သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတ အင်္ဂါနေ့ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆို


အီဂျစ်နိုင်ငံမှာ ဆန္ဒပြနေသူတွေက ကိုင်ရိုမြို့မှာရှိတဲ့ သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) ရဲ့ မူဆလင် ညီအကိုတော်များ ရုံးချုပ်ကို ဝင်ရောက် ဖျက်စီးခဲ့ကြပါတယ်။ ဆန္ဒပြသူတစ်စုက တနင်္လာနေ့မှာ ရုံးခန်းရဲ့ ပြတင်းတံခါးတွေကို ရိုက်ချိုး ဖျက်စီးပြီး အဆောက်အဦးထဲမှာရှိတဲ့ ပရိဘောဂတွေ၊ ဖိုင်တွဲတွေကို ယူသွားကြတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက ခဲတွေ၊ ပုလင်းတွေနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတဲ့အတွက် ဒီရုံးချုပ်မှာ ရှိတဲ့သူတွေကို အစောပိုင်းကတည်းက ဘေးကင်းရာ ရှောင်တိမ်း ခိုင်းထားပြီး ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အထဲမှာရှိတဲ့ မူဆလင် ညီအကိုတော်များ အဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သမ္မတ မော်စီ ရာထူးက ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြပွဲတွေ အီဂျစ်နိုင်ငံတဝှမ်း တနင်္ဂနွေနေ့က အရှိန်မြှင့် ဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ကိုင်ရိုမြို့လယ်က Tahrir ရင်ပြင်မှာ မနေ့ညက ဆက်လက် စုဝေးပြီး သူတို့အဆိုအရ အစိုးရကနေ နေရာတကာမှာ လက်ဝါးကြီးအုပ် ချယ်လှယ်လာတာနဲ့ ကျဆင်းနေတဲ့ စီးပွားရေး ပြန်ကောင်းအောင် လုပ်ဆောင်ပေးနိုင်စွမ်း မရှိတာတွေကြောင့် သမ္မတ မော်စီ ရာထူးက နှုတ်ထွက်ပေးဖို့ ဆက်လက် ဆန္ဒပြတောင်းဆိုနေကြတာတာပါ။

ဒါ့အပြင် အီဂျစ်နိုင်ငံမှာ ရာဇဝတ်မှုတွေ များပြားလာတာ၊ နိုင်ငံရေးနဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ တိုးများလာတဲ့အပေါ်မှာလည်း အများစုက မကျေမနပ် ဖြစ်နေကြတာပါ။
XS
SM
MD
LG