော့ ဖိနပ်ကြိုးနဲ့ သူ့ရဲ့ ခါးပတ်ကိုအသုံးပြုပြီး ဆွဲကြိုးချ အဆုံးစီရင်လိုက်တာလို့ တာဝန်ရှိသူတွေကပြောပါတယ်။ အမေရိကန်ကောင်စစ်အရာရှိ တဦးဟာလည်း James Lunn ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ထောင်မှာသွားတွေ့ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
သူ့ကို Sheikh Zwayed မြို့မှာဖမ်းဆီးခဲ့စဉ် သူဟာ အမေရိကန်စစ်တပ်ကအငြိမ်းစားအရာရှိတယောက်ဖြစ်ကြောင်း ဂါဇာကိုသွားဖို့ခရီးထွက် လာတာလို့ အာဏာပိုင်တွေကိုဖြေရှင်းခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့လတုံးကလည်း ကိုင်ရိုမြို့မှာ ပြင်သစ်နိုင်ငံသားတယောက် Curfew ချိုးဖောက်မှုနဲ့ အဖမ်းခံရပြီး ထောင်ထဲမှာ တခြားအကျဉ်းသားတွေ က ဝိုင်းရိုက်လို့သေဆုံးခဲ့ရပါသေးတယ်။
XS
SM
MD
LG